သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD နဲ့ NDF ခေါင်းဆောင်တွေ တွေ့ဆုံ


NLD နဲ့ NDF ခေါင်းဆောင်တွေ တွေ့ဆုံ
NLD နဲ့ NDF ခေါင်းဆောင်တွေ တွေ့ဆုံ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီ ခေါင်းဆောင် ၂ ဦးနဲ့ ဒီကနေ့ တွေ့ဆုံခဲ့ပါတယ်။ NDF ပါတီနဲ့ ပတ်သက်တာတွေကို ဒေါ်အောင်ဆန်းစုကြည်က စိတ်ဝင်တစား မေးမြန်းခဲ့တယ်လို့ တွေ့ဆုံပွဲမှာ ပါဝင်ခဲ့တဲ့ NDF ခေါင်းဆောင်တဦးက ဗွီအိုအေကို ပြောပါတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ စုံစမ်းထားတဲ့ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ NLD ကနေ ခွဲထွက်သွားတဲ့ NDF ပါတီ ခေါင်းဆောင် ၂ ယောက်နဲ့ NLD ဒုတိယဥက္ကဋ္ဌ ဦးတင်ဦး နေအိမ်မှာ မတ်လ ၁၇ ရက် ညနေပိုင်းက တွေ့ဆုံခဲ့တာပါ။ ဦးတင်ဦးနေအိမ်မှာ ဖြစ်ပေမဲ့ တွေ့ဆုံပွဲမှာ ဦးတင်ဦး မပါဘဲ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဦးဝင်းထိန် ပါဝင်ခဲ့ပြီး NDF ပါတီဘက်က ဦးခင်မောင်ဆွေနဲ့ ဒေါက်တာသန်းငြိမ်းတို့ ပါဝင်ခဲ့ပါတယ်။

ဒီတွေ့ဆုံပွဲကို အစည်းအဝေးလို့ ခေါင်းစဉ်မတပ်ဘဲ သာမန်တွေ့ဆုံပွဲ အဖြစ်ပဲ ဦးခင်မောင်ဆွေက ပြောခဲ့ပါတယ်။

“ကျနော်တို့ NLD တုန်းက ဖြစ်ပျက်ခဲ့တဲ့ဟာတွေကို ရှင်းပြတာရယ်၊ ကျနော်တို့ပါတီ NDF ရဲ့ အကြောင်းအရာတွေ သူသိချင်တာတွေ မေးတာ ဖြေရပါတယ်။ ပြီးတော့ လွှတ်တော်ထဲမှာ ကျနော်တို့ NDF ရဲ့ လုပ်နိုင်ကိုင်နိုင်ချေတွေ ဘယ်လောက်ရှိလဲ ဆိုတာကို မေးတာလည်း ဖြေရပါတယ်။ အဲဒီလောက်ပါပဲဗျ။ ကျန်တာကတော့ အလာပ သလာပ ရှေးဟောင်းနှောင်းဖြစ်တွေရော၊ ဒီလောက်ပါပဲ။”

NDF ခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အခုတကြိမ် တွေ့ဆုံတာဟာ ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်တုန်းကတော့ နိုင်ငံရေးကိစ္စတွေ၊ ပါတီကိစ္စတွေ ဘာမှမပါဘဲ သာမန် လူမှုရေး ကိစ္စတွေပဲ ပြောဆိုခဲ့ကြတယ်လို့ ပြောခဲ့ဖူးပါတယ်။ အခုတကြိမ်မှာ ဒေါ်အောင်ဆန်းစုကြည်က NDF ပါတီနဲ့ ပတ်သက်လို့ ပိုပြီး စိတ်ဝင်တစား မေးမြန်းခဲ့သလို တွေ့ဆုံပွဲအပေါ် အားရ ကျေနပ်တယ်လို့ ဦးခင်မောင်ဆွေက ပြောပါတယ်။

“သူကလည်း သိချင်တယ်ဗျ၊ ကျနော်တို့ ပါတီတွင်းကိစ္စနဲ့ ပတ်သက်ပြီး သူကလည်း သိချင်စရာတွေ ဖြစ်လာတာကိုး။ လွှတ်တော်ထဲမှာ ပြောတာ ဆိုတာတွေ ကြားနေတာကိုး။ ရယ်စရာ မောစရာတွေနဲ့ ကျနော်တို့ကို နောက်တာလည်း ရှိတာပေါ့။ နောက်တာလည်း ရှိတယ်၊ အပြစ်တင်တာလည်း ရှိတာပေါ့ဗျာ။ အရမ်းကောင်းပါတယ်။ ကျနော်တို့ခေါင်းဆောင်ပဲဗျာ။

“အခုလည်း ကျနော်တို့က တွေ့တဲ့အခါမှာ နိုင်ငံရေးအရရော၊ လူမှုရေးအရရော အားလုံး ခင်ခင်မင်မင် ဖွဲ့ဖွဲ့စည်းစည်း ရှိပါတယ်၊ ပြောရဆိုရတာ။ သူလည်း တော်တော်များများကြီး နားလည်နေပါတယ်။ အားလုံးရဲ့ အခြေအနေကို ခြုံငုံပြီး သိနေပါတယ်။ အင်အားအပေါ်ကို နားလည်လာလေ ကျနော်တို့အပေါ်ကို ပိုပြီး အမြင်ရှင်းလာလေပေါ့။ ပြီးတော့ သဘောပေါက်တာကို သိရတဲ့အတွက် ကျနော် ဝမ်းသာစရာ ဖြစ်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က မလွတ်မြောက်ခင်လေးမှာ ၂၀၁၀ ရွေးကောက်ပွဲဝင်ရေး မဝင်ရေးနဲ့ ပတ်သက်လို့ သဘောထား ကွဲလွဲပြီး ဦးခင်မောင်ဆွေတို့က ခွဲထွက်သွားပြီးတော့ NDF ပါတီကို ထူထောင်ခဲ့တာပါ။ အဲဒီအချိန်တုန်းက နှစ်ဘက်အကြား အပြန်အလှန် စကားစစ်ထိုး တိုက်ခိုက်တာတွေ ရှိခဲ့ဖူးပါတယ်။

အခုအခြေအနေမှာတော့ NLD က ရွေးကောက်ပွဲ မဝင်တဲ့အတွက် မြန်မာစစ်အစိုးရရဲ့ ဥပဒေအရ တရားဝင် နိုင်ငံရေးပါတီ တခုအဖြစ် ဆက်ရှိမနေတော့ဘဲ NDF ကတော့ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေလည်း ရှိနေတဲ့ တရားဝင် နိုင်ငံရေးပါတီတခု ဖြစ်ပါတယ်။ NLD အနေနဲ့ ပါတီ တရားဝင် ရပ်တည်ရေးကိစ္စ မြန်မာတရားရုံးတွေရဲ့ ဆုံးဖြတ်ချက်ဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းပါ အချက်တွေကို ချိုးဖောက်တယ်ဆိုပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို တင်ပြဖို့ ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG