သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခမောက်ကိစ္စ NLD ကန့်ကွက်မည်


အငြင်းပွားစရာဖြစ်နေသည့် NDF ပါတီ အမှတ်တံဆိပ်။
အငြင်းပွားစရာဖြစ်နေသည့် NDF ပါတီ အမှတ်တံဆိပ်။

အငြင်းပွားစရာ ဖြစ်နေတဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီရဲ့ ခမောက်ပုံ အမှတ်တံဆိပ်ကို ကန့်ကွက်ဖို့ NLD ပါတီက ဆုံးဖြတ်လိုက်ပါပြီ။ အမြန်ဆုံး ကန့်ကွက်သွားဖို့ အထောက်အထားတွေနဲ့တကွ ပြင်ဆင်နေကြပါတယ်။ NDF ပါတီကတော့ ခမောက်ဟာ NLD ရဲ့ မူပိုင်မဟုတ်ဘူး၊ သူတို့ကလည်း NLD ပါတီကို တုပတာ မဟုတ်ဘူးလို့ ဆိုနေပါတယ်။ အခြေအနေတွေကို စုံစမ်းထားတဲ့ ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။

အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီက ခမောက်ပုံကို ပါတီရဲ့ အမှတ်တံဆိပ်အဖြစ် ရွေးချယ်ခဲ့တာဟာ NLD ကို တုပတာ မဟုတ်ဘူးလို့ ဆိုနေပေမဲ့ NLD ဘက်ကတော့ လုံး၀ လက်မခံပါဘူး။ ဒါဟာ အတုအပ ပြုလုပ်ခြင်း ဖြစ်တယ်ဆိုတဲ့ အချက်ကို ဥပဒေမှာ ဖော်ပြထားတာတွေနဲ့တကွ ရွေးကောက်ပွဲ ကော်မရှင်ကို တင်ပြပြီး ကန့်ကွက်သွားဖို့ ပြင်ဆင်နေကြပါပြီ။

“သူတို့လုပ်တဲ့ အခုတံဆိပ်က ဒါက တုပတာ။ အတုအပဆိုတာ ဥပဒေမှာ ဘယ်လိုရှိတယ် ဆိုတာကိုလည်း ကျနော်တို့ ဖော်ပြတယ်။ ဥပဒေမှာက ပုံစံတခုကို တုတယ်ဆိုတာ အားလုံးတူညီဖို့ မလိုဘူး၊ ထင်ယောင်ထင်မှား ဖြစ်ရင်ကို တုတာပဲလို့ အဲဒီလိုပြောတယ်။ ကျနော်တို့ ဟိုတုန်းက သုံးခဲ့တဲ့ အလံတွေရဲ့ မိတ္တူတွေပါ ဆွဲပြီးတော့ ကျနော်တို့ သုံးခဲ့တဲ့ မူရင်း စာရွက်စာတမ်းတွေကို တွဲတင်ပေးမယ်။”

NLD ပါတီက ပြောရေးဆိုခွင့်ရှိသူ ရှေ့နေကြီး ဦးဉာဏ်ဝင်း ရှင်းပြခဲ့တာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်က ခိုင်လုံတဲ့ အထောက်အထားနဲ့ လာပြီး ကန့်ကွက်ရမယ်ဆိုလို့ သူတို့လည်း အထောက်အထားတွေ စုဆောင်းပြီး အမြန်ဆုံး ကန့်ကွက်ဖို့ လုပ်နေတဲ့ အကြောင်းကိုလည်း ဦးဉာဏ်ဝင်းက ဆက်ရှင်းပြပါတယ်။

“ကျနော် အခု စာရိုက်နေတယ်။ စာရိုက်ပြီးရင် ကျနော်တို့ဆီက ကိုယ်တိုင်သွားရောက်ပြီး တင်ပါ့မယ်၊ နေပြည်တော်ကို။ လာရောက် ကန့်ကွက်နိုင်သည်လို့ စကားလုံး သုံးထားတော့ ကျနော်တို့ ပိုသေချာအောင် ၂ ယောက်၊ ၃ ယောက် သွားပြီးတော့ တင်ပါ့မယ်။”

NDF ပါတီက ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးခင်မောင်ဆွေကတော့ သူတို့ရွေးချယ်ထားတဲ့ ခမောက်ဟာ NLD ရဲ့တံဆိပ် မဟုတ်ပါဘူးလို့ ပြောပါတယ်။

“ဒါ NLD တံဆိပ် မဟုတ်ပါဘူး။ မြန်မာနိုင်ငံ ပြည်သူအများစုက ကျေးလက်နေ ပြည်သူတွေ ဖြစ်တာကိုး။ လူများစုကို သက်ရောက်စေတဲ့ ခမောက်ကို သုံးခြင်းဖြစ်ပါတယ်။ အပေါ်က ကြယ်နှစ်ထပ်ကတော့ လွတ်လပ်ရေးနဲ့ ဒီမိုကရေစီရေးအတွက် ရည်ညွှန်းတာ ဖြစ်ပါတယ်။”

ခမောက်က သူတို့ပါတီအတွက် ပိုပြီးတော့ အသုံးတည့်မယ်လို့လည်း NDF ပါတီက ယူဆထားတဲ့အကြောင်း ဆက်ပြောပါတယ်။

“ရှေ့မှာ မှတ်ပုံတင်သွားတဲ့ ပါတီတွေရဲ့ တံဆိပ်တွေက လူထုလက်ထဲမှာ ဆောင်တဲ့ဟာတွေနဲ့ ယှဉ်လိုက်မယ်ဆိုရင် ထင်သာမြင်သာဖြစ်တဲ့ ခမောက်ကသာလျှင် ကျနော်တို့အတွက် ပိုပြီးတော့ အသုံးတည့်မယ်လို့ ယူဆလို့ ရွှေရောင်ခမောက်ကို သုံးတာ ဖြစ်ပါတယ်။ NLD နဲ့ မဆိုင်ပါဘူးခင်ဗျာ။ NLD တုန်းက ခမောက်က ရွေးကောက်ပွဲ သင်္ကေတ ဖြစ်တယ်။ ကျနော်တို့ အခုသုံးတာက ရွေးကောက်ပွဲ သင်္ကေတ မဟုတ်ဘဲနဲ့ ပါတီရဲ့ တံဆိပ်သာလျှင် ဖြစ်ပါတယ်။ ကွဲပါတယ်ခင်ဗျ။”

အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးခင်မောင်ဆွေ ပြောပြသွားတာ ဖြစ်ပါတယ်။

ဦးခင်မောင်ဆွေဟာ အရင်တုန်းက NLD ပါတီရဲ့ ထိပ်တန်းခေါင်းဆောင်တဦး ဖြစ်ခဲ့သလို နှစ်ရှည် နိုင်ငံရေး အကျဉ်းသားဟောင်း တဦးလည်း ဖြစ်ခဲ့ပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်က ဇွန်လ ၃၀ ရက်နေ့ မနေ့တုန်းကပဲ ဦးခင်မောင်ဆွေတို့ NDF ပါတီရဲ့ အလံနဲ့ အမှတ်တံဆိပ်တွေကို စစ်အစိုးရပိုင် သတင်းစာကနေ ကြေညာခဲ့တာပါ။ ၇ ရက်အတွင်းမှာ လာပြီး ကန့်ကွက်နိုင်တယ်လို့ ဆိုထားတာကြောင့် NLD ဘက်က အချိန်မီ သွားပြီး ကန့်ကွက်ဖို့ ပြင်ဆင်နေပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG