သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD ကိုယ်စားလှယ် စွမ်းရည်မြှင့် သင်တန်း


NLD ကိုယ်စားလှယ် စွမ်းရည်မြှင့် သင်တန်း။ Photo Credit to NLD Ko Min Thu
NLD ကိုယ်စားလှယ် စွမ်းရည်မြှင့် သင်တန်း။ Photo Credit to NLD Ko Min Thu

၂၀၁၅ ရွေးကောက်ပွဲမှာအနိုင်ရတဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်တွေ နေပြည်တော်မှာ ၃ ရက်တာတက်နေ ရတဲ့ စွမ်းရည်မြှင့်တင်ရေး သင်တန်းဟာ သူတို့အတွက် အကျိုးရှိစေပြီး ပြည်သူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်း သွားနိုင်လိမ့်မယ်လို့ သင်တန်း တက်နေတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ က ပြောကြပါတယ်။ ၂၀၁၆ ဇန်နဝါရီလကုန်ပိုင်းမှာ စတင်မယ့် နောက်တကြိမ် လွှတ်တော်သက်တမ်း အသစ်မတိုင်ခင် NLD ပါတီက အခုလို သင်တန်း ပို့ချနေတာဖြစ်ပါတယ်။ ကိုဉာဏ်ဝင်းအောင်က ဆက်လက်တင်ပြပါမယ်။

၂၀၁၆ လွှတ်တော်သစ်ကို တက်ရောက်ကြမယ့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ လွှတ်တော် ကိုယ်စားလှယ်တွေထဲက ပထမဆုံးအသုတ်အဖြစ် ကချင်ပြည်နယ် ရှမ်းပြည်နယ်နဲ့ မန္တလေးတိုင်းက NLD လွှတ်တော် ကိုယ်စားလှယ်တွေကို စွမ်းရည်မြှင့်တင်ပေးဖို့ NLD ပါတီဗဟိုက နေပြည်တော်မှာ ရှိတဲ့ ရွှေစံအိမ်ဟိုတယ်မှာ သုံးရက်ကြာ သင်တန်းပေးနေတာဖြစ်ပါတယ်။

ဒီဇင်ဘာ ၁၆-၁၇-၁၈ သုံးရက်ကြာ ပို့ချတဲ့ သင်တန်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပို့ချချက်၊ နိုင်ငံတော်ဘတ်ဂျက် ရေးဆွဲရေးဆိုင်ရာ အကြောင်းတွေအပါအဝင် လွှတ်တော်တွင်းဆောင်ရွက်ရမယ့် ကိစ္စတွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ စည်းမျဉ်း စည်းကမ်း ၂၀၁၅ ရွေးကောက်ပွဲ ကြေညာစာတမ်း စတာတွေကို ဟောပြော ပို့ချတာဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေ ဘယ်လောက်သိရှိနားလည်ထားသလဲ ဆိုတာနဲ့ ပတ်သက်လို့ စာမေးပွဲသဘောမျိုး စစ်ဆေးဖြေဆိုခဲ့ကြရတာပါ။ NLD လွှတ်တော် ကိုယ်စားလှယ်များ စွမ်းရည်မြင့်သင်တန်းဟာ သူတို့အတွက် အကျိုးရှိပါတယ်လို့ ကချင်ပြည်နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့ ဦးဒါရှီလာဆိုင်းက ပြောပါတယ်။

"သင်တန်းကတော့ အားလုံး အကျိုးရှိတဲ့ ပို့ချမှု အစီအစဉ်တွေပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေကလည်း ကျနော်တို့အတွက်က အင်မတန်မှပဲ အကျိုးရှိတယ်လေ။ နောက် ကျနော်တို့ ပါတီ စည်းမျဉ်းစည်းကမ်းတွေ သင်ပေးတယ်။ နောက် ရွေးကောက်ပွဲ ကြေညာစာတမ်း၊ အဲ့တာလေးတွေကို သင်တယ်ဆိုတော့ အားလုံးကတော့ ကျနော်တို့အတွက်ကတော့ အများကြီး ဗဟုသုတနဲ့ အကျိုးရှိတဲ့ အကြောင်းအရာတွေပဲဖြစ်တယ်လေ။"

NLD ဗဟိုက အခုလို သင်တန်းပေးတယ် ဆိုပေမယ့် လွှတ်တော်တွင်း တာဝန် ထမ်းဆောင်ဖို့ ဆိုရင် ဒီထက် ပိုလေ့လာစရာတွေ ရှိနေသေးတယ်လို့ မန္တလေးတိုင်း ချမ်းအေးသာဇံမြို့နယ်မှာ အရွေးခံရတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးနိုင်က ဆိုပါတယ်။

" လွှတ်တော်ထဲမှာတော့ ကျနော်တို့က အများကြီး လေ့လာပြီးမှ ဝင်ရမယ်ထင်တယ်။ ကျနော်တို့ ဘာတွေ ဆက်ပြီးတော့ လေ့လာရဦးမယ်ဆိုတာကိုပဲ အစ တစ ဆွဲထုတ်တယ်လို့မြင်တယ်။ အဲ့ဒီ့အပေါ်မှာ ဆက်ပြီးတော့ ကျနော်တို့က ဆက်ပြီးတော့ လုပ်ရမှာပေါ့။ အဲ့တာတော့ ကိုယ့်ရဲ့လေ့လာမှု အပိုင်းပေါ့။ ပြောရရင်တော့ဗျာ အခု လာမယ့် လွှတ်တော်သက်တမ်းကတော့ အားလုံးကလည်း ပြည်သူလူထုကို ကိုယ်စားပြုတဲ့လူတွေဖြစ်ဖို့ ပြည်သူလူထုရဲ့ ဆန္ဒနဲ့ကိုက်ညီတဲ့ ဟာတွေပဲ ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ပါတယ်။"

လွှတ်တော်ထဲရောက်တဲ့အခါ NLD ရဲ့စွမ်းရည်မြှင့်သင်တန်းကရတဲ့ အသိပညာ ဗဟုသုတတွေ နဲ့ ဒေသခံ ပြည်သူတွေ အကျိုးကို ဆောင်ရွက် သွားမယ်လို့ ဦးဒါရှီလာဆိုင်းက ပြောပါတယ်။

" အဓိက တာဝန်ယူဖြေရှင်းရမယ့် အကြောင်းအရာကတော့ အလုပ်အကိုင် အခွင့်အလမ်းပိုင်းဆိုင်ရာနဲ့ ကျန်းမာရေး၊ ပညာရေး အဲ့တာပဲ အဓိကဖြစ်မယ်လို့ ကျနော်ထင်တာပေါ့။ ကျနော်တို့ရဲ့ ဒေသမှာ ကြုံတွေ့နေရတဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှုနဲ့ပတ်သက်တဲ့ အကြောင်းအရာက ပိုပြီးမှ အဓိကကျတာပေါ့။ ပညာရေးအခြေခံရှိမှသာလျင် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းတဲ့နေရာမှာ စနစ်တကျ ထိန်းသိမ်းနိုင်မယ့် နည်းလမ်းတွေ ကို ကျနော်တို့က လေ့လာ သင်ယူခွင့်ရမယ်။ ကျန်းမာရေး ကောင်းမွန်မှသာလျှင် ကျနော်တို့ရဲ့ ဖော်ဆောင်ချင်တဲ့ လုပ်ငန်းတွေကို ကျနော်တို့က လုပ်ကိုင်ဆောင်ရွက်နိုင်မှာဖြစ်တဲ့အတွက် ကျန်းမာရေးကလည်း အဓိက ဖြေရှင်းပေးရမယ့် ကဏ္ဍတွေမှာ ထည့်တဲ့သဘောပေါ့။"

ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ NLD ပါတီထဲက တိုင်းရင်းသား ကိုယ်စားလှယ်တွေ အတွက် လာမယ့် ဇန်နဝါရီလ(၁၅)ရက်နေ့လောက်မှာ ဖယ်ဒရယ်ပြည်ထောင်စုနဲ့ သက်ဆိုင်တဲ့ သင်တန်းတွေ ပို့ချသွားမှာဖြစ်ပါတယ်။ အဲဒီသင်တန်းဟာလဲ သူတို့တိုင်းရင်းသား ကိုယ်စားလှယ်တွေ အတွက် အကျိုးရှိစေမယ်လို့ ကချင်တိုင်းရင်းသား တဦးဖြစ်တဲ့ ဦးဒါရှီလာဆိုင်းက ပြောပါတယ်။

"ပင်လုံကနေပြီးတော့မှ ပြည်ထောင်စု မြန်မာနိုင်ငံတော် ဆိုတာ ဖြစ်လာ တာလေ။ ပြည်ထောင်စုနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေဆိုရင် ဥပဒေပိုင်းဆိုင်ရာ တွေကို ကျနော်တို့က သေသေချာချာ ကြိုတင်ပြင်ဆင်မှု ရှိဖို့အတွက်ကို လွှတ်တော် ကိုယ်စားလှယ်တွေမှာ တာဝန်ရှိတဲ့အတွက်ကြောင့်မို့လို့ ပါတီကနေမှ ဒါ စနစ်တကျ သင်ကြားပို့ချတဲ့သင်တန်းတွေကို လုပ်ဆောင်ဖို့ရည်ရွယ်တယ်လို့ပြောတယ်။"

နေပြည်တော် ရွှေစံအိမ် ဟိုတယ်မှာ သုံးရက်ကြာ ပို့ချနေတဲ့ သင်တန်းမှာ ရှေ့နေ ဦးကိုနီက ဖွဲ့စည်းပုံဥပဒေနဲ့ ပတ်သက်လို့ ပို့ချပြီး၊ ဘတ်ဂျက် ရေးဆွဲရေးဆိုင်ရာ အကြောင်းတွေကို ဒေါက်တာကျော်ဝင်းနဲ့ ဦးမြင့်သောင်းတို့က ပို့ချတာဖြစ်သလို၊ အဖွဲ့ချုပ်ရဲ့မူဝါဒ စည်းမျဉ်းစည်းကမ်းနဲ့ ပတ်သက်လို့ ဦးအောင်ကြည်ညွန့်က ပို့ချခဲ့တာပါ။ ဒီဇင်ဘာ ၁၆ ကနေ ၁၈ ရက်ထိ သုံးရက်ကြာသင်တန်းကို ကချင်၊ ရှမ်းနဲ့ မန္တလေးတိုင်း တွေက NLD လွှတ်တော်ကိုယ်စားလှယ် ၁၆၉ ဦး တက်ရောက်နေကြတာဖြစ်ပါတယ်။

XS
SM
MD
LG