သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဖို့ NLD တိုက်တွန်း


NLD ပါတီ ဖွဲ့စည်းထောင်ထောင်တဲ့ ၂၈ နှစ်ပြည့် (National League for Democracy)
NLD ပါတီ ဖွဲ့စည်းထောင်ထောင်တဲ့ ၂၈ နှစ်ပြည့် (National League for Democracy)

ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီပြည်ထောင်စုသစ်ပေါ်ထွန်းရေးအတွက် အားလုံးဝိုင်းဝန်းကြိုးပမ်းဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက တိုက်တွန်းလိုက်ပါတယ်။ NLD ပါတီ ဖွဲ့စည်းထောင်ထောင်တဲ့ ၂၈ နှစ်ပြည်မြောက်တဲ့ ဒီကနေ့ စက်တင်ဘာလ ၂၇ရက်နေ့မှာ အခုလိုကြေညာချက် ထုတ်ပြန်တိုက်တွန်းလိုက်တာပါ။ ဒီကနေ့ကာလမှာ တပ်မတော်အပါအဝင် အားလုံးတွေ့ဆုံဆွေးနွေးနိုင်ဖို့ဟာ အရေးကြီးတယ်လို့လည်း NLD ခေါင်းဆောင်တွေက ပြောပါတယ်။ ဒီအကြောင်း ကိုအောင်အောင်က တင်ပြထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဖွဲ့စည်းတည်ထောင်တဲ့ ၂၈ နှစ်ပြည့်အခမ်းအနားကို ရွှေဂုန်တိုင်က NLD ဌာနချုပ်မှာ ဒီကနေ့ကျင်းပပါတယ်။ဒီကနေ့အခမ်းအနားအတွင်းဖတ်ကြားတဲ့ ကြေညာချက်မှာတော့ သမိုင်းဝင် ၈ လေးလုံးအရေးတော်ပုံကြီးက ပေါက်ဖွါးလာတဲ့ NLD ပါတီဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုကိုခံယူပြီး အခက်အခဲတွေ ရင်ဆိုင်နေရာတဲ့ကြားမှာပဲ လူ့အခွင့်အရေးရာ ကိစ္စရပ်တွေ ကို မြှင့်တင်နိုင်ခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။ ဒါ့အပြင် ဒီမိုကရေစီပြည်ထောင်စုသစ် တရပ်ကို တည်ဆောက်နိုင်ဖို့အတွက်လည်း တိုက်တွန်းထားပါတယ်။ အခုအခါမှာတော့ အခွင့်အရေးတွေ တန်းတူရရှိရေး အားလုံးအနေနဲ့ သဘောပေါက်လက်ခံထားကြောင်း NLD နာယက ဦးတင်ဦးက အခုလို ပြောပါတယ်။

“ဒီပြည်ထောင်စုကြီးအတွင်းထဲမှာနေကြတဲ့ တိုင်းရင်းသားတွေဟာ ပြည်ထောင်စုမှာ ထွက်လာတဲ့ ချမ်းသာသမျှ သံယံဇာတတွေကို ထိုက်သင့်အားလျော်စွာ ညှိနှိုင်းတိုင်ပြင်ပြီးတော့ မျှဝေခံစားနိုင်အောင် ရနိုင်တဲ့အခွင့်အရေးပေါ့ ဒါကို သူတို့ကို အသိအမှတ်ပြုပြီးတော့ ဖြစ်အောင်ယုံကြည်မှုရအောင် ဖြစ်ဖို့ဆိုတဲ့ဆန္ဒတွေက ဒီအရင်တုန်းက အခြေအနေထက်စာရင် တဖြည်းဖြည်း တိုင်းရင်းသားတွေထဲမှာရော ကျနော်တို့မှာရော တပ်မတော်သားတွေထဲမှာရော သဘောပေါက်လာကြပါတယ်ခင်ဗျ။ အေးချမ်းချင်ပါတယ် ငြိမ်းချမ်းချင်ပါတယ်။”

၈ လေးလုံးအရေးတော်ပုံအပြီး ပြန့်ကျဲနေတဲ့ နိုင်ငံရေးအင်အားစုတွေကို စုစည်းဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ NLD ပါတီကို ဖွဲ့စည်းခဲ့တာဖြစ်ပြီး နဝတ စစ်အစိုးရလက်ထက်မှာ ကျင်းပပေးခဲ့တဲ့ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ NLD ပါတီဟာတနိုင်ငံလုံး နေရာအတော်များများမှာ အနိုင်ရရှိခဲ့ပြီးနောက်မှာတော့ စစ်အစိုးရဟာ အာဏာလွှဲပြောင်း မပေးဘဲ ဒေါ်အောင်ဆန်းစုကြည် ကို နေအိမ်အကျယ်ချုပ်ချထားခဲ့သလို၊ ပါတီဝင် အတော်များများ လည်း ထောင်သွင်း အကျဉ်းချခံခဲ့ရပြီး တချို့လည်း အကျဉ်းထောင်အတွင်း သေဆုံးခဲ့ပါတယ်။ ရည်ရွယ်ချက်ကို ဆုပ်ကိုင်ပြီး အသက်စွန့်သွားခဲ့တဲ့ ပုဂ္ဂိုလ်တွေအကြောင်းကို NLD ပါတီရဲ့ ခေါင်းဆောင်တဦး ဖြစ်ခဲ့သူ ဦးစောနိုင်းနိုင်းက အခုလိုပြောပါတယ်။

“စနစ်ဆိုးရဲ့ ဖိနှိပ်ချုပ်ချယ်ညှင်းဆဲမှုတွေကိုလည်း စာဖွဲ့လို့မကုန်အောင် ခံခဲ့ကြရပါတယ်။ စတင်ဖွဲ့စည်းတဲ့အချိန်ပါတဲ့ ခေါင်းဆောင်တွေဆိုရင် ထောင်ထဲမှာ ကွယ်လွန်သွားပါတယ်။ ပထမဆုံး ဦးမောင်ကို ပေါ့ဗျာ သူက ကျနော်တို့ ဖွဲ့စည်းကတည်းက ဘေးကပါတာပါ။ ဆရာ ဦးတင်မောင်ဝင်းတို့ ၊ ဆရာဦးကျော်မင်းတို့ စသဖြင့် နောက်ပြီး ဦးလှသန်းတို့ စသဖြင့်ပေါ့ အများကြီး ကွယ်လွန်သွားကြပါတယ်။ ဒီလိုပဲ ကြံကြံခံပြီးတော့ ဒီရည်ရွယ်ချက်ကို လုပ်ခဲ့ကြတာပါ။”

အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်တွေ ဆောင်ရွက်နေရာမှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေ ဖိအားတွေနဲ့ ပတ်သတ်ပြီးတော့လည်း နားလည်ပေးတဲ့ တိုင်းရင်းသားတွေအပါအဝင် အားလုံးကို ကျေးဇူးတင်ကြောင်း လည်း ဒီကနေ့ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးစတင်ရရှိချိန်ကတည်းက စတင်ခဲ့တဲ့ မြန်မာနိုင်ငံက ပြည်တွင်းစစ်ကို ရပ်စဲနိုင်အောင် တွေ့ဆုံဆွေးနွေးကြဖို့လည်း ဦးတင်ဦးက အခုလိုတိုက်တွန်းပါတယ်။

“လက်နက်နဲ့ဖြေရှင်းတဲ့နေရာတွေက ဘာတခုထွက်လာသလဲ ပြန်ကြည့်ပေါ့ဗျာ အားလုံးသိပါတယ်။ အဲဒါကြောင့်မို့လို့ ဒီလိုဟာတွေကို အခုကတည်းက မြင်ကြပြုကြပြီးတော့ အပစ်အခတ်ရပ်ကြပါ။ ငြိမ်းချမ်းရေးဆွေးနွေးပွဲစားပွဲပေါ်ကိုတက်နိုင်အောင် လုပ်ပါလို့ တိုက်တွန်းချင်တယ်။ အဲဒီလို တိုက်တွန်းတဲ့လူတွေများလာအောင် လှုံ့ဆော်ဖို့အတွက် တပ်မတော်သားတွေနဲ့ တကွ အားလုံး တပြည်လုံးအတိုင်းအတာနဲ့ ပေါင်းပြီးတော့ တကယ့်ကိုငြိမ်းချမ်းချင်တယ် ဆိုရင်တော့တဖြည်းဖြည်း ဖြစ်လာလိမ့်မယ်လို့ ယုံကြည်မိပါတယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်ထူထောင်ခဲ့တဲ့ ကာလတလျှောက်မှာ အဖွဲ့ချုပ်ရဲ့ နိုင်ငံရေး မူဝါဒ၊ သဘောထား တွေနဲ့ ပတ်သတ်ပြီး သဘောထားကွဲလွဲမှုတွေကြောင့် NLD ပါတီက နှုတ်ထွက်ခဲ့သူတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း လူထုက ပေးအပ်ထားတဲ့တာဝန်ကို အကောင်းဆုံးဖြစ်အောင် ကြိုးစားဆောင်ရွက်သွားမှာဖြစ်တယ်လို့နာယက ဦးတင်ဦးက ပြောပါတယ်။

"အခုဒီအချိန်မှာတော့ ကြိုးစားနေတာပါပဲ၊ ကြိုးစားရင်း လုပ်ကိုင်နေရင်းတော့ ကျနော်တို့အပြောအဆို ခံရတာတွေ၊ ပြစ်တင်ခံရတာတွေ ရှိမှာပေါ့ဗျာ။ သို့သော်လည်း အဲဒါတွေကို ပြန်ပြီးတော့ ကောင်းလာနိုင်အောင် ထိန်းကျောင်းပြသ ဆွေးနွေးပြုပြင် ဒီလိုပဲ လုပ်ကိုင်သွားမယ်ဆိုရင်တော့ ဒါအောင်မြင်မှာပဲလို့ ကျနော်ကတော့ ယုံကြည်ပါတယ်။”

ဒီကနေ့ ရွှေဂုန်တိုင်မှာ ကျင်းပတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းထူထောင်ခြင်း ၂၈ နှစ်မြောက် နှစ်ပါတ်လည်အခမ်းအနားကို နာယကဦးတင်ဦး၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ ပြည်သူ့လွတ်တော်အမျိုးသား လွတ်တော် ကိုယ်စားလှယ်တွေ၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေနဲ့ ပါတီဝင်တွေ တက်ရောက်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG