သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ရှောင်အခက်အခဲ NLD အလေးထား ဖြေရှင်းသင့်


ကချင်တကျော့ပြန်စစ် (၈)နှစ်ပြည့် သရုပ်ဖော်တင်ဆက် (သတင်းဓာတ်ပုံ - Phoe Shane)
ကချင်တကျော့ပြန်စစ် (၈)နှစ်ပြည့် သရုပ်ဖော်တင်ဆက် (သတင်းဓာတ်ပုံ - Phoe Shane)

ကချင်တကျော့ပြန်စစ် (၈)နှစ်ပြည့်ချိန် တိုက်ပွဲတွေရပ်ဖို့ နဲ့ စစ်ရှောင်ဒုက္ခသည်တွေအရေး သရုပ်ဖော်တင်ဆက်ခဲ့တဲ့ ဦးဆောင်ကချင် လူငယ်နှစ်ဦးကို ငြိမ်းစုစီပုဒ်မ ၁၉နဲ့ တရားစွဲ ဆိုလိုက်တာဟာ အရပ်သားအစိုးရလက်ထက် နိုင်ငံသားတို့ အခြေခံအခွင့်အရေး ဆုံးရှုံးမှုဖြစ်ပြီး ဒီမိုကရေစီစံနှုန်းတွေ ဖောက်ဖျက်ရာကျတယ်လို့ တရားစွဲခံ ကချင်အမျိူးသမီးက ပြောဆိုလိုက်ပါတယ်။ စစ်ဒဏ်ခံနေရတဲ့ စစ်ဘေးရှောင်တွေက သူတို့အခက်အခဲ ဒုက္ခကို ဖော်ထုတ်ပြသတာကို NLD အစိုးရဘက်က အလေးထားဖြေရှင်းပေးဖို့နဲ့ ဒီလိုဖော်ထုတ်တာကို အာဏာပိုင်တွေဘက်က ပုဒ်မမျိုးစုံနဲ့ အရေးယူ တရားစွဲဆိုနေတာကို ကန့်ကွက်ရှုတ်ချကြောင်း အမေရိကန်အခြေစိုက် ကချင်မဟာမိတ်အဖွဲ့ကလည်း ဝေဖန်လိုက်ပါတယ်။ ဒီကနေ့ ဇွန်လ ၂၆ ရက်နေ့မှာတော့ သူတို့နှစ်ဦးကို ထပ်မံ ရုံးထုတ် စစ်ဆေး တော့မှာဖြစ်ပါတယ်။ မဆုမွန် စုစည်းတင်ပြပေးထားပါတယ်။

မြန်မာအစိုးရစစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တို့ကြား ၁၇ နှစ်ကြာ အပစ်အခတ် ရပ်စဲရေး ပျက်ပြားပြီး တိုက်ပွဲတွေ တကျော့ပြန် ဖြစ်ခဲ့တဲ့ စစ် ၈ နှစ်ပြည့်အဖြစ် ပြီးခဲ့တဲ့ ဇွန်လ ၉ရက်နေ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ စစ်ရပ်စဲရေးနဲ့ စစ်ရှောင် ဒုက္ခသည်တွေအရေး သရုပ်ဖော် တင်ဆက်ခဲ့ကြသူတွေကို ဦးဆောင်ခဲ့တဲ့ ကိုပေါလု နဲ့ ကချင်အမျိုးသမီး ဆိုင်းနူးပန် တို့ကို ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်း လှည့်လည်ခွင့်ဆိုင်ရာ ငြိမ်းစုစီ ပုဒ်မ (၁၉)နဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ရဲတပ်ဖွဲ့က နောက်တနေ့မှာပဲ တရားလိုလုပ်ပြီး တရားစွဲလိုက်တာပါ။

ဒီကနေ့ ဇွန်လ ၂၆ရက်နေ့ မနက် ၁၀နာရီမှာတော့ မြစ်ကြီးနားမြို့နယ် တရားရုံးမှာ တရားလို သက်သေတွေကို စစ်ဆေးမှာဖြစ်ပြီး မြစ်ကြီးနား ရဲစခန်း ရဲမှူးမင်းသန့်ဇော်က တရားလိုလုပ်ပြီး တရားစွဲဆိုခဲ့တဲ့အမှုအပေါ် တရားစွဲခံရသူတို့မှာ အပြစ်မရှိကြောင်းနဲ့ တရားဥပဒေကြောင်းအရ ရင်ဆိုင်ဖြေရှင်းသွားဖို့ အသင့်ပြင်ထားပါတယ်လို့ ကိုယ်တိုင် တရားစွဲဆိုခံရတဲ့ လူငယ်နှစ်ဦးအနက် ကချင်အမျိုးသမီး ဆိုင်းနူးပန် က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“တရားလို သက်သေ စမ်းစစ်သွားမယ် Against လုပ်မယ့်အပိုင်းပေါ့နော် ကျမတို့ ရှေ့နေဘက်ကလည်း ကျမတို့ဘက်ကနေ မှန်ကန်ကြောင်း ထောက်ခံဖို့အတွက်ကို လုပ်ဆောင်သွား ဖို့ရှိပါတယ်။ မြစ်ကြီးနားရဲစခန်းမှူးက ကျမတို့ကို တရားစွဲတယ်။ ဒီတရားစွဲဆိုမှုကို ကျမတို့ လက်သင့် မခံဘူးပေါ့နော် ဘာကြောင့်လဲဆိုတော့ ၈ ရက်နေ့မှာရဲစခန်းမှာ ကျမ ဆိုင်းနူးပန်ရယ်၊ ကိုပေါလုရယ် ကနေ သွားပြီးတော့ အခုတရားလို လုပ်တဲ့ ရဲမှူးနဲ့ ဆွေးနွေးခဲ့တယ်။ ဆွေးနွေးပြီးတော့ ၉ ရက်နေ့မှာ ကျမတို့ street performance လုပ်တယ်။ ပြီးတော့ ၁၀ ရက်နေ့မှာ ရဲစခန်းမှာ ခေါ်တယ်ပေါေ့နာ်။ ခေါ်တော့ ကျမတို့ရဲစခန်းမှူးနဲ့ ကျမတို့ စကားပြောဖြစ်ခဲ့တယ်။ ဘာကြောင့်ကျမတို့ကိုဒီ ပုဒ်မ ၁၉ နဲ့ စွဲတာလဲဆိုပြီးတော့ မဟုတ်ဘူးတဲ့ ဒါက ကျနော်တို့ တာဝန်နဲ့ စွဲရတာပါ ဆိုပြီးတော့ ။ သူတို့ဘက်က ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားပြီးမှ ကျမတို့ကိုနှစ်ယောက်ကို တရားစွဲတာကိုတော့ လုံးဝလက်ခံလို့မရဘူး။ ကျမတို့က လုံးဝမမှားယွင်းဘူး။ အဲဒီအတွက်ကြောင့် ဆက်လက်ပြီးမှ ခုခံချေပသွားမှာပေါ့နော်။”

အခုလို စစ်ဘေးဒဏ် နှစ်ရှည်ကြာ ခါးစီးခံနေရတဲ့ စစ်ရှောင်ဒုက္ခသည် ကချင်ပြည်သူတွေဘက်က ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တင်ပြမှုကို မတရားဥပဒေပုဒ်မ အမျိုးမျိုးနဲ့ တရားစွဲဆိုနေတာတွေကို ရပ်တန်းကရပ်ပေးဖို့နဲ့ နိုင်ငံသားတွေရဲ့ အခြေခံအခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်မှုကို အလေးထားပါလို့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ပြည်ထောင်စုအစိုးရ၊ ကချင်ပြည်နယ်အစိုးရ နဲ့ တပ်မတော် အပါအဝင် အာဏာပိုင်တွေကို ကချင်ပြည်နယ် လူငယ်အစုအဝေးရဲ့ ဥက္ကဋ္ဌလည်းဖြစ် ကချင်စစ်ဘေးရှောင်တွေ အရေး အဓိကထား လှုပ်ရှားနေတဲ့ ( Kachin Youth Movement ) ကချင်လူငယ်လှုပ်ရှားမှုကော်မတီက ကချင်လူငယ် မဆိုင်းနူးပန်က တိုက်တွန်း တောင်းဆိုပါတယ်။

“အဓိကတော့ မြန်မာနိုင်ငံက ဒီမိုကရေစီအစိုးရဆိုပြီးမှ ကြွေးကြော်နေတဲ့အပိုင်းပေါ့နော် ၊ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေတဲ့ ဒီမိုကရေစီအစိုးရ ဆိုပြီးမှ ကြွေးကြော်နေတဲ့အခြေအနေမှာ Freedom of expression ပေါ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် တွေကို တားဆီးပိတ်ပင်တာကတော့ လုံးဝအကျဉ်းတန်စေတယ်ပေါ့ ဒီမိုကရေစီအစိုးရရဲ့ စံချိန်စံညွှန်းနဲ့ မကိုက်ညီဘူး လို့ ကျမတို့ မြင်တယ်။ သူကိုယ်တိုင်တောင်မှ ၂၀၁၅ ရွေးကောက်ပွဲဝင်တဲ့အချိန်မှာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တွေကို အလေးထားမယ်။ ဒီမိုကရေစီအစိုးရဖြစ်အောင် သူကိုယ်တိုင်ကြိုးစားပါ့မယ် democratic transition ကိုjustice ဖြစ်အောင် သူကိုယ်တိုင် လုပ်ပါ့မယ်ဆိုပြီးတော့ ပြောခဲ့တဲ့အပိုင်းရှိတယ် ဒါပေမယ့် အခုတကယ်တမ်း အစိုးရဖြစ်တဲ့အခါမှာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဆိုတဲ့ အပိုင်းက အရမ်းအားနည်းသွားတာတွေ့ရတယ်။ အထူးသဖြင့် တိုင်းရင်းသားနယ်မြေဘက်ပေါ့နော်။ ဆန္ဒထုတ်ဖော်မှုတွေ ဒါမှမဟုတ် ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ သင်တန်းကအစ ကျမတို့ကို မလုပ်ပါနဲ့ ၊ ခွင့်ပြုချက်မပေးဘူးဆိုတဲ့အပိုင်းတွေ အများကြီးတွေ့ရတယ်။ ဒါကမဖြစ်သင့်ဘူးလို့မြင်တယ်။ ဒီမိုကရေစီအစိုးရဆိုတဲ့အတွက်ကြောင့် Freedom of expression ကိုတော့ လေးစားလိုက်နာသင့်တယ်လို့ ကျမတို့မြင်ပါတယ်။”

တကျော့ပြန် စစ် ၈နှစ်ပြည့်ချိန်တုန်းက ကချင် စစ်ရှောင်စခန်းတွင်း အရမ်းကိုအခက်အခဲဖြစ်နေတဲ့ စားဝတ်နေရေး အသက်ရှင်နေထိုင်နိုင်ရေး လူသားချင်းစာနာမှုအကူညီတွေ တားမြစ်ပိတ်ပင်မှုမရှိပဲ ရရှိရေး၊ နေရပ်ရင်းတွေကို လူ့ဂုဏ်သိက္ခာရှိစွာပြန်နိုင်ရေးနဲ့ ကချင်စစ်မီးငြိမ်းအောင် ဆောင်ရွက်ပေးဖို့ NLD အရပ်သားအစိုးရကို တောင်းဆိုရင်း တပ်မတော်ကိုလည်း ထိုးစစ်တွေရပ်ပေးပါလို့ ကချင်စစ်ရှောင်ပြည်သူတွေနဲ့ လူငယ်တွေက တောင်းဆိုခဲ့ကြတာပါ။

ဒီလို ကချင်ပြည်သူတွေ ကြုံနေရတဲ့အခက်အခဲကို ငြိမ်းချမ်းစွာ ဖော်ထုတ်တင်ပြတာကို အာဏာပိုင်တွေဘက်က ဥပဒေပုဒ်မမျိုးစုံတပ်ပြီး တရားစွဲဆို ထောင်ချဖို့ကြိုးစား နေတာတွေကို ရပ်တန်းက ရပ်ပေးဖို့ ဒီလိုလုပ်ဆောင်နေတာကို ကန့်ကွက်ရှုတ်ချကြောင်း အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီအခြေစိုက် ကချင်မဟာမိတ်အဖွဲ့ ဥက္ကဌ ဦးအင်ဆန်ဂွန်ဆန်က ဝေဖန်ပြောဆိုလိုက်ပါတယ်။

“တကယ့်အာဏာရှင်နိုင်ငံတနိုင်ငံ ပုံစံနဲ့ ဒီဆိုင်းနူးပန်တို့ကိစ္စဆိုရင် ကျနော်တို့ ပြည်သူလူထုတွေ ခေတ်ပျက်နေတာကို သရုပ်ဖော်တာဖြစ်တယ်။ တကယ်ဆိုရင် လုပ်နေတဲ့လူက တကယ့်ကို ရာဇဝတ်မှု ၊ ဒီလိုသရုပ်ဖော်နေတာက ရာဇဝတ်သားတွေမဟုတ်ဘူး ။ ဒီလိုသရုပ်ဖော်တာ မဖြစ်ခိုင်းစေချင်ရင် လူတွေကို မသတ်နဲ့ပေါ့ ၊ ဒုက္ခရောက်အောင်မလုပ်နဲ့ပေါ့ ဒီလိုပဲ ကျနော်ကပြောချင်တယ်။ အဲဒါဆိုတော့ တပ်မတော်က တကယ်ကို ဖြစ်နေတဲ့အခြေအနေက အာဏာရှင် စိတ်ဓါတ်တွေ မပျောက်သေးဘူးလို့ ဒီလိုသက်သေပြနေတာပေါ့ ဒီလိုလုပ်တာတွေက။ အကုန်လုံးကို ဖမ်းဆီးလိုက်ရင် ခြိမ်းခြောက်လိုက်ရင် ၊ သတ်ပစ်လိုက်ရင် ပြဿနာတွေ ဖြေရှင်းသွားမယ်ဆိုတဲ့နည်းနဲ့ လုပ်နေတာ ဒီနေ့အထိရှိနေတာ နိုင်ငံတကာကို ပြဿတာလို့ပဲ ကျနော်တို့ မြင်ပါတယ်။”

ကချင်တကျော့ပြန်စစ် ၈နှစ်ပြည့်ခဲ့ချိန်တုန်းက နိုင်ငံတကာရောက်ကချင်တွေဘက်ကလည်း အရေးပေါ် ထုတ်ပြန်တောင်းဆို ချက်တွေ ထုတ်ပြန်ခဲ့ သလို ကချင်ပြည်နယ်အပါအဝင် ရန်ကုန်မြို့ကြီးတွေမှာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဒီလိုစစ်ပွဲတွေ ရပ်ရေး လှုပ်ရှားခဲ့တာကြောင့် မြစ်ကြီးနားမှာ ကချင်လူငယ်တွေ တရားစွဲဆိုခံခဲ့ရသလို ရန်ကုန်မှာလည်း စစ်ပွဲရပ်ရေးငြိမ်းချမ်းစွာ ဆန္ဒပြခဲ့တဲ့အထဲက ခေါင်းဆောင်လူငယ်ငါးဦးကိုလည်း ငြိမ်းစုစီပုဒ်မနဲ့ပဲ ရန်ကုန်ပန်းဘဲတန်းရဲစခန်းက တရားစွဲဆိုထားတဲ့အတွက် တရားရင်ဆိုင်နေကြရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG