သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နွေရာသီ ပဲခူးမှာ သောက်ရေရရှိရေး NLD ကူညီမည်


နွေရာသီ ပဲခူးမှာ သောက်ရေရရှိရေး NLD ကူညီမည်
နွေရာသီ ပဲခူးမှာ သောက်ရေရရှိရေး NLD ကူညီမည်

နှစ်စဉ်ပူပြင်းတဲ့နွေရာသီရောက်တိုင်း ပဲခူးတိုင်းတွင်းကြုံနေရတဲ့ သောက်ရေရှားပါးမှု ပြဿနာကို ပိုမိုကူညီနိုင်ဖို့ စီစဉ်နေတယ်လို့ NLD ပါတီကပြောပါတယ်။ ဒီကနေ့ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေနဲ့ ပဲခူးတိုင်း စည်းရုံးရေးမှူးတွေ တွေ့ဆုံဆွေးနွေးမှုအတွင်း အခုလို ပြောဆိုလိုက်တာဖြစ်သလို တခြားလူမှုရေးနဲ့ နိုင်ငံရေး အခြေအနေတွေပေါ်မှာလည်း ဆွေးနွေးခဲ့ကြပါတယ်။ ဒီသတင်းအပြည့်စုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မသင်းသီရိက တင်ပြထားပါတယ်။

ပဲခူးတိုင်းတွင်းမှာ ပူပြင်းတဲ့နွေရာသီတိုင်း နှစ်စဉ်ကြုံနေရတဲ့ သောက်သုံးရေရှားပါးမှု ပြဿနာအပေါ် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေနဲ့ ပဲခူးတိုင်း NLD စည်းရုံးရေးမှူးတွေက ဘယ်လိုပိုကူညီနိုင်မလဲ၊ ဘယ်လို ကြိုတင်ပြင်မှုတွေလုပ်မလဲ ဆိုတဲ့အပေါ်ကို ဆွေးနွေးခဲ့ကြတယ်လို့ NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးအုန်းကြိုင်က ပြောပါတယ်။

“မနှစ်ကတုန်းကတော့ ကျနော်တို့ NLD က ပဲခူးတိုင်းမှာ သောက်ရေရှားပါးမှု ပြဿနာကြုံတုန်းက ကျနော်တို့ အရေးပေါ်သွားပြီးကူညီနိုင်တာတွေ ရှိပါတယ်။ ဒါပေမဲ့ အဲဒီတုန်းကလည်း အဖွဲ့ဝင်တဦးအပါအဝင် တခြား စေတနာရှင်တွေရဲ့ ဝိုင်းဝန်းပါဝင်မှုနဲ့ သွားပြီးတော့ ပံ့ပိုးကူညီနိုင်ခဲ့တာပေါ့လေ။ အခုလည်းပဲ သူတို့ပြောတာကတော့ ပဲခူးတိုင်းမှာ မနှစ်ကလိုပဲ နွေရာသီရောက်လာပြန်ပြီ။ နေကလည်း တအားပူပြင်း လာပြန်ပြီ။ အဲဒီအခါကျတော့ ရေတွင်းရေကန်တွေ ခန်းပြီးတော့ သောက်ရေပြဿနာတွေ ကြုံနိုင်တယ်၊ ကျနော်တို့ဘက်ကတော့ ကူညီပေးနိုင်ဖို့ အဆင်သင့်ပြင်ဆင်ထားပါတယ်လို့ ဆွေးနွေးကြတာပဲ။ အဲဒီတော့ သက်ဆိုင်ရာပေါ့ဗျာ စေတနာရှင်တွေရဲ့ ပံ့ပိုးမှုနဲ့ဆောင်ရွက်ကြမှာပေါ့လေ။”

မနှစ်ကဆိုရင် ပဲခူးတိုင်းအတွင်းမှာ အပူချိန်ပြင်းလွန်းတာကြောင့် သောက်သုံးရေကန်တွေ၊ ရေတွင်းရေကန်တွေ အားလုံးခန်းခြောက်သွားတဲ့ပြဿနာကို အကြီးအကျယ်ကြုံခဲ့ရသလို ဒီရေရှားပါးမှုပြဿနာတွေကြောင့် ဝမ်းပျက်ရောဂါတွေလည်း ဖြစ်ခဲ့ပါတယ်။

ဒီကနေ့ဆွေးနွေးပွဲအတွင်း ပဲခူးတိုင်းအတွင်းက ကျန်းမာရေးကွန်ယက်၊ လူငယ်ကွန်ယက်တွေအပေါ်မှာ အဖွဲ့ချုပ်က ဘယ်လိုကူညီနိုင်မလဲဆိုတဲ့ အခြေအနေတွေအပြင် လက်ရှိနိုင်ငံရေးနဲ့ လူမှုရေး၊ ကျန်းမာရေးအခြေအနေတွေနဲ့အတူ လယ်သမားအရေးတွေကိုပါ အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။

“ဆွေးနွေးတာကတော့ နိုင်ငံရေးကိစ္စကတော့ ပဲခူးတိုင်းမှာ မြို့နယ်စည်းတွေနဲ့ ပြည်သူလူထု ထိတွေ့ဆက်ဆံ ဆောင်ရွက်နေနိုင်တဲ့ကိစ္စတွေပေါ့ဗျာ။ ဟိုတနေ့ကတော့ ပဲခူးကပဲ သတင်းထွက်လာတယ်။ ကျန်းမာရေး ကွန်ယက်ပေါ့ဗျာ၊ အဲဒီကိစ္စမျိုးတွေမှာ အဖွဲ့ချုပ်က ဘယ်လောက်ပါဝင် ကူညီနိုင်လဲ၊ သူတို့နဲ့ရော ဆက်စပ်ဆောင်ရွက်တာတွေ ရှိသလား၊ ပဲခူးမှာလည်း လူငယ်ကွန်ယက်တွေ စတင်ဖွဲ့စည်းနေပြီလို့သိရတယ်၊ အဲဒါ လူငယ်ထုပါဝင်မှု အခြေအနေဘယ်လိုရှိလဲ၊ အဲဒါတွေကိုအခြေခံပြီးတော့ တင်ပြကြတာပေါ့။ အကြံပေးတာတွေလည်း ရှိတာပေါ့။ အဖွဲ့ချုပ် ရှေ့ဆက်ပြီးတော့ ဘယ်လိုစည်းရုံးဆောင်ရွက်သွားသင့်တယ်။ လယ်သမားနဲ့ပတ်သက်လို့တော့ မြို့နယ်နှစ်ခုက လယ်သမားတွေရဲ့ မြေယာသိမ်းဆည်းမှုကိစ္စ၊ တချို့နေရာတွေမှာ ဆည်တွေဖောက်ချလို့ ပဲခင်းတွေရေမြှုပ်ပြီးတော့ ပျက်စီးကုန်တဲ့ကိစ္စ အဓိက ဆွေးနွေးပါတယ်။”

NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း လူထုနဲ့ NLD ပိုနီးစပ်ဖို့နဲ့ လူထုထောက်ခံမှုကို NLD ပါတီက ပိုပြီးတော့ ခိုင်ခိုင်မာမာရအောင် ပိုကြိုးစားကြဖို့ကိုလည်း တိုက်တွန်းခဲ့တယ်လို့ ဦးအုန်းကြိုင်က ပြောပါတယ်။

“အဖွဲ့ချုပ်က ပြည်သူလူထုကြားမှာ ခိုင်ခိုင်မာမာ ဆက်လက်ရှိနေရမယ်။ ရှိနေအောင် ကြိုးစားရမယ်။ အဖွဲ့ချုပ်နဲ့ ပြည်သူလူထု နွေးနွေးထွေးထွေးရှိနေအောင် အဖွဲ့ချုပ်က စည်းရုံးဦးဆောင်ထားနိုင်ရမယ်။ ကိုယ့်အချင်းချင်း ကြားမှာ အင်အားတွေ၊ ဆိုင်ရာမြို့နယ်စည်းတို့ ဘာတို့မှာ ကြာလာပြီဖြစ်တဲ့အတွက်ကြောင့် မူလအဖွဲ့အစည်း အဖွဲ့ဝင်ဟောင်းတွေ အင်အားမြဲနေပြီဆိုရင်လည်းပဲ အားသစ်တွေနဲ့ ဝိုင်းရံအားပေးသင့်တယ်၊ ဖြည့်ပြီးတော့ တိုးမြင့်ဆောင်ရွက်ရမယ်၊ အဲဒါတွေကို အဓိကထားပြီးတော့ပြောပါတယ်။”

NLD ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအုန်းကြိုင် ပြောသွားတာပါ။ NLD ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင်တွေနဲ့ တိုင်းနဲ့ပြည်နယ်က ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးပွဲတွေကို မတ်လ ၃ ရက်နေ့က စတင်ခဲ့တာဖြစ်ပြီး ပထမဆုံး ရန်ကုန်တိုင်းက NLD စည်းရုံးရေးမှူးတွေနဲ့ တွေ့ဆုံဆွေးနွေးအပြီး ဒီကနေ့ ပဲခူးတိုင်းနဲ့ဆွေးနွေးတာ ဖြစ်ပါတယ်။ မတ်လ ၁၈ ရက်နေ့အထိ အဖွဲ့လိုက် အလှည့်ကျ ဆွေးနွေးပွဲတွေကို ပြုလုပ်သွားမှာဖြစ်သလို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်လာခဲ့အပြီး အခုလို တိုင်းနဲ့ပြည်နယ်အဖွဲ့ဝင်တွေ အားလုံးနဲ့ တွေ့ဆုံဆွေးနွေးတာဟာ ဒါ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။

XS
SM
MD
LG