သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

PR စနစ် အသေးစိတ် ရေးဆွဲရေးကော်မတီက NLD အမတ်တွေ နှုတ်ထွက်


လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ အပါအဝင် လာမယ့် ရွေးကောက်ပွဲတွေမှာ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်တွေကို မဲအချိုးကျ ကိုယ်စားပြု PR စနစ်ကို ကျင့်သုံးဖို့ ဇွန်လ ၃ ရက်နေ့က အမျိုးသား လွှတ်တော်မှာ မဲခွဲဆုံးဖြတ် အတည်ပြုလိုက်ပါတယ်။

အမျိုးသား လွှတ်တော်မှာ မဲအချိုးကျ ကိုယ်စားပြုစနစ်ကို အကောင်အထည်ဖော် ရေးဆွဲဖို့အတွက် ကော်မရှင်တရပ်ကို ဖွဲ့စည်းတာမှာတော့ အမျိုးသားလွှတ်တော်မှာ ရှိနေကြတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက လွှတ်တော်ကိုယ်စားလှယ် အားလုံးကို ထည့်သွင်းခဲ့တာပါ။

ဒါပေမဲ့ မဲအချိုးကျ ကိုယ်စားပြုစနစ်ကို သဘောမတူ ကန့်ကွက်တာမို့ မဲအချိုးကျ ကိုယ်စားပြုစနစ် အကောင်အထည်ဖော်မယ့် ကော်မတီကနေ NLD အမတ်အားလုံး နှုတ်ထွက်ခဲ့ကြတာ ဖြစ်တယ်လို့ NLD ကိုယ်စားပြု အမျိုးသား လွှတ်တော်အမတ် ဦးအောင်ကြည်ညွန့်က ပြောပါတယ်။


“PR စနစ်ကို ကျင့်သုံးဖို့ရာအတွက် အချိန်အခါအရရော၊ အခြေအနေအရရော၊ မသင့်သေးဘူးလို့ ကျနော်တို့က ကန့်ကွက်ဆွေးနွေးတယ်။ ဒါပေမဲ့လို့ အဲ့ဒီအဆိုက အောင်သွားတယ်။ အောင်သွားတဲ့အခါကျတော့ အမျိုးသားလွှတ်တော်ဥက္ကဌက ဘာလုပ်လိုက်သလဲဆိုတော့ ဒီအဆိုအောင်သွားပြီး ဖြစ်တဲ့အတွက်ကြောင့်မို့ ရွေးကောက်ပွဲဆိုင်ရာ engineering အရ PR စနစ်မှာ အားနည်းချက်တွေကို ပယ်ပြီးတော့ အားသာချက်တွေကို ရရှိနိုင်ဖို့ရန်အတွက် ဘယ်လိုပုံစံမျိုးနဲ့ ဒီဇိုင်းရေးဆွဲဆောင်ရွက်ရမလဲဆိုတာ ပြုစုပြီးတော့ လွှတ်တော်ကို အစီရင်ခံတင်ဖို့ PR စနစ်ရဲ့ပုံသဏ္ဍန်နဲ့ပတ်သက်ပြီး အကောင်အထည်ဖော်ဆောင်ရေး ကော်မရှင် ဖွဲ့စည်းဖို့လို့ အတည်ပြုလိုက်တယ်။ အဲ့ဒီကော်မရှင်ထဲမှာ ကျနော်တို့ ဝင်ရောက်ဆွေးနွေးခဲ့တဲ့သူတွေအားလုံး ကော်မရှင်ထဲမှာ ထည့်ဖွဲ့တယ်။ အဲ့လိုထည့်ဖွဲ့တဲ့အဖွဲ့ထဲမှာ ကျနော်တို့က ဝင်ရောက်ပြီးတော့ ဆွေးနွေးခဲ့တဲ့ထဲမှာ ကန့်ကွက်ဆွေးနွေးတဲ့ထဲမှာ ပါခဲ့တဲ့အတွက်ကြောင့် ကျနော်တို့က နောက်ထပ်ပြန်ဖွဲ့တဲ့ လုပ်ငန်းအကောင်အထည် ဖော်ဆောင်ရေး ကော်မရှင်မှာတော့ဖြင့်ရင် ကျနော်တို့ အဖွဲ့ဝင်များ မပါဝင်လိုပါဘူးဆိုပြီးတော့ နှုတ်ထွက်ပြီးတော့ တင်လိုက်တာ။”


အမျိုးသားလွှတ်တော် မဲအချိုးကျ ကိုယ်စားပြုစနစ် အကောင်အထည်ဖော်ရေး ကော်မတီကို အဖွဲ့ဝင် ၄၁ ယောက်တို့နဲ့ ဖွဲ့စည်းတာမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က အမျိုးသားလွှွတ်တော်အမတ် ၅ ဦးတို့ ဖြစ်ကြတဲ့ ဦးအောင်ကြည်ညွန့်၊ ဒေါက်တာ မြတ်ဉာဏစိုး၊ ဦးသိန်းဆွေ၊ ဦးမင်းဦး နဲ့ ဒေါက်တာ မြင့်နိုင်တို့ နှုတ်ထွက်ခဲ့ကြတာ ဖြစ်ပါတယ်။ ဘာကြောင့် အခုလို နှုတ်ထွက်ခဲ့ရတာလဲ ဆိုတာကိုလည်း ဦးအောင်ကြည်ညွန့်က အခုလို ပြောပါတယ်။


“ကျနော်တို့ပြောနိုင်တာတခုကတော့ ကျနော်တို့ အနေအထားနဲ့ ပြောရရင်တော့ ဒီကော်မရှင်ထဲမှာ ဝင်ပြီးတော့မှ တောက်လျှောက် ကျနော်တို့ ကန့်ကွက်နေရတယ်ဆိုတဲ့ ပုံစံမျိုးကို ကျနော်တို့ လုပ်လိုတဲ့ဆန္ဒမရှိဘူး။ နောက် ဒီကော်မရှင်ကနေပြီးတော့ ပြည်ထောင်စုလွှတ်တော်ကို နောင်ဆိုရင် အစီရင်ခံစာ ပြန်တင်ရမယ်။ အဲ့လိုတင်တဲ့အခါမှာ သူတို့ရွေးချယ်လိုက်တဲ့ပုံကို ကျနော်တို့လည်း လက်ခံသဘောတူချင်မှလည်း တူနိုင်မယ်။ အဲ့ဒီအခါမှာ အကယ်၍များ ကန့်ကွက်ဆွေးနွေးဖို့ အကြောင်းပေါ်ပေါက်လာမယ်ဆိုရင်လည်း ဒီကော်မရှင်ထဲမှာ မပါတဲ့အတွက် ကျနော်တို့ ကန့်ကွက်ဆွေးနွေးဖို့ရာ သင့်တော်တာပေါ့။ ဒီကော်မရှင်ထဲမှာ အတူ ပူးပေါင်းပါဝင်ပြီးတော့မှ အဲ့ဒီကျမှ ကန့်ကွက်ဖို့ဆိုရင် ကျနော်တို့မှာ အဆင်မပြေဘူး။ ဒါကြောင့်မို့လို့ ကျနော်တို့က ဒီလို နှုတ်ထွက်လိုက်တာပါ။ ဒီလို နှုတ်ထွက်လိုက်ခြင်းကြောင့် ဒီကော်မတီမှာ ဘာဖြစ်သွားပြီဆိုတဲ့ ရည်ရွယ်ချက်မျိုးတော့ ကျနော်တို့မှာ မရှိပါဘူး။”


လက်ရှိ ရွေးကောက်ပွဲတွေမှာ အသုံးပြုနေတဲ့ FPTP- First Past the Post လို့ခေါ်တဲ့ အများစု လူထုရွေးချယ်သူ ကိုယ်စားလှယ် ဖြစ်ခွင့်ကနေ ထောက်ခံမဲ အချိုးကျပေါ် မူတည်ပြီး လွှတ်တော်ကိုယ်စားလှယ် ရရှိမယ့် PR စနစ်ဟာ လက်ရှိ မြန်မာ့ပြုပြင်ပြောင်းလဲရေး ကာလနဲ့ မကိုက်ညီဘူးလို့လည်း ဦးအောင်ကြည်ညွန့်က ထပ်လောင်း ပြောပါတယ်။


“ဒီ PR ကိုလုပ်တာဟာ တချိန်ချိန်မှာ အခုလို အင်အားကြီးပါတီတရပ်က အများစု လုံး၀ အနိုင်ရသွားပြီးတော့ရင် ရွေးကောက်ခံ အာဏာရှင်စနစ် ပေါ်ပေါက်သွားမှာ စိုးရိမ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အဆိုရှင်က တင်တယ်ခင်ဗျ။ အဲတော့ ကျနော်တို့က ဘာပြောသလဲဆိုရင် ပါတီကြီးတယ်၊ သေးတယ် ဆိုတာကို ကိန်းဂဏန်းတွေပေါ်မှာ မူတည်ပြီးတော့ လွှတ်တော်ထဲမှာ နေရာရအောင် ခွဲတန်းရဖို့ ယူမလား၊ ပြည်သူလူထု ထောက်ခံမှုရအောင် ပြည်သူလူထုကို အလေးထားတဲ့နည်းနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ အနေအထားမျိုးသာ ပိုပြီးတော့ ဖြစ်သင့်တယ်လို့။ အဲတော့ အဲ့ဒီလူကို ကျနော်တို့က ဘာထောက်ပြတာလဲဆိုတော့ PR စနစ်အနေအထားနဲ့ လုပ်လိုက်မယ်ဆိုရင် ပါတီတွေအများကြီး ကွဲချင်သလိုကွဲပြီး အဲ့ဒီကွဲတဲ့ပါတီတွေက လွှတ်တော်ထဲကိုရောက်လာရင် အားနည်းတဲ့ လွှတ်တော်၊ အားနည်းတဲ့အစိုးရတွေ ပေါ်ပေါက်လာနိုင်တာမျိုးမှာ ရှိတယ်။ ဒါ disintegrate ကို ဦးတည်တယ်ပေါ့။ SPDP စနစ် ဆိုတာမျိုးက integration ကို ပိုပြီးတော့ ဦးတည်တာဖြစ်တဲ့အတွက် ဗမာနိုင်ငံရဲ့ လက်ရှိအခြေအနေမှာ ပြုပြင်ပြောင်းလဲရေးကို တကယ်လုပ်တဲ့အခါမှာ အားကောင်းတဲ့လွှတ်တော်တွေနဲ့ အားကောင်းတဲ့ အစိုးရတွေ ရှိနေသေးသင့်တဲ့ အခြေအနေမျိုးလည်းဖြစ်တယ်။ နောက် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အလေ့အကျင့် အနေအထားကလည်း အင်မတန် နုနယ်သေးတယ်။ ပြည်သူတွေကလည်း အခု SPDP စနစ်လောက် ရိုးရှင်းတာတောင်မှ မဲပေးနိုင်တဲ့ အနေအထားမျိုးမှာ အဆင်သင့်မဖြစ်သေးဘူး။ ဒါတွေကြောင့်လည်းပဲ ဒါတွေ မပြောင်းသင့်သေးဘူးလို့ ကျနော်တို့က ပြောတယ်။ အခု လက်ရှိ အခြေအနေမျိုးမှာတောင်မှ မြန်မာနိုင်ငံမှာ တကယ်တမ်း လိုနေတာက စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ဘယ်လို တည်ဆောက်မလဲ။ ပြည်တွင်းငြိမ်းချမ်းရေးကို ဘယ်လိုရအောင် လုပ်မလဲ။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို အရှိန်အဟုန်ကောင်းအောင် ဘယ်လိုလုပ်မလဲလို့ အရေးတကြီး ပြုပြင်ပြောင်းလဲရမယ့် အခြေအနေမျိုးမှာ ဒီလို ရွေးကောက်ပွဲစနစ်ကို ပြောင်းလဲဖို့ လိုအပ်ပါတယ်ဆိုတဲ့ အရေးတကြီး တောင်းဆိုမှုလည်း မရှိသေးတဲ့အတွက် ဒီအခြေအနေမျိုးမှာ မလုပ်သင့်သေးဘူး။ ဒါ ကျနော်တို့က တင်ပြခဲ့တာပေါ့လေ။”

ဒါကတော့ NLD ရဲ့ လွှတ်တော်အမတ် ဦးအောင်ကြည့်ညွန့်ရဲ့ ပြောကြားချက်တွေပါရှင်။
XS
SM
MD
LG