သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ပြင်ဆင်ဖွဲ့စည်း


Myanmar President Office
Myanmar President Office

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ဗဟိုအလုပ်အမှုဆောင် လက်ရှိ နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်ခံရသူ ဦးဝင်းမြင့်ကို ဒုဥက္ကဌ ၁အဖြစ် တာဝန်ပေးအပ်လိုက်သလို ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ ဗဟိုအလုပ်မှုဆောင်စာရင်းကို ထုတ်ပြန်လိုက်ပါတယ်။ ဘာကြောင့် ဒီလို ပြင်ဆင်ဖွဲ့စည်းလိုက်သလဲဆိုတာကို ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက အစိုးရသက်တမ်း ၂နှစ်ပြည့်တဲ့နေ့မှာ ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ ဗဟိုအလုပ်အမှုဆောင် စာရင်းကို ထုတ်ပြန်လိုက်ပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှာ အရင်က တာဝန်ပေးအပ်မထားတဲ့ ဒု ဥက္ကဌ ၂နေရာအတွက် ဒုဥက္ကဌ ၁အဖြစ် ဦးဝင်းမြင့်နဲ့ ဒုဥက္ကဌ ၂ အဖြစ် ဒေါက်တာဇော်မြင့်မောင်တို့ကို တာဝန်ပေးလိုက်ပါတယ်။

ဒီလို တာဝန်ပေးအပ်တာနဲ့ပတ်သက်ပြီး NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါက်တာမျိုးညွှန့်က အခုလို ပြောပါတယ်။

“ အပြောင်းအလဲအနေနဲ့ အဓိကကတော့ ဒုဥက္ကဌ ၁၊ ၂ ကြေညာခြင်းဟာ ကျနော်တို့ပါတီမှာ တာဝန်ယူမှု အစဉ်အလာကို ပြည်သူများမြင်သာအောင်လို့ ကျနော်တို့ ထုတ်ပြလိုက်ခြင်းဖြစ်ပါတယ်။ သဘာပတိအဖွဲ့ဝင်တွေ အဖြစ် ကျနော်တု့ိသတ်မှတ်လိုက်တာကတော့ အဓိကအားဖြင့် ကျနော်တို့ သဘာပတိအဖွဲ့ဝင်တွေ အင်အား နည်းသွားတာက တကြောင်း၊ နောက်ပြီးတော့ အသက်အရွယ်ကြီးရင့်မှုကြောင့် လုပ်ကိုင်ဆောင်ရွက်မှုမှာ သူတို့အတွက် စိတ်ဖိစီးမှု ဖြစ်လာနိုင်တဲ့အဖွဲ့ဝင်တွေကို ဂုဏ်ထူးဆောင် တာဝန်များအဖြစ် ပြောင်းရွှေ့လိုက်တာ။ နောက် ကျနော်တို့ လာမယ့် ဒုတိယအကြိမ်ပါတီညီလာခံမှာ အင်အားတွေဖြည့်တင်းနိုင်ဖို့အတွက်လည်း ပြင်ဆင်တဲ့ သဘောတွေပါပါတယ်။ ”

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၆၄အရဆိုရင် လက်ရှိ နိုင်ငံတော်သမ္မတနဲ့ ဒုတိယသမ္မတ တာဝန်ထမ်းဆောင် သူတွေဟာ ရာထူးသက်တမ်းကာလအတွင်းမှာ ပါတီအဖွဲ့အစည်းရဲ့ တာဝန်တွေကို ပါဝင် ဆောင်ရွက်ခြင်း မပြုရလို့ ဖော်ပြထားပါတယ်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို ဒုဥက္ကဌ ၁အဖြစ် တာဝန်ပေးကြောင်း ကြေညာချက်ထုတ်ပြန်တာဟာ လျာထားသတ်မှတ်ချက်အဖြစ် ထုတ်ပြန်တာဖြစ်ကြောင်း ဒေါက်တာမျိုးညွှန့်က ပြောပါတယ်။

“ ကျနော်တို့က လျာထားသတ်မှတ်ခြင်းပဲ ဖြစ်ပါတယ်။”

အခုလို ပြင်ဆင်လိုက်တဲ့ ဗဟိုအလုပ်အမှုဆောင်စာရင်း ကို ၂၄ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးက ဆုံးဖြတ်တာဖြစ်ပါတယ်။

NLD ပါတီဟာ လောလောဆည်မှာ လာမယ့် ဇွန်လလောက်မှာ ဒုတိယအကြိမ် ပါတီညီလာခံကို ကျင်းပဖို့ လျာထားပြီး အဲဒီအချိန်ကျရင် ပါတီတွင်းခေါင်းဆောင်မှုနေရာတွေကို တိုးချဲ့ဖွဲ့စည်းဖို့လည်း ပြင်ဆင်နေကြောင်း ဒေါက်တာမျိုးညွှန့်က ပြောပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက အခုလို ဒုဥက္ကဌ အမည်စာရင်းတွေ ထုတ်ပြန်တဲ့အပေါ်မှာ အခုလို သုံးသပ်ပြောဆိုပါတယ်။

“ NLD ပါတီရဲ့ သမိုင်းကြောင်း တလျောက်မှာပေါ့လေ၊ ဒါ ပထမဆုံးအကြိမ် ဒုဥက္ကဌ ၁နဲ့ ၂ကို ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွဲပြီးတော့ ခန့်အပ်တာဝန်ပေးလိုက်တာကို ကြည့်ရင်တော့ ဒေါ်အောင်ဆန်းစုကြည်အလွန်နိုင်ငံရေးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ဆက်ပြီးတော့ ဦးဆောင်မယ့် ပုဂ္ဂိုလ်တွေဟာ ဦးဝင်းမြင့်နဲ့ ဒေါက်တာ ဇော်မြင့်မောင် ဆိုတာကိုတော့ အများပြည်သူသိအောင်ထုတ်ပြလိုက်တဲ့ သွယ်ဝှိုက်ပြီးတော့ ထုတ်ပြန်လိုက်တဲ့သဘောမျိုးသက်ရောက်တယ်လို့ အဲလို ကျနော်မြင်ပါတယ်။”

NLD ပါတီရဲ့ ကြေညာချက်မှာ အရင်က ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဖြစ်တဲ့ ဦးဝင်းထိန်အပါအဝင် ဦးအုံးကြိုင်၊ ဦးကျော်ခင်တို့နဲ့အတူ ဧရာဝတီတိုင်းဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီတို့ကိုလည်း သဘာပတိအဖွဲ့ဝင်အဖြစ် နဲ့ ဦးဉာဏ်ဝင်း၊ ဦးဟံသာမြင့်တို့ကို အတွင်းရေးမှုအဖွဲ့ဝင်အဖြစ် တာဝန်ပေးအပ်ကြောင်း ဖော်ပြထားပါတယ်။

XS
SM
MD
LG