သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံပြင်ရေး ကြိုးပမ်းမှု NLD နောက်တစ်ဆင့်တက်


တိုင်းပြည်မှာ အဓိကအကျဆုံးကိစ္စရပ်ဖြစ်တယ်လို့ ဆိုထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်ပြီး သမ္မတ၊ လွှတ်တော်၊ တပ်မတော်တို့နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေးနိုင်ရေး စာနဲ့မေတ္တာရပ်ခံဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဆုံးဖြတ်လိုက်ပါတယ်။ အစိုးရဘက်ကတော့ တွေ့ဆုံဖို့ ပန်ကြားတဲ့စာ ရောက်မလာသေးတဲ့အတွက် သဘောထားတစုံတရာ မပေးသေးပါဘူး။ အပြည့်အစုံကို ရန်ကုန်မြို့အခြေစိုက်၊ ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင်က သတင်းပေးပို့ထားပါတယ်။

၂၀၀၈ ခုနှစ်အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး အဆင်ပြေချောမွေ့စွာ
ဖြစ်မြောက်စေဖို့ ရည်ရွယ်ပြီး NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သမ္မတဦးသိန်းစိန်၊ လွှတ်တော်၊ တပ်မတော်တို့နဲ့ တွေ့ဆုံဆွေးနွေးနိုင်ရေး သမ္မတဆီ စာနဲ့ မေတ္တာရပ်ခံဖို့ဆိုပြီး နိုဝင်ဘာလ ၂၃ ရက်နေ့က လုပ်တဲ့ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးမှာ ဆုံးဖြတ်တဲ့အကြောင်း ဒီကနေ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားတာပါ။

အတိုက်အခံခေါင်းဆောင်အနေနဲ့ တိုင်းပြည်ရဲ့ အဓိက အင်အားစုတွေနဲ့ စကားပြောနိုင်ဖို့ စာရေးပြီးမေတ္တာရပ်ခံဖို့ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးမှာ ဆုံးဖြစ်ခဲ့တာလို့ အဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြင့်က ပြောပါတယ်။

“ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး အဆင်ပြေချောမွေ့အောင် ကျနော်တို့ ဒီနေ့အစည်းအဝေးထိုင်ပြီးတော့ ထုတ်လိုက်တာဗျ။ ကျနော်တို့ကဆုံးဖြတ်လိုက်တော့ CEC က ကျနော်တို့ဥက္ကဋ္ဌအပါအဝင် ထုတ်လိုက်တော့ ဥက္ကဋ္ဌက စာပို့မှာပေါ့။ ဒါက သမ္မတက စီစဉ်ပေးမှ ဖြစ်မှာလေ။”

NLD အလုပ်အမှုဆောင် အဖွဲ့အနေနဲ့ အခုလို တိုင်းပြည်ရဲ့ အရေးပါတဲ့လူတွေကို တွေ့ဆုံဖို့ ဒေါ်အောင်ဆန်းစုကြည်က စာရေး အကြောင်းအကြားဖို့ဆုံးဖြတ်ပြီး ဖြစ်ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘယ်အချိန်မှာ စာပို့မယ်ဆိုတာတော့ အစည်းအဝေးတွင်း ပြောဆိုတာမရှိဘူးလို့လည်း ဦးဝင်းမြင့်က ပြောပါတယ်။

အခုလို တပ်မတော်၊ လွှတ်တော်နဲ့ အစိုးရအဖွဲ့ကို စာပို့ပြီး တွေ့ခွင့်တောင်းမယ့် စာတော့ သမ္မတဆီ ကို ရောက်မလာသေးဘဲ စာရောက်မှသာ အစိုးရအဖွဲ့က ဘယ်လို တုံ့ပြန်မယ်ဆိုတာ ပြောနိုင်မယ်လို့ သမ္မတရဲ့ပြောခွင့်ရှိသူ ဦးရဲထွဋ်ကပြောပါတယ်။

“မသိပါဘူးဗျာ။ အဲဒီစာတော့ ကျနော်တို့လည်း မရသေးပါဘူး။ သမ္မတကြီး ကလည်း ပြောထားပြီးသားပဲလေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်းထားတဲ့အတိုင်းပဲ လွှတ်တော် ကနေ အစပြုရမှာပေါ့နော်။ လွှတ်တော်က ပြင်လို့ရတဲ့အပိုင်းဆို လွှတ်တော်ကပြင်၊ ပြည်သူက ဆုံးဖြတ်တဲ့အပိုင်းဆို ပြည်သူကပြင်။ ပြည်သူကဆုံးဖြတ်တဲ့အတိုင်းပဲ ကျနော်တို့ကလက်ခံဖို့အသင့်ရှိပါတယ်။ နောက်တစ်ခုကကျတော့ လွှတ်တော်ထဲမှာလည်း တပ်မတော်သားရော၊ ဒေါ်အောင်ဆန်းစုကြည်ရော၊ ကျန်တဲ့ပါတီအသီးသီးရော ပါနေကြပြီပဲ။ လွှတ်တော် အခြေခံဥပဒေပြင်ဆင်ရေး ကော်မတီလည်းရှိနေတာပဲလေ။ ဒါလေးလည်း ကျနော်တို့ ထည့်စဉ်းစားရမှာပေါ့။ အဲဒီဟာကို ဘယ်လိုတုံ့ပြန်မလဲဆိုတာကတော့ အဲဒီစာ ကျနော်တို့လည်း မရသေးတော့ လောလောဆယ် မပြောနိုင်သေးပါဘူးဗျာ။”

လက်ရှိအချိန်မှာ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်နိုင်ရေးအတွက် လွှတ်တော်ထဲမှာလည်း ဖွဲ့စည်းပုံလေ့လာသုံးသပ်ရေးကော်မတီ တစ်ရပ်ကိုလည်း လွှတ်တော်နှစ်ရပ်ပေါင်း ကိုယ်စားလှယ် ၁၀၉ ဦးနဲ့ ဖွဲ့စည်းထားတာပါ။

၂၀၀၈ ဖွဲ့စည်းပုံ အရေးနဲ့ပတ်သက်ပြီး တိုင်းပြည်ရဲ့ အရေးပါတဲ့ အကြီးပိုင်းတွေ ၄ ဦး၊ ၄ ဖလှယ် ဆွေးနွေးဖို့ ဒေါ်အောင်ဆန်းစုကြည်က စာပို့မှာကို ကြိုဆိုတယ်လို့လည်း အဲဒီကော်မတီရဲ့ အတွင်းရေးမှူးလည်းဖြစ်၊ ပြည်ခိုင်ဖြိုးပါတီရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်တဲ့ ဦးအေးမောက်က ပြောပါတယ်။

“ဒီကိစ္စနဲ့ပတ်သက်လို့ကတော့ ကျနော်တို့လွှတ်တော်အနေနဲ့လည်း ကြိုဆိုပါတယ်။ အားလုံးစုံစုံညီညီနဲ့ ဆောင်ရွက်မယ်ဆိုရင် ဒါဟာ အောင်မြင်ဖို့လမ်းစ ပိုပြီးတော့ များတာပေါ့လေ။ ပိုပြီးတော့ လေးဦးလေးဖလှယ် သဘောထားတွေက တိုက်တိုက်ဆိုင်ဆိုင်နဲ့လုပ်ရင် တိုင်းပြည်အတွက် ပိုအကျိုးရှိတာပေါ့။ အဲဒါနဲ့ပတ်သက်လို့ကတော့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။ ကျနော့်အနေနဲ့ကတော့ ပြင်ဆင်ဖို့ဆိုရင် ဒီဟာက ခက်တယ်လို့တော့ ပြောကြတာပေါ့လေ-တချို့အပိုဒ်တွေက - ဥပမာ- (၅၉/စ) တို့ ကျန်တဲ့ ၃၄၀ - ဒါတွေက ခက်တယ်လို့တော့ ပြောကြတယ်။ သို့သော်လည်း ဒါတွေကို လူကြီးတွေက ကျေကျေလည်လည်ဆွေးနွေးနိုင်တယ်ဆိုရင် ကျနော်တို့မြင်တာလေ- အနည်းဆုံး ၆၀-၇၅ % လောက်အထိတော့ ပြင်ဆင်လို့လွယ်မယ်လို့ မြင်ပါတယ်။”

၂၀၀၈ အခြေခံဥပဒေမှာ ပြင်ဆင်ချင်တာတွေရှိရင် ပြည်သူတွေအနေနဲ့ အဲဒီကော်မတီကို အကြံပေးစာတွေတောင်းခံထားတဲ့နေရာမှာ အကြံပေးစာပေါင်း ၃၀၀ နီးပါး ရှိနေပြီလို့လည်း ဦးအေးမောက်က ပြောပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့လည်း ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး လူထုဆန္ဒခံယူပွဲတွေကို ပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာ ဟောပြောမှုတွေ တောက်လျှောက်လုပ်နေတာပါ။ အဲဒီက ရရှိထားတဲ့ အချက်အလက်တွေကို စုစည်းပြီး ပြည်ထောင်စုလွှတ်တော်က ဖွဲ့ထားတဲ့ ဖွဲ့စည်းပုံလေ့လာရေးကော်မတီ ကို ဒီဇင်ဘာလ ၃၁ ရက်မတိုင်ခင်မှာပေးပို့မှာလည်း ဖြစ်ပါတယ်။
XS
SM
MD
LG