သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD ပါတီဝင် လျှောက်လွှာ စတင်လက်ခံ


NLD ပါတီဝင် လျှောက်လွှာ စတင်လက်ခံ
NLD ပါတီဝင် လျှောက်လွှာ စတင်လက်ခံ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ဒီကနေ့ တနင်္လာနေ့မှာ စတင်ပြီး ပါတီဝင်တွေ စတင် လက်ခံနေပါပြီ။ ပါတီဝင်အဟောင်းတွေလည်း ပြန်လည် လျှောက်ထားကြရမှာ ဖြစ်ပြီး ပါတီဝင် စိစစ်ရေး ကော်မတီကနေ စိစစ်လက်ခံသွားဖို့လည်း ရှိပါတယ်။ ပါတီဝင်အသစ်တွေ လက်ခံတဲ့ အနေအထားနဲ့ ပါတီရဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းတွေ ရွေးချယ်နေတဲ့ အခြေအနေကို မသိင်္ဂီထိုက်က ဆက်သွယ် စုံစမ်းထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ မှတ်ပုံတင် လျှောက်ထားတာကို ဇန်နဝါရီလ ၅ ရက်နေ့မှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က လက်ခံလိုက်ပြီးတဲ့နောက် NLD ပါတီက ပါတီဝင်အသစ် လျှောက်ထားမှုကို ဒီကနေ့ စတင် လက်ခံလိုက်ပါပြီ။ ပါတီဝင် လျှောက်လွှာတစ်စုံကို ကျပ် ၁၀၀ နှုန်းနဲ့ ဇန်နဝါရီလ ၉ နေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်နယ်နဲ့ တိုင်းတွေကို စပြီး ဖြန့်ဝေလိုက်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ပါတီက ထုတ်ပယ် ခံထားရသူတွေ အပါအဝင် ပါတီဝင်ဟောင်းတွေလည်း ပြန်လည် လျှောက်ထားကြရမှာ ဖြစ်တယ်လို့ ပါတီရဲ့ ပြောခွင့်ရ ဦးအုန်းကြိုင်က ပြောပါတယ်။

“အသစ်ရိုက်ပြီးသား ပါတီဝင် လျှောက်လွှာတစ်သိန်းကို ပြည်နယ်၊ တိုင်း အသီးသီးကို ကျနော်တို့ စပြီးတော့ ဖြန့်လိုက်ပါပြီ။ အကုန်လုံး ပါတီဝင်သစ်အဖြစ်နဲ့ လျှောက်ကြရပါတယ်။ ကျနော်တို့သည်ပင်လျှင် ဗဟိုအလုပ်အမှုဆောင် အဖွဲ့တွေရော၊ ဦးတင်ဦးတို့၊ ဒေါ်အောင်ဆန်းစုကြည် တို့အပါအဝင် အကုန်လုံးက ပြန်ပြီးတော့ လျှောက်လွှာတင်ကြရပါတယ်။ ကျနော်တို့မှာ ပါတီဝင် စိစစ်ရေးကော်မတီ ဆိုတာကို တာဝန်ပေးထားပြီး ဖြစ်ပါတယ်။ အဲဒီစာရင်းကိုတော့ နောက် ကျနော်တို့ အလျဉ်းသင့်တဲ့အခါ တာဝန်ပေးထားတဲ့ ကော်မတီဝင်စာရင်းကိုတော့ ထုတ်ပြီးတော့ ကြေညာပါ့မယ်။ အခုထိတော့ ဖွဲ့စည်းထားပါတယ်။ လက်ရှိ ပါတီဝင် စိစစ်တဲ့အဖွဲ့က ပါတီဝင် ဖြစ်သင့်မဖြစ်သင့် ဆိုတာကို သူက ဆုံးဖြတ်ပေးမှာ ဖြစ်ပါတယ်။”

၁၉၈၉-၁၉၉၀ ခုနှစ် မတိုင်ခင်ကတော့ NLD ပါတီက ပါတီဝင် သန်းနဲ့ချီရှိခဲ့ပြီး အဲဒီနောက်ပိုင်းမှာ ပါတီရုံးခွဲတွေကို စစ်အစိုးရက ချိတ်ပိတ်တာ၊ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျတာ စတဲ့ ပါတီမှာ အခက်အခဲတွေ ရှိခဲ့လို့ ပါတီဝင်အသစ် လက်ခံမှုလည်း မလုပ်ဆောင်နိုင်ခဲ့ဘူးလို့ ဦးအုန်းကြိုင်က ပြောပါတယ်။

မြန်မာအစိုးရက ပါတီ မှတ်ပုံတင်ဥပဒေကို ပြင်ဆင်လိုက်ပြီးနောက်မှာ NLD ပါတီက နိုင်ငံရေးပါတီအဖြစ် ပြန်လည် မှတ်ပုံတင်ပြီး လာမယ့် ဧပြီလမှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲတွေမှာ ပါဝင် ယှဉ်ပြိုင်ဖို့ ပါတီဝင်အသစ်တွေ စုဆောင်းတာအပြင် ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းတွေလည်း ပြည်နယ်နဲ့ တိုင်းအသီးသီးကနေ ရွေးချယ်နေတာ ဖြစ်ပါတယ်။

“တစ်မြို့နယ်ကို မြို့နယ်အောင်နိုင်ရေး ကော်မတီက တစ်ဦးပဲ ယာထားခွင့် ရှိပါတယ်။ အဲဒါကို ကျနော်တို့ တိုင်းနဲ့ဗဟိုကို တင်ပေးဖို့ ဖြစ်ပါတယ်။ တိုင်းအောင်နိုင်ရေး ကော်မတီ၊ ပြည်နယ်အောင်နိုင်ရေး ကော်မတီတွေကလည်း အဲဒီလို တစ်ဦးကို ရွေးချယ်ပိုင်ခွင့် ရှိပါတယ်။ ရလာတဲ့ အဲဒီစာရင်း နှစ်ခုစလုံးကို ပို့ဖို့ဖြစ်ပါတယ်။ ယာထားချက်ပါ ကိုယ်စားလှယ်လောင်းအဖြစ်နဲ့ ရွေးချယ်တာလို့ ပြောလို့မရပါဘူး။ ကိုယ်စားလှယ်လောင်း ဖြစ်သင့်တယ်လို့ သူတို့ယုံကြည်ပြီးတော့ ယာထားတဲ့စာရင်း ပို့ခိုင်းတာပါ။ အဲဒါတွေ ပို့တဲ့အခါကျတော့မှ ဗဟိုကလည်းပဲ ဗဟိုမှာ ရည်ရွယ်ထားတဲ့သူတွေ ရှိကောင်းရှိနိုင်ပါတယ်။ အဲဒီဟာတွေ သုံးဦးကို သေချာစဉ်းစားပြီးတော့ ဗဟိုကနေ သတ်မှတ်ပေးတဲ့ ကိုယ်စားလှယ်လောင်းဟာ နောက်ဆုံး အတည်ပါ။ အဲဒါက ဗဟိုကနေ ၁၆ ရက်နေ့မတိုင်ခင် အပြီးသတ်မှတ်ပေးမှာပါ။”

ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်ရာမှာ လစ်လပ်နေရာတွေအတွက် မြို့နယ်ပါတီ ရုံးတွေကနေ ပါတီရဲ့ သတ်မှတ်ချက်နဲ့ ကိုက်ညီသူတွေကို အမည်စာရင်း တင်သွင်းနိုင်သလို ပြည်နယ်နဲ့ တိုင်း NLD ပါတီရုံးခွဲတွေကလည်း အမည်စာရင်း တင်သွင်းကြရမှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းတွေကိုတော့ NLD ပါတီ ဗဟိုဌာနချုပ်ကနေ ဇန်နဝါရီလ ၁၆ ရက်နေ့ထက် နောက်မကျဘဲ ရွေးချယ်သွားမှာ ဖြစ်တယ်လို့ ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

XS
SM
MD
LG