သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၅ ရွေးကောက်ပွဲ အရေးပါကြောင်း ဒေါ်စုပြောဆို


ရန်ကုန်၊ ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီ သီရိခန်းမမှာ ကျင်းပတဲ့ NLD ရဲ့ ပထမအကြိမ် ဗဟိုကော်မတီ စတုတ္ထ အစည်းအဝေး
ရန်ကုန်၊ ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီ သီရိခန်းမမှာ ကျင်းပတဲ့ NLD ရဲ့ ပထမအကြိမ် ဗဟိုကော်မတီ စတုတ္ထ အစည်းအဝေး

၂၀၁၅ ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအနေနဲ့ တကယ်ပဲ ဒီမိုကရေစီလမ်းကြောင်းကိုရောက်နေပြီလားဆိုတာ အဆုံးအဖြတ်ပေးမှာဖြစ်တယ်လို့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် ထိရောက်တဲ့တွေ့ဆုံဆွေးနွေးရေးကို ပျက်ပြားအောင်လမ်းလွဲှတဲ့ လုပ်ရပ်တွေကို NLD အနေနဲ့လက်ခံမှာမဟုတ်ဘူးလို့လည်း ဆိုပါတယ်။ စနေနေ့က ရန်ကုန်၊ ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီ သီရိခန်းမမှာ ကျင်းပတဲ့ NLD ရဲ့ ပထမအကြိမ် ဗဟိုကော်မတီ စတုတ္ထ အစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းပြောသွားတာပါ။ အကြောင်းစုံကိုမအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

၂၀၁၅ ခုနှစ်မှာကျင်းပမယ့် ရွေးကောက်ပွဲဟာ အပြောင်းအလဲပြုလုပ်နေတဲ့ မြန်မာနိုင်ငံမှာ အရေးကြီးတဲ့ရွေးကောက်ပွဲတခုဖြစ်သလို ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို မြန်မာနိုင်ငံ တကယ်ရောက်မရောက် ပြောနိုင်တဲ့ရွေးကောက်ပွဲဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က NLD ရဲ့ ပထမ အကြိမ် ဗဟိုကော်မတီ စတုတ္ထအစည်းအဝေးဖွင့်ပွဲနေ့မှာ အခုလို ပြောဆိုလိုက်ပါတယ်။

“ဒါဟာ ၂၀၁၀ ရွေးကောက်ပွဲပြီးတော့ ဒုတိယရွေးကောက်ပွဲဖြစ်ပါတယ်။ နောက်တကြိမ် ရွေးကောက်ပွဲမှာ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို မြန်မာနိုင်ငံကို သွားချင်ပါတယ်လို့ မြင်ကြပါတယ်။ ဒါပေမယ့် အပြောင်းအလဲတွေ လုပ်တဲ့အခါမှာ ပထမရွေးကောက်ပွဲထက် ဒုတိယရွေးကောက်ပွဲက ပိုပြီးတော့ အရေးကြီးပါတယ်ဆိုတာကို ဒီမိုကရေစီဘက်ကို ပြောင်းလဲခဲ့တဲ့နိုင်ငံများရဲ့ သမိုင်းစဉ်ကနေ ----။ အရေးကြီးတာက ရွေးကောက်ပွဲတခုအနေနဲ့တင် အရေးကြီးတာမဟုတ်ပါဘူး။ ကျမတို့နိုင်ငံဟာ တကယ်ပဲ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ရောက်နေပြီလားဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ အဆုံးအဖြတ်ပေးမယ့် ရွေးကောက်ပွဲမို့လို့ အရေးကြီးတာပါ။”

ဒါ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး မလုပ်ဆောင်နိုင်ဘူးဆိုရင် မြန်မာပြည်အနေနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်အံးမှာ မဟုတ်သေးဘူးလို့လည်း ဆိုပါတယ်။

“ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြောင်းလဲဘဲနဲ့ တကယ့်ကို စစ်မှန်တဲ့ ဒီမိုကရေစီ စံနှုန်း စံထားတွေနဲ့ကိုက်ညီအောင် မပြောင်းလဲဘဲနဲ့ ကျမတို့နိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းပေါ်ကိုတကယ်ပဲရောက်နေပြီလို့ ပြောလို့မရပါဘူး။ တချို့ကဆိုလို့ရှိရင် အခုအချိန်မှာ တကယ်အရေးကြီးတာက ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြောကြပါတယ်။ တကယ့်စစ်မှန်တဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုတာ စစ်မှန်တဲ့နိုင်ငံရေးကို အခြေခံရပါတယ်။ ဒါကြောင့်မို့လို့ နိုင်ငံရေးကိစ္စတွေကို လျစ်လျှူရှုပြီးတော့ ဖွံ့ဖြိုးရေးကိစ္စတွေကိုပဲ လုပ်မယ်ဆိုတာ လက်တွေ့မကျပါဘူးလို့ပဲ ပြောချင်ပါတယ်။”

မြန်မာပြည်အနာဂတ် ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ဖို့အတွက် တိုင်းရင်းသားတွေနဲ့ ပူးပေါင်းဆောင်ရွက်ရေးအရေးပါတဲ့အကြောင်းကိုလည်း ဒေါ်အောင်ဆန်းစုကြည်က သူရဲ့မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုသွားပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ တွေ့ဆုံဆွေးနွေးရေးအတွက် လေးပွင့်ဆိုင်ဆွေးနွေးပွဲလုပ်ဖို့ အစဉ်တစိုက်တောင်းဆိုနေတာဟာ ထိရောက်တဲ့တွေ့ဆုံဆွေးနွေးရေးရဖို့ဖြစ်ပြီး ဒါကိုပျက်ပြားအောင်လုပ်ဆောင်တာတွေကိုတော့ NLD က လက်ခံမှာမဟုတ်ဘူး လို့ ဆိုပါတယ်။

“ဘာဖြစ်လို့ လေးပွင့်ဆိုင်ကို တောင်းဆိုခဲ့သလဲဆိုတာက စတင်ပြီး ဆွေးနွေးတဲ့နေရာမှာ ထိရောက်ဖို့ လိုပါတယ်။ သိုသိပ်ဖို့လိုပါတယ်။ ပွင့်ပွင့်လင်းလင်းနဲ့ ညှိနှိုင်းတိုင်ပင်ဖို့လည်း လိုပါတယ်။ ကျမတို့က နောင်မှ အကျယ်အကျယ် ပိုပြီးတော့ လုပ်သွားချင်တောင်မှ အစမှာ ပွင့်ပွင့်လင်းလင်းနဲ့ ထိထိရောက်ရောက် မဆွေးနွေးနိုင်ဘူးဆိုရင် နောင်ဆက်ပြီးတော့ ဒီလို ဆွေးနွေးဖို့၊ ထိရောက်ဖို့ဆိုတာ မလွယ်ပါဘူး၊ သိပ်ပြီးတော့ ပါဝင်မယ့်သူများ များလို့ ရှိလု့ိရှိရင်၊ သဘောတရားတွေ သိပ်ပြီးတော့ များလို့ရှိရင်၊ ကွဲလွဲမှုတွေ သိပ်ပြီးတော့ များလို့ရှိရင် စပြီးတော့ နားလည်မှုယူဖို့ဟာ ခက်ခဲပါမယ်။ ဒါကြောင့်မို့လို့ ကျမတို့က လက်တွေ့ကျကျ ကြည့်ပြီးတော့ တောင်းဆိုတာ ဖြစ်ပါတယ်။ ကန့်သတ်ချင်လို့ မဟုတ်ပါဘူး၊ အများပါဝင်တာကို မလိုလားလို့မဟုတ်ပါဘူး။ လက်တွေ့ကျကျ ထိရောက်တဲ့ဆွေးနွေးပွဲတွေ ဖြစ်စေချင်လို့ ကျမတို့ လေးပွင့်ဆိုင်ဆိုတာကို တောင်းဆိုတာ ဖြစ်ပါတယ်။”

ဒါအပြင် လွှတ်တော်မှာ ခြောက်ပွင့်ဆိုင်ဆွေးနွေးဖို့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ဒါဟာ သဘောထားအရ မကွာတဲ့အတွက် NLD အနေနဲ့ထောက်ခံကြောင်း ပြောဆိုသွားပါတယ်။

ဒီဇင်ဘာလ ၁၃ ရက်နေ့က ၁၄ ရက်နေ့ထိကျင်းပနေတဲ့ NLD ဗဟိုကော်မတီအစည်းအဝေးကို တက်ရောက်လာတဲ့ တိုင်းရင်းသားဒေသတွေက NLD ကိုယ်စားလှယ်တွေတင်ပြတဲ့အချက်တွေနဲ့ပတ်သက်လို့ ဗဟိုကော်မတီဝင်တဦးဖြစ်တဲ့ ပြည်သူ့လွှတ်တော်အမတ် ကိုနိုင်ငံလင်းက ဗွီအိုအေကို အခုလိုပြောပါတယ်။

“တိုင်းရင်းသားဒေသတွေမှာတော့ NLD က အများကြီး အလုပ်လုပ်ရမယ့်ပုံစံ ဖြစ်နေပါတယ်။ တိုင်းနဲ့ပြည်နယ်တွေမှာရှိတဲ့ ဗဟိုကော်မတီဝင်တွေက နေပြီးတော့ ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ တင်ပြတာတွေ ရှိပါတယ်။ နောက်ပြီးတော့ အဓိက လယ်သိမ်းခံ ကိစ္စတွေပါတယ်။ နောက်ပြီးတော့ မှတ်ပုံတင်မရတဲ့ ကိစ္စတွေပါတယ်။ လုပ်ရမယ်-အဲဒါတွေကတော့။”

ဒီဗဟိုကော်မတီအစည်းအဝေးကို NLD နယက ဦးတင်ဦး၊ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဗဟိုအလုပ်အမှုဆောင် (၁၁၁) ဦးတက်ရောက်ခဲ့ပြီး ဒီကနေ့မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ဖို့ ရှိပါတယ်။

XS
SM
MD
LG