သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD ရွေးကောက်ပွဲ အမှတ်တံဆိပ်သစ် ကြေညာ


NLD ရွေးကောက်ပွဲ အမှတ်တံဆိပ်သစ် ကြေညာ
NLD ရွေးကောက်ပွဲ အမှတ်တံဆိပ်သစ် ကြေညာ

လာမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာသုံးမယ့် ပါတီရဲ့ အမှတ်အသားသစ်ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ကြေညာလိုက်ပါတယ်။ မြန်မာအစိုးရပိုင် သတင်းစာထဲမှာ တနင်္လာနေ့က ဖော်ပြလိုက်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သင်္ကေတ ကြေညာချက်ထဲမှာ ပါတီအလံနဲ့ သဏ္ဍန်တူတဲ့ အနီရောင် အောက်ခံပေါ်မှာ ရွှေဝါရောင် ခွပ်ဒေါင်းက ကြယ်ဖြူကို ဦးတိုက်ထားတဲ့ပုံကို ဖော်ပြထားပါတယ်။ တခြား ပါတီတချို့က အရင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ခမောက်တံဆိပ် အမှတ်အသားကို သုံးစွဲလာခဲ့တာမို့ ခြားနားမှုရှိအောင် အခုလို တံဆိပ်အသစ် ထုတ်ပြန် သုံးစွဲရတာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဆိုပါတယ်။ ဒီအကြောင်းကို ကိုဝင်းမင်းက မေးမြန်းတင်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က မြန်မာ့လွတ်လပ်ရေးနဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေမှာ ကျောင်းသားတွေကို ကိုယ်စားပြုခဲ့တဲ့ ခွပ်ဒေါင်းပုံရိပ်ကို ပါတီရဲ့ ရွေးကောက်ပွဲတံဆိပ်အဖြစ် သုံးဖို့ ရွေးချယ် ထုတ်ပြန်လိုက်ပါတယ်။ အခုလို ရွေးချယ်လိုက်တာကို ပြီးခဲ့တဲ့အပတ်က လုပ်ခဲ့တဲ့ NLD ပါတီရဲ့ ဗဟိုအလုပ်မှုဆောင် အစည်းအဝေးကနေ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ NLD ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ဆိုပါတယ်။ NLD ရဲ့ ဒီ ရွေးကောက်ပွဲ တံဆိပ်မှာ NLD အလံမှာပါတဲ့ပုံနဲ့ အတူတူပဲဖြစ်တယ်၊ ကွဲတာက ဒီတံဆိပ်အောက်ပိုင်းမှာ အပြာရောင်နဲ့ရေးထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆိုတာ ထပ်ပါတာပဲဖြစ်တယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

အရင်က NLD အနေနဲ့ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွေမှာ အပြတ်အသတ် အနိုင်ရခဲ့တုန်းကတော့ မြန်မာနိုင်ငံမှာ လူဦးရေအများဆုံးဖြတ်တဲ့ လယ်သမားတွေကို ကိုယ်စားပြုတဲ့ ခမောက်တံဆိပ်ကို ရွေးကောက်ပွဲမှာ အသုံးပြုခဲ့ပါတယ်။ ဒါပေမဲ့ ဘာကြောင့် အခုလို တံဆိပ်သစ်ပြောင်းပြီး ကြေညာခဲ့ရတယ် ဆိုတာကို ဦးဉာဏ်ဝင်းက အခုလို ရှင်းပြပါတယ်။

“အခု ဆင်တူယိုးမှား ခမောက်ရှိတယ်။ ခမောက် သုံးလုံးရှိတယ်။ တခြားပါတီတွေက ရွေးကောက်ပွဲ သင်္ကေတတွေပေါ့။ အဲဒီတော့ ကျနော်တို့နဲ့ ခမောက်သင်္ကေတနဲ့ မဆိုင်ဘူးလို့ ကြေညာဖို့ လိုအပ်တယ်လို့ ယူဆတာ။ အဲဒါကြောင့် NLD ဟာ ရွေးကောက်ပွဲ အမှတ်တံဆိပ်အဖြစ် ခမောက်ကို အခု မသုံးတော့ဘူး။ အခု NLD ရဲ့ ပါတီအမှတ်တံဆိပ်ဟာ ခွပ်ဒေါင်း၊ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆိုတဲ့ စာတမ်းပါတဲ့ဟာ ဖြစ်ပါတယ်လို့ ပြည်သူတွေရှင်းလင်းသွားအောင်လို့ သတင်းစာထဲမှာ ထည့်တာပါ။”

၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ NLD ကို အာဏာမလွှဲပေးဘဲ ဆက်ပြီးအုပ်ချုပ်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်တဲ့ စစ်အစိုးရဟောင်း အနေနဲ့ ၂၀၁၀ မှာ ရွေးကောက်ပွဲတွေကို ထပ်မံကျင်းပပေးခဲ့ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပနေချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က အကျယ်ချုပ် ကျနေခဲ့ပြီး တင်းကျပ်တဲ့ ရွေးကောက်ပွဲ ဥပဒေတွေနဲ့ စစ်အစိုးရက တဘက်သတ် ရေးဆွဲခဲ့ပြီး ဒီမိုကရေစီမကျဘူးလို့ ယူဆခဲ့တဲ့ ၂၀၀၈ အခြေခံဥပဒေကြောင့် NLD အနေနဲ့ ရွေးကောက်ပွဲမှာ ဝင်မပြိုင်ခဲ့ပါဘူး။ ဒါပေမဲ့ အခုလို NLD က ရွေးကောက်ပွဲမှာ ဝင်မပြိုင်ခဲ့တဲ့အပေါ် သဘောထားကွဲပြီး ရွေးကောက်ပွဲ ဝင်ပြိုင်ခဲ့တဲ့ ဦးခင်မောင်ဆွေ ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီက ဒီ ခမောက်တံဆိပ်ကို NLD ကန့်ကွက်တဲ့ကြားထဲကပဲ ရွေးကောက်ပွဲ ကော်မရှင်က ခွင့်ပြုလို့ အသုံးပြုလာခဲ့ပါတယ်။

နောက်ပိုင်း ရွေးကောက်ပွဲအပြီး NDF ပါတီကနေ ထပ်ခွဲလာခဲ့တဲ့ ဦးသိန်းညွှန့် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ ပါတီသစ်ကလည်း ခမောက်သုံးခုပါတဲ့ တံဆိပ်ကို ထပ်ပြီး အသုံးပြုလာခဲ့ပါတယ်။ ဒါကြောင့်မို့ ဒီပါတီတွေနဲ့မဆိုင်ဘဲ NLD က သီးသန့်ဖြစ်တယ် ဆိုတာကို ပြနိုင်ဖို့ အခုလို တံဆိပ်သစ်ကို ရွေးချယ်ဆုံးဖြတ် ထုတ်ပြန်ခဲ့တာဖြစ်တယ်လို့ ဦးဉာဏ်ဝင်းက ဆိုပါတယ်။ ဒီအလံမှာရော၊ တံဆိပ်မှာပါ ပါတဲ့ အရောင်နဲ့သင်္ကေတတွေရဲ့ အဓိပ္ပါယ်ကို ဦးဉာဏ်ဝင်းက အခုလို ရှင်းပြပါတယ်။

“အခုကတော့ အနီရောင်က ရဲရင့်ခြင်းပေါ့ဗျာ။ ခွပ်ဒေါင်းဆိုတာကတော့ တကယ့်ကို တိုက်ပွဲဝင် အမှတ်အသားပေါ့။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုံး ဒါရိုက်တာ ဦးဝင်းထိန်ကလည်း ဒီတံဆိပ် အမှတ်အသားတွေဟာ အပြောင်းအလဲအတွက် ရုန်းကန်လှုပ်ရှားမှုတွေကို ကိုယ်စားပြုတာဖြစ်တယ်၊ ခွပ်ဒေါင်းကလည်း ကျောင်းသားတွေရဲ့ ၁၉၈၈ ခုနှစ် ဒီမိုကရေစီရေး စွန့်လွှတ်လှုပ်ရှားမှုတွေကို အသိအမှတ်ပြုတာဖြစ်တယ်လို့ အေအက်ဖ်ပီ သတင်းဌာနကို ပြောခဲ့ပါတယ်။ NLD အနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲတွေကို သပိတ်မှောက်ခဲ့ပေမဲ့ ရွေးကောက်ပွဲအပြီး ဒေါ်အောင်ဆန်းစုကြည် လွတ်လာအပြီးနဲ့ ဦးသိန်းစိန် အစိုးရတက်လာအပြီးမှာ ဒီခေါင်းဆောင်နှစ်ဦးတို့ တွေ့ဆုံကြတဲ့ ဆွေးနွေးပွဲတွေ ကနေတဆင့် ပါလီမန်သစ်ဘက်ကလည်း ရွေးကောက်ပွဲ ဥပဒေတွေကို လျှော့ပေါ့ပေးခဲ့တဲ့အပေါ်မှာ စပွင့်လင်းလာတဲ့ အခြေအနေကို ဆုပ်ကိုင်ပြီး NLD အနေနဲ့ ရှေ့နှစ်မှာကျင်းပမယ့် အမတ်နေရာ ၅၀ နီးပါး လျစ်လပ်ထားတဲ့နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲတွေမှာ ပါဝင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒီကြားဖြတ် ရွေးကောက်ပွဲတွေကို ဘယ်နေ့ ကျင်းပရမယ်ဆိုတာ မသိသေးပေမဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ သူမအနေနဲ့လည်း ဒီရွေးကောက်ပွဲတွေမှာ ဝင်ပြိုင်ဖို့ရှိတယ်၊ အခုလို ရွေးကောက်ပွဲတွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ ပြည်တွင်းစစ် ရပ်စဲရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးတွေကို ပါတီရဲ့ အဓိကဦးတည်ချက်တွေအဖြစ် ဦးစားပေးလုပ်သွားဖို့ ရှိတယ်လို့ ပြောလာခဲ့ပါတယ်။

XS
SM
MD
LG