သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ UWSA နဲ့ တွေ့ဆုံ


UWSA ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ထိန်းချုပ်နယ်မြေတွင်းက ဝပြည်သူများကို တွေ့ရစဉ်။ (ဓါတ်ပုံ - AP Phto/Apichart Weerawong)
UWSA ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ထိန်းချုပ်နယ်မြေတွင်းက ဝပြည်သူများကို တွေ့ရစဉ်။ (ဓါတ်ပုံ - AP Phto/Apichart Weerawong)

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် အဖွဲ့ တဖွဲ့ဟာ တိုင်းရင်းသား လက်နက်ကိုင်တွေထဲက အင်အား အကြီးဆုံးဖြစ်တဲ့ (UWSA) ဝပြည် သွေးစည်းညီညွတ်ရေး အဖွဲ့ တာဝန်ရှိသူတွေကို ဝဒေသ ပန်ဆန်းမှာ သွားရောက် တွေ့ဆုံခဲ့ပြီး၊ ငြိမ်းချမ်းရေး အလားအလာတွေအပေါ် အချက်အလက် စုဆောင်းမှုတွေ လုပ်ခဲ့ကြပါတယ်။ ပြည်သူ့ လွှတ်တော် တိုင်းရင်းသားရေးရာနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီဝင် တဦးလည်းဖြစ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်သူ ဦးစိုးဌေးဦးဆောင်တဲ့ သုံးဦးပါ အဖွဲ့ သွားရောက်ခဲ့တာဖြစ်ပြီး၊ ဒါဟာ ငြိမ်းချမ်းရေး လုပ်ငန်းတွေအတွက် အခိုင်အမာ အချက်အလက်ရယူတဲ့ သဘောဖြစ်တယ်လို့ သိရပါတယ်။ ပန်ဆန်းကနေ မကြာခင်ကပဲ ပြန်ရောက်လာတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးဌေးကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။

ဦစိုးဌေး။ ။ကော်မတီရဲ့ လုပ်ငန်းတာဝန်တွေ တိတိကျကျဖြစ်လာအောင် ဆိုရင် အချက်အလက် ရှာဖွေတဲ့ အနေနဲ့ တွေ့သင့်တဲ့သူပေါ့။ ဒါက ကိုယ့်ဟာကိုယ် တာဝန်ယူပြီးတော့ ဆုံးဖြတ်တဲ့ သဘောပေါ့။ သမ္မတ ကြီးကလည်း အမျိုးသားရင်ကြားစေ့ရေးတို့၊ ပြည်သူ့ ငြိမ်းချမ်းရေးတို့၊ နောက်တခါ အတိုင်ပင်ခံ ပုဂ္ဂိုလ်ကလဲ ငြိမ်းချမ်းရေးတို့၊ အမျိုးသား ရင်ကြားစေ့ရေးတို့ ပြောသွားတော့ ကျွန်တော်တို့လည်း အောက်ခြေကနေ ဖော်ဆောင်ပေးတဲ့ သဘောပါပဲ။ အတိုင်ပင်ခံ ပုဂ္ဂိုလ် ကိုယ်တိုင်ကော၊ သမ္မတ ကြီးကော ကိုယ်တိုင်ဆွေးနွေးပြီးမှ၊ တပ်မတော်နဲ့လည်း အကျေအလည် ဆွေးနွေးပြီးမှ ဒါတွေ ချမှတ်မယ့် သဘောရှိပါတယ်။ ကျွန်တော်တို့ကလည်း ၂၁ ရာစု ပင်လုံ ညီလာခံ ဖြစ်လာအောင် ဒီတာဝန်ကို ထမ်းဆောင်တဲ့ သဘောပါပဲ။

ကိုသားညွန့်ဦး။ ။ဟုတ်ကဲ့။ အဲဒီတော့ လွှတ်တော်အနေနဲ့ သွားတဲ့ သဘောပေါ့။

ဦစိုးဌေး။ ။ဟုတ်ပါတယ်။

ကိုသားညွန့်ဦး။ ။သွားတဲ့ အခါမှာကော ဘယ်သူတွေနဲ့ တွေ့ဖြစ်ပါသလဲ ခင်ဗျ။

ဦးစိုးဌေး။ ။ဥက္ကဌ ဦးပေါက်ယူချန်းတို့ကတော့ ကျန်းမာရေးကြောင့် ဆေးရုံ တက်နေတယ်ပေါ့လေ။ သူနဲ့တော့ မတွေ့ဘူး။ နောက် ဒုဥက္ကဌ ဦး ဆောက်ယူလျန်၊ သူနဲ့တွေ့တယ်။ ပန်ဆန်းမှာရှိတဲ့ ပေါ်လစ်ဗျူရို အဖွဲ့ဝင်တွေ အားလုံး ခြောက်ယောက်လောက်နဲ့ တွေ့ပါတယ်။ ကျွန်တော်တို့ ရောက်တဲ့အချိန်မှာ လူကြီးတစ်ယောက်က ဆုံးသွားတယ်လေ။ နာရေးနဲ့ မအားလပ်တဲ့အခါကျတော့ ကျွန်တော်တို့က စောင့်နေတာပေါ့လေ။ အဲဒီမှာတော့ အများကြီးနဲ့ တွေ့ ရတာပေါ့။ သူတို့ က မိတ်ဆက်ပေးပါတယ်။

ကိုသားညွန့်ဦး။ ။ဦးစိုးဌေးတို့က ဘယ်နှစ်ရက်လောက်ကြာသွာလဲ ခင်ဗျ။

ဦးစိုးဌေး။ ။ကျွန်တော်တို့က ရောက်တာက ၂၅ရက်နေ့၊ ပြန်တာက ၂၉ ရက်နေ့ပေါ့။ ပါစပ်မြစ်ပေါ်လဲ ငြိမ်းချမ်းရေး ဥယျာဉ်တို့ ဘာတို့။ နယ်စပိတ်တို့ ကျွန်တေ်ာတို့ကို လိုက်ပြပါတယ်။ လူကြီးတွေရဲ့ သဘောထားကို သိအောင် လိုက်ပြတဲ့ သဘောပါ။ ဒီမှာကျွန်တော်တို့ လူကြီးတွေကို ပြန်ပြီးတော့ တင်ပြမှာပေါ့ဗျာ။

ကိုသားညွန့်ဦး။ ။ဦးစိုးဌေးတို့ တီးမီခေါက်မိသလောက် UWSA နဲ့ အစိုးရသစ်တို့ ဆက်ဆံရေး အလားအလာ ဘယ်လို ရှိနိုင်လဲ။ အလားအလာ ကောင်းပါသလား ခက်ခဲမယ့် သဘောရှိပါသလား။

ဦးစိုးဌေး။ ။သူတို့က ကြိုဆိုထောက်ခံတာကိုတော့ ရာနှုန်းပြည့်ပေါ့။ ဥက္ကဌ ဦးပေါက်ယူချန်းတို့ ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးအရ အတော်လေးကို လေးစားတယ်ဆိုတာ အရင်ကတည်းက သိရတယ် လေ။ပါတီနဲ့တင် မဟုတ်ဘူး။ တပ်မတော်နဲ့လည်း သူတို့က အဆင်ပြေအောင် ဆက်ဆံမယ့် သဘောရှိတာပေါ့။

ကိုသားညွန့်ဦး။ ။ဦးစိုးဌေးတို့ သွားတဲ့ အခါမှာကော တပ်မတော်နဲ့ကော ညှိနှိုင်းဆောင်ရွက်မှု ရှိပါသလားခင်ဗျ။

ဦးစိုးဌေး။ ။ကျွန်တော်တို့ကတော့ ပုဂ္ဂိုလ်ရေးအရ သွားတာ။ တာဝန် ကြီးကြီးမားမားနဲ့ သွားတာ မဟုတ်ဘူး။ ပါတီဝင် တစ်ဦးအနေနဲ့ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအနေနဲ့ သွားတာ။ တပ်မတော်က ခိုင်းလို့ သွားတာ မဟုတ်ဘူး ခင်ဗျ။

ကိုသားညွန့်ဦး။ ။ဟုတ်ကဲ့။ ဒါဆို NLD ရဲ့ သဘောထား၊ NLD ရဲ့ စေလွှတ်မှု မပါဘူးပေါ့။

ဦးစိုးဌေး။ ။တိုက်ရိုက်ကြီးတော့ မပါဘူးပေါ့ဗျာ။ ကျွန်တော်တို့က စတင်ပြီးတော့ ဆောင်ရွက်တာကိုး။ နောင် လုပ်ဖို့ကျတော့ စဉ်းစားမှာပေါ့။ ဒီတွေ့ရှိချက်အပေါ်မှာ မူတည်ပြီးတော့ လူကြီးတွေက စဉ်းစားနိုင်တာပေါ့။ ကျွန်တော်တို့က ကျွန်တော်တို့ တွေ့ရှိချက်၊ သုံးသပ်ချက်တွေ ကို ပြန်ပြီး သတင်းပို့မှာပေါ့။

ကိုသားညွန့်ဦး။ ။ဒေါ်အောင်ဆန်းစုကြည်က နှစ်လအတွင်းမှာ ငြိမ်းချမ်းရေး ညီလာခံ တစ်ရပ်ခေါ်ဖို့ ပြောသွားတာရှိပါတယ်။ ဒီအပေါ်မှာကော UWSA ရဲ့ တုန့်ပြန်မှုက ဘယ်လို ရှိပါသလဲ။

ဦးစိုးဌေး။ ။အခုက တရားဝင် ဖိတ်တာတော့ မဟုတ်သေးဘူး။ ကျွန်တော်တို့က ဒီဥစ္စာ အစီအစဉ်တော့ရှိတယ်။ ဒါလေးကို လူကြီးမင်းတို့ စဉ်းစားထားဖို့ တိုက်တွန်းပါတယ်ပေါ့။ ဒီလောက်ပဲ တိုတိုနဲ့ လိုရင်းလောက်ပဲ။ ပြည်ထောင်စုက မခွဲထွက်ဖူး ဒါက သူတို့က အရင်ကတည်းက ချမှတ်ပြီးသား။ ငြိမ်းချမ်းရေနဲ့ပဲ သူတို့ ရဲ့ လိုလားချက်တွေကို တောင်းဆိုသွားမယ်။ ငြိမ်းချမ်းရေးက သူတို့က ချစ်မြတ်နိုးပြီးသား။ ပြည်ထောင်စု အပေါ်မှာကော အစိုးရပေါ်မှာကော၊ လူထုက တခဲနက် ထောက်ခံလိုက်တဲ့ အစိုးရအပေါ်မှာ သူတို့လည်း လိုလို လားလား ထောက်ခံတယ်။ ကြိုဆိုတယ် ဆိုတာ မကြာခဏလည်း ပြောပါတယ်။

XS
SM
MD
LG