သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ကျဉ်းလွှတ်ပေးမှု NLD ကျေနပ်အားရ


နိုင်ကျဉ်းလွှတ်ပေးမှု NLD ကျေနပ်အားရ
နိုင်ကျဉ်းလွှတ်ပေးမှု NLD ကျေနပ်အားရ

ထောင်အသီးသီးကနေ အကျဉ်းသားတွေကို မနေ့က လွှတ်ပေးလိုက်တာဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းချခံနေရသူ ၆၀၄ စာရင်းကို အတည်ယူ အခြေခံပြီး လွှတ်ပေးခဲ့တာ ဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုက ဒီကနေ့ နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကတော့ အခုလို အထင်ကရ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတဲ့အပေါ် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ခြေလှမ်းကောင်း ဖြစ်တယ်လို့ ရှုမြင်ပါတယ်။ ဒါပေမဲ့လည်း သူတို့တင်ပြထားတဲ့ စာရင်းအရဆိုရင် လွတ်မြောက်လာသူတွေဟာ စာရင်းရဲ့ တစ်ဝက်လောက်ပဲ ရှိသေးတယ်လို့ အဖွဲ့ချုပ် ပြောခွင့်ရသူ ဦးအုန်းကြိုင်က ပြောပါတယ်။ ကိုသားညွန့်ဦးက ဆက်သွယ် မေးမြန်းထားတာ ဖြစ်ပါတယ်။

ဦးအုန်းကြိုင်။ ။ “လွတ်လာတဲ့သူ၊ ကျနော်တို့ဆီကို သတင်းလာပို့တဲ့ လွတ်လာတဲ့သူ ၂၃၈ ယောက်ပဲ ရှိသေးတယ်။ အဲဒါ အကုန်ပဲ။ ဘယ်သူတွေ ကျန်သလဲ ဆိုတာကတော့ ကျနော်တို့က ဒီနေ့အထိ အဲဒါကိုတော့ မစစ်ဆေးရသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ တဖွဲဖွဲ လာနေတုန်းမို့လေ။ ဘယ်ထောင်က ဘယ်လောက်လွှတ်တယ်ဆိုတာ သူတို့က ကြေညာတာလည်း မဟုတ်တော့ ကျနော်တို့ကလည်း ရောက်လာတဲ့ လွတ်လာတဲ့သူတွေကပဲ ကျနော်တို့ဆီကို သတင်းပို့တာကိုပဲ စုပြီးတော့ ကျနော်တို့ စာရင်းကောက်နေရတယ်။”

ကိုသားညွှန့်ဦး။ ။ ပြည်ထဲရေးဝန်ကြီးကတော့ ပြောနေတယ်ခင်ဗျ။ အခုလွှတ်တဲ့စာရင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ စာရင်းကို အခြေခံပြီးတော့ သူတို့အတည်ယူပြီးတော့ လွှတ်ပေးခဲ့တာလို့ ပြောပါတယ်ခင်ဗျ။ -

ဦးအုန်းကြိုင်။ ။ “ကျနော်တို့ကတော့ ခုထက်ထိတော့ လွတ်လာတဲ့သူဟာ ကျနော်တို့ ကြေညာထားတဲ့စာရင်းရဲ့ တစ်ဝက်တောင်မှ မပြည့်သေးဘူးလို့ပဲ ပြောရမှာပဲ။”

ကိုသားညွှန့်ဦး။ ။ နောက်တစ်ခုက စာရင်းနဲ့ပတ်သက်လို့ စာရင်းကွာတဲ့ကိစ္စကရော အန်ကယ်တို့ ဘယ်လိုယူဆပါသလဲ။ -

ဦးအုန်းကြိုင်။ ။ “နိုင်ငံရေးပုဒ်မဆိုပြီး သတ်မှတ်တဲ့ကိစ္စတွေမှာ တစ်ယောက်နဲ့တစ်ယောက် အမြင်မတူတာတွေ ရှိတယ်။ ဥပမာဆိုပါတော့ (၁၇/၁) တို့ ဘာတို့ရှိတယ်။ အဲဒါကို ကျနော်တို့က နိုင်ငံရေးသမားတွေအဖြစ် သတ်မှတ်တယ်။ (၁၇/၁) တို့ဆိုတာက မတရားအသင်းတွေကို ထောက်ခံတယ်၊ ထောက်ပံ့တယ်၊ ကူညီတယ်ဆိုပြီးတော့ နိုင်ငံရေးမှုလို့ပဲ ကျနော်တို့က အဲဒါကို သတ်မှတ်တယ်။ သူ့ ယုံကြည်ချက်အရ သူ တော်လှန်နေတဲ့သူပေါ့။ အဲဒါကို ကူညီလို့ဆိုပြီး စွဲတာ။ ဒါပေမဲ့ အဲဒါကို တချို့ကလည်း နိုင်ငံရေးပုဒ်မလို့ မသတ်မှတ်ဘူးလား မပြောတတ်ဘူး။ ဒါက တစ်ခုပေါ့ဗျာ။ နောက်တစ်ခုက နောက်ပိုင်းမှာ တချို့ တိုင်းတွေပြည်နယ်တွေက ၅/ည ဆိုတာကို မသုံးတော့ဘဲနဲ့ ၅၀၅ ဆိုပြီးတော့ နိုင်ငံတော်ကို အကြည်ညိုဖျက်တာ ဖြစ်စေမှု၊ ငြိမ်ဝပ်ပိပြားမှု ပျက်ပြားအောင်လုပ်တာ၊ ၅၀၅(ခ) တို့ အဲဒါတွေ တပ်ပြီးတော့ လုပ်တယ်။ အဲဒါကလည်း ကျနော်တို့ကတော့ နိုင်ငံရေးပုဒ်မလို့ပဲ သတ်မှတ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တချို့ ပြည်နယ်၊ တိုင်းတွေက နိုင်ငံရေးလှုပ်ရှားမှုတွေ လုပ်ပေမဲ့လို့ အဲဒါကို သူတို့က နိုင်ငံရေးမှုလို့ မသတ်မှတ်ဘူး။ ဥပမာဆိုပါတော့၊ မတရားအသင်းဖွဲ့မှု ဆိုတဲ့ ပုဒ်မ (၆) ဆိုတာ နောက်ပိုင်းမှာ တော်တော်ခေတ်စားတယ်။ စာရွက်ဝေတာတစ်ခုကို စာရွက်မိရင်လည်း အဲဒီစာရွက်ဟာ အောက်ကနေ ဘာအဖွဲ့ညာအဖွဲ့ဆိုပြီး တပ်တာပေါ့ဗျာ။ အဲဒါကို သူတို့က မတရားအသင်း ဆိုတဲ့ပုဒ်မနဲ့ တပ်တယ်။ အဲဒါကိုလည်း ကျနော်တို့က နိုင်ငံရေးပုဒ်မပဲလို့ မှတ်တယ်။ ဒါ သူက နိုင်ငံရေး ယုံကြည်ချက်အတွက် ပြောတာဆိုတာ ကြေညာတာကိုး။ အဲဒါကို အဖမ်းခံရတာ။ အဲဒါမျိုးတွေ ရှိတယ်ဗျ။ ဆိုတော့ အဲဒီဘက်မှာ တစ်ယောက်နဲ့တစ်ယောက် အမြင်မတူတာတွေ ရှိတယ်။”

ကိုသားညွှန့်ဦး။ ။ အခု မနေ့က လွှတ်တဲ့အထဲမှာတော့ တကယ့် အထင်ကရ ကျောင်းသားခေါင်းဆောင်တွေရော၊ သံဃာတော်တွေရော တခြား တော်တော်များများ လွတ်ကြပါတယ်ခင်ဗျ။ အခု လွတ်လာတဲ့အခြေအနေနဲ့ ပတ်သက်လို့ အန်ကယ်တို့ရဲ့ သဘောထားရော ဘယ်လိုရှိလဲခင်ဗျ။ -

ဦးအုန်းကြိုင်။ ။ “အခုကတော့ဗျာ တကယ့်ကို အားရစရာ ကောင်းပါတယ်။ ဝမ်းသာပါတယ်။ ကျနော်တို့လည်းပဲ မနေ့ကတုန်းက တကယ့် ကျောင်းသားခေါင်းဆောင်တွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ ပြီးတော့ ဆရာတော်တွေပေါ့ဗျာ။ ၂၀၀၇ တုန်းက ပါဝင်ခဲ့တဲ့ ဆရာတော်တွေ။ အကုန်လုံးနီးပါးလိုပေါ့။ ကျနော်တို့ တွေ့ရတယ်။ ပြန်ပြီးတွေ့ရတဲ့အခါကျတော့ ဒါဟာ အတော်ကို ကျနော်တို့လည်း ဝမ်းသာပါတယ်။ တော်တော်ကိုလည်း အားတက်စရာပါ။ ပြည်သူလူထုကလည်း ဒီကိစ္စအတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြပါပြီ။ အဲဒါကတော့ ကျနော် အဲဒီလိုပဲ ပြောချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အလွန် အားတက်စရာ ကောင်းတဲ့ တကယ့် ခြေလှမ်းသစ်တစ်ခုပါပဲ။ ဒါဟာ ဒီအတိုင်းသာ ဆက်လက်ပြီးတော့ ညှိနှိုင်း ဆောင်ရွက်သွားကြမယ်ဆိုရင် ရှေ့အလားအလာတွေ ဒါထက်ပိုပြီးတော့ ကောင်းလာဖို့ရှိတယ်လို့ ကျနော်တို့က အဲဒီလို မြင်ပါတယ်။”

XS
SM
MD
LG