သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခမောက်ကိစ္စ ရွေးကောက်ပွဲ ကော်မရှင်ထံ NLD တိုင်ကြား


အငြင်းပွားစရာဖြစ်နေသည့် NDF ပါတီ အမှတ်တံဆိပ်။
အငြင်းပွားစရာဖြစ်နေသည့် NDF ပါတီ အမှတ်တံဆိပ်။

ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်နေတဲ့ အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီက ခမောက်ပုံတံဆိပ်ကို ပါတီ အမှတ်တံဆိပ်အဖြစ် အသုံးပြုခွင့် ရွေးကောက်ပွဲ ကော်မရှင်ထံမှာ တင်ပြထားတာကို NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က တရားဝင် ကန့်ကွက်လိုက်ပါတယ်။ NLD နဲ့ ခမောက်ကို နှစ်ပေါင်းများစွာ တွဲပြီး သိလာကြတာဖြစ်လို့ ပြည်သူတွေ ထင်ယောင်ထင်မှား ဖြစ်နိုင်တဲ့အတွက် ကန့်ကွက်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်မှာ တရားဝင် စာတင်လိုက်တာ ဖြစ်ပါတယ်။ NDF ပါတီကတော့ ခမောက်တံဆိပ်ဟာ ပြည်သူအများကို ကိုယ်စားပြုတဲ့အတွက် ခမောက်တံဆိပ်ကို အသုံးပြုတာလို့ ပြောပါတယ်။ အခုလို ခမောက်ပုံတံဆိပ်နဲ့ ပတ်သက်ပြီး အငြင်းပွားနေတဲ့ နောက်ဆုံး အခြေအနေကို မသင်းသီရိက တင်ပြပေးထားပါတယ်။

NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဦးဆောင်အဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ ဒေါ်မေဝင်းမြင့်နဲ့ ဒေါ်ခင်ဌေးကြွယ်တို့ နှစ်ယောက်ဟာ NLD ပါတီရဲ့ကိုယ်စား ကန့်ကွက်စာကို ဒီနေ့ နေပြည်တော်က ရွေးကောက်ပွဲ ကော်မရှင်ရုံးမှာ တင်သွင်းခဲ့တယ်လို့ NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ဒီနေ့မနက် သူတို့ဆီက ဖုန်းရတာကတော့ ဒီနေ့မနက်ပိုင်းမှာ ဦးစီးအရာရှိက ကန့်ကွက်ချက် တင်တာကို လက်ခံ ရယူထားပါတယ်။ ကျနော်တို့ အခု ကန့်ကွက်ချက် တင်တဲ့နေရာမှာ ဒီခမောက်က NLD ရဲ့ မူပိုင်လို့ ကျနော်တို့ မပြောပါဘူး။ ကျနော်တို့ ပြောတာက NLD နဲ့ ခမောက်ဟာ ခွဲခြားလို့ မရလောက်အောင်ကို ရှိခဲ့တယ်။ ဒီလို အထောက်အထားတွေကို ကျနော်တို့ တင်ပါတယ်။

“နောက် ဒီခမောက်နဲ့ NLD ရဲ့ခမောက်နဲ့ ဆင်တူယိုးမှားလုပ်တာဟာ ဥပဒေအရ အတုပြုလုပ်မှု ဖြစ်ပါတယ်။ ဒါကြောင့် ကန့်ကွက်တာလို့ ကျနော်တို့ အဲဒီလို ဖော်ပြထားပါတယ်။ ကျနော်တို့ ပြောချင်တာကတော့ အဖွဲ့ချုပ်နဲ့ ဆင်တူရိုးမှား၊ အဖွဲ့ချုပ်ယောင်ယောင် သဘောမျိုးတွေတော့ မလုပ်သင့်ဘူးလို့လည်း ထင်ပါတယ်။ ဒီလို ပြည်သူလူထုကို ထင်ယောင်ထင်မှား ဖြစ်စေမယ့် ဟာမျိုးကို ရှောင်ကျဉ်သင့်တယ်လို့လည်း ထင်ပါတယ်။”

အခု NLD ပါတီက ကန့်ကွက်သလိုမျိုး တခြား မြို့နယ် အဖွဲ့ဝင်တွေကလည်း သူတို့သဘောနဲ့ သူတို့ လက်မှတ်ရေးထိုး ကောက်ခံပြီး ကန့်ကွက်လွှာပို့ဖို့ စီစဉ်နေကြတာ ရှိတယ်လို့လည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။ ဒီနေ့ဆိုရင် မကွေးတိုင်း အတွင်းက စုပေါင်း လက်မှတ်ရေးထိုးထားတဲ့ ကန့်ကွက်လွှာကို ကော်မရှင်ရုံးမှာ တင်သွင်းခဲ့တာ ရှိတယ်လို့လည်း ပြောပါတယ်။

“မကွေးတိုင်းက ကိုနေမျိုးကျော်ကလည်း မကွေးတိုင်းထဲက လက်မှတ်တွေ ရယူပြီးတော့ ကန့်ကွက်စာကို သူကိုယ်တိုင် လာတင်ပါတယ်လို့ အဲဒီလို သိရပါတယ်။”

NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

အခုလို NLD ပါတီက ကန့်ကွက်ပေမဲ့ အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီကတော့ NLD ပါတီနဲ့ ထင်ယောင်ထင်မှား ဖြစ်စေတယ်၊ တုပမှုတွေ ဖြစ်နေတယ်ဆိုတဲ့ ပြောဆိုချက်တွေ အပေါ်မှာ ငြင်းဆိုပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲ ဝင်ကြမယ့် နိုင်ငံရေးပါတီတွေရဲ့ အမှတ်တံဆိပ်တွေ ကြားမှာ ခမောက်ပုံတံဆိပ် မပါသေးသလို ခမောက်တံဆိပ်ဟာ တခြားတံဆိပ်တွေထက်စာရင် ထင်သာမြင်သာ ရှိတာမို့ အခုလို ရွေးချယ်တာ ဖြစ်တယ်လို့ NDF ပါတီရဲ့ တာဝန်ရှိသူ ဦးခင်မောင်ဆွေက ပြောပါတယ်။

“NLD ပိုင်တဲ့ ခမောက်ဆိုရင် အန်ကယ်တို့ကိုယ်တိုင် NLD အဟောင်းတွေပဲလေ။ အန်ကယ်တို့မှာရော သုံးခွင့် မရှိဘူးလား။ အန်ကယ်တို့ကတော့ ခမောက်ဆိုတာဟာ တခြား တင်ပြီးသား ပါတီတွေရဲ့ မှတ်ပုံတင် တံဆိပ်တွေနဲ့ လုံး၀ ကွဲပြားတဲ့အတွက်ကြောင့် ခမောက်ဟာ ထင်သာမြင်သာရှိတယ်၊ ရွေးကောက်ပွဲ ကာလကြရင် ပြည်သူတွေဟာ ခမောက်နဲ့ အခြားအခြားသော တံဆိပ်တွေနဲ့ ယှဉ်ရင် ခမောက်က တသီးတသန့် ဖြစ်နေတဲ့ အတွက်ကြောင့် ပြည်သူတွေ ရှင်းရှင်းလင်းလင်း သိနိုင်အောင်၊ ပြီးတော့ မြန်မာနိုင်ငံ လူများစုကြီးကို ကိုယ်စားပြုတဲ့ ခမောက်မို့လို့ အန်ကယ်တို့ ခမောက်ကို ရွေးခြင်းဖြစ်ပါတယ်။ NLD ကို တုပခြင်း မဟုတ်သလို NLD ကို အရိပ်ခိုခြင်းလည်း မဟုတ်ပါဘူး။ NLD အရှိန်အဝါကို ဆွဲငင် သုံးစွဲခြင်းလည်း မဟုတ်ဘူးဆိုတာ NDF အဖွဲ့ဝင်တွေ အားလုံးက သဘောပေါက်ပါတယ်။”

NDF ပါတီ တာဝန်ရှိသူ ဦးခင်မောင်ဆွေ ပြောပြခဲ့တာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားတဲ့ ဥပဒေအရ ကန့်ကွက်လွှာကို ၇ ရက်အတွင်း တင်သွင်းရမှာမို့ ရန်ကုန်တိုင်း အပါအဝင် ပဲခူးတိုင်း အနောက်ဘက်ခြမ်းက မြို့နယ် တော်တော်များများကလည်း အချိန်မီ ကန့်ကွက်စာ တင်သွင်းဖို့ စီစဉ်နေတယ်လို့ ဇီးကုန်းမြို့က NLD အဖွဲ့ဝင် ဒေါ်ခင်ဝိုင်းက ပြောပါတယ်။

“သာယာဝတီ၊ လက်ပံတန်း၊ ကြို့ပင်ကောက်၊ ဇီးကုန်း၊ နတ်တလင်း၊ ပြည်ဘက်ခြမ်းကလည်း ပါမှာပါ၊ ဒါ ပဲခူးတိုင်း အနောက်ခြမ်းကပေါ့၊ ၂ ခရိုင်က သာယာဝတီခရိုင်ကပေါ့။ မဲပေးထားတဲ့ ပြည်သူလူထုကလည်း ဒါကို လက်မခံကြဘူး။ ပြည်သူတွေကြားမှာ ပြောနေကြတာပေါ့။ ဒါကြောင့် အချိန်က မရလို့ အန်တီတို့က အမြန်ဆုံး ပို့ချင်တာပါ။”

ဒါ့အပြင် NLD ပါတီဝင် မဟုတ်ပေမဲ့ ခမောက်နဲ့စု အမှတ်တံဆိပ်က ခွဲမရအောင် အများရင်ထဲ စွဲပြီးသားမို့ ကြို့ပင်ကောက်မြို့က တောင်သူဦးကြီးတွေကလည်း ဒီကန့်ကွက်လွှာကို ပေးဖို့ စီစဉ်နေပါတယ်လို့ ကြို့ပင်ကောက်မြို့ခံ ဦးမိုးဆေးက ပြောပါတယ်။

“ဦးတို့ တောသူတောင်သား တောင်သူလယ်သမားတွေကြတော့ ဒီမိုကရေစီတို့ NLD တို့ကို သိပ်နားမလည်ဘူး။ ခမောက်ဆိုရင် သူက ပြီးရောလေ။ ခမောက်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်သူထဲမှာထားတဲ့ ရင်ထဲက အသည်းနှလုံးပဲလေ။ တောင်သူလယ်သမားနဲ့ ရပ်သူရွာသားတွေနဲ့ ရဟန်းသံဃာတွေနဲ့ ပေါင်းပြီးတော့ တင်ဖို့ စီစဉ်နေပါတယ်။”

ကြို့ပင်ကောက်မြို့ခံ ပြောပြခဲ့တာ ဖြစ်ပါတယ်။

အခု ပါတီအမှတ်တံဆိပ် ရွေးချယ် အသုံးပြုမှုနဲ့ ပတ်သက်ပြီး အငြင်းပွားတာကတော့ ပထမဦးဆုံးအကြိမ် မဟုတ်ပါဘူး။ ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) က ခွပ်ဒေါင်းကို သူတို့ရဲ့ ပါတီအလံမှာ အသုံးပြုဖို့ တောင်းခံတဲ့ အပေါ်မှာ ဝိုင်းဝန်း ကန့်ကွက်ခဲ့တာမျိုးလည်း ဖြစ်ခဲ့ဖူးပါတယ်။ အဲဒီတုန်းကတော့ ရွေးကောက်ပွဲ ကော်မရှင်က ပြန်ပြောင်းဖို့ ပြောလာတဲ့အတွက် သက်ဆိုင်ရာ ပါတီက သူတို့ရဲ့အလံကို ပြောင်းလဲပေးခဲ့ရတာမျိုးလည်း ရှိပါတယ်။

XS
SM
MD
LG