သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲဝင်ဖို့ တိုင်းရင်းသား ၅ ပါတီတိုက်တွန်း


ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲဝင်ဖို့ တိုင်းရင်းသား ၅ ပါတီတိုက်တွန်း
ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲဝင်ဖို့ တိုင်းရင်းသား ၅ ပါတီတိုက်တွန်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီအနေနဲ့ ဒီမိုကရေစီကျင့်စဉ်နဲ့အညီ နိုင်ငံရေးပါတီ တည်ထောင်ပြီး ရွေးကောက်ပွဲဝင်ကြဖို့ ညီနောင်တိုင်းရင်းသား ၅ ပါတီက တိုက်တွန်းလိုက်ပါတယ်။ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီ ၅ ပါတီက ဒီကနေ့ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ တိုက်တွန်းထားတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

ညီနောင်တိုင်းရင်းသား ၅ ပါတီအကြား ၂ ရက်ကြာ ဆွေးနွေး ညှိနှိုင်းကြပြီးမှ ဒီအချက် ၅ ချက်ပါ ကြေညာချက်ကို ဒီကနေ့ ထုတ်ပြန်လိုက်တာပါ။ အဲဒီ ကြေညာချက်နဲ့ပတ်သက်လို့ ချင်းအမျိုးသားပါတီဥက္ကဋ္ဌ ဦးဇိုဇမ်က အခုလို ပြောပြပါတယ်။

“ရွေးကောက်ပွဲ ဝင်ခြင်းအားဖြင့်သာ ကျနော်တို့ ဒီမိုကရေစီနည်းလမ်းကို စနစ်တကျ ကျနော်တို့က ချပြနိုင်လိမ့်မယ် ဆိုပြီးတော့ ကျနော်တို့ ပြည်သူကို ရွေးကောက်ပွဲလမ်းစဉ်ကို ချပြထားတာ ဖြစ်ပါတယ်။ အဲဒီကိစ္စအတွက်လည်း ကျနော်တို့ အခု ဒေါ်စုကို ဒီမိုကရေစီကျင့်စဉ်တစ်ခု ဖြစ်တဲ့ ရွေးကောက်ပွဲ ဝင်ဖို့ရာ ကျနော်တို့ တိုက်တွန်းတာဖြစ်ပါတယ်။ ဒါကတော့ ဒေါ်စု အနေနဲ့ သူ့ဟာသူ အသစ်ပဲ ထောင်ထောင်၊ အဟောင်းကိုပဲ ပြန် အသက်သွင်းသွင်းပေါ့ဗျာ။ သူ့အနေနဲ့ ရွေးကောက်ပွဲ ဝင်ပြီးတော့ ဒီမိုကရေစီကျင့်စဉ် အတိုင်း ကျနော်တို့ တိုင်းရင်းသားညီနောင် ၅ ပါတီ ရွေးကောက်ပွဲ ဝင်သလိုပဲ သူတို့ ရွေးကောက်ပွဲ ဝင်ပြီးတော့ ဒီမိုကရေစီကျင့်စဉ်တစ်ခုကို လုပ်ပြလိုက်ခြင်းအားဖြင့် ဒီကိစ္စနဲ့ပတ်သက်လို့ ကျနော်တို့မှာလည်း အတူတကွ အားရှိသွားတာပေါ့ဗျာ။ အဲဒီအခြေအနေပါ။”

၂၀၀၈ ဖွဲ့စည်းပုံပါ အချက်တချို့အပေါ် သဘောမတူတဲ့အတွက် ပြီးခဲ့တဲ့ ၂၀၁၀ နိုဝင်ဘာလ ရွေးကောက်ပွဲကို မဝင်ဖို့ NLD က ဆုံးဖြတ်ခဲ့တာပါ။ အဲဒီ ဖွဲ့စည်းပုံပါအချက်တချို့ကို ရွေးကောက်ပွဲကော်မရှင်က အဆိုတင်သွင်း ပြင်ဆင်ဖို့ လုပ်ဆောင်နေတဲ့အပေါ် လက်ခံကြိုဆိုတဲ့အကြောင်း NLD ပြောခွင့်ရပုဂ္ဂိုလ် ဦဉာဏ်ဝင်းက ပြောထားပါတယ်။ ဒါပေမဲ့ ၂၀၀၈ ဖွဲ့စည်းပုံမှာ ပြင်ဆင်စရာတွေ အများကြီးကျန်သေးတယ်လို့ ဦးဇိုဇမ်က ဆက်ပြောပါတယ်။

“ကျနော့် အနေနဲ့တော့ အခြေခံဥပဒေ ပြင်ဆင်ချက်ကတော့ မလုံလောက်သေးဘူးဆိုတဲ့ ကျနော့်ရဲ့ ပုဂ္ဂလိကအမြင် ရှိပါတယ်။ ဒါပေမဲ့ သူတို့အခု ပြင်ဆင်ဖို့တောင်းဆိုတဲ့ အဖွဲ့တွေ သူတို့လိုအင်ဆန္ဒ ပြည့်မပြည့်ကတော့ သူတို့ပဲ သိပါလိမ့်မယ်ထင်တယ်။ ဆိုတော့ လုံလောက် မလုံလောက်ပေါ့ဗျာ။ ကျနော့်အနေနဲ့ကတော့ အခြေခံဥပဒေထဲမှာ ကျနော်တို့ ထပ်ပြီးတော့ ပြင်ဆင် ဖြည့်စွက်စရာတွေတော့ အမြောက်အများ ရှိပါတယ်။ အဲဒါကို ကျနော်တို့က ကြိုးစားပြီးတော့ လွှတ်တော်ထဲကိုရောက်ဖို့ ကြိုးစားနေတုန်း ရှိပါတယ်။”

NLD ပါတီ မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်ရင်တော့ ဒီမိုကရေစီ အင်အားစုတွေအတွက် အင်အားတစ်ခု ဖြစ်လာမယ်လို့လည်း ဦးဇိုဇမ်က သုံးသပ်ပါတယ်။

“သူတို့ ဝင်သာတဲ့အခြေအနေ ရှိမယ်ဆိုရင်တော့ သူတို့ ဝင်လိုက်ရင်တော့ ကောင်းပါတယ်။ ဒါကတော့ ကျနော့် အမြင်ပေါ့ဗျာ။ ဘာပဲပြောပြော ဒီနေရာမှာ ကျနော်တို့ ဒီမိုကရက်တစ်ပါတီတွေ အနေနဲ့လည်း ကျနော်တို့က ဒီအချိန်မှာ မိတ်ဆွေကောင်းတစ်ယောက် ပေါ်ထွက်လာမယ်ဆိုတာကို ကြိုဆိုတဲ့သဘောပါ။”

ချင်းအမျိုးသားပါတီ ဥက္ကဋ္ဌ ဦးဇိုဇမ် ပြောပြခဲ့တာပါ။

ညီနောင်တိုင်းရင်းသား ၅ ပါတီက ဒီကနေ့ ထုတ်ပြန်တဲ့ကြေညာချက်အထဲ တောင်းဆိုထားတဲ့ တခြား အချက် ၄ ချက်ကတော့ နိုင်ငံရေးအကျဉ်းသား တချို့ကို ပြန်လွတ်ပေးလိုက်တဲ့အပေါ် ကြိုဆိုပေမဲ့ နှစ်ရှည်လများ အပြစ်ဒဏ် ချမှတ်ခံနေရတဲ့ ဦးခွန်ထွန်းဦးနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ၊ ကိုမင်းကိုနိုင်နဲ့ ကျောင်းသား ခေါင်းဆောင်တွေ အပါအဝင် ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးရေး၊ တိုင်းရင်းသားတွေနဲ့ ဖြစ်နေတဲ့ ပဋိပက္ခကို ဖြေရှင်းဖို့ ပညာရှင်တွေနဲ့ အဖွဲ့အစည်းအသီးသီးက ပုဂ္ဂိုလ်တွေ ပါဝင်တဲ့ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပေးရေး၊ ညီနောင်တိုင်းရင်းသား ၅ ပါတီက ကိုယ်စားလှယ်တွေ နိုင်ငံတကာက ဒီမိုကရေစီပါတီများနဲ့ တွေ့ဆုံခွင့်ရရေး၊ ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဇံ လွှတ်တော်အစည်းအဝေး တက်ရောက်နေစဉ် ကိုယ်စားလှယ်အဖြစ်က ရုပ်သိမ်းခံရတဲ့အပေါ် စိတ်မကောင်းဖြစ်မိကြောင်း စတာတွေ ပါဝင်ပါတယ်။

ညီနောင်တိုင်းရင်းသား ၅ ပါတီထဲမှာပါတဲ့ ပါတီတွေကတော့ ချင်းအမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရက်တစ်ပါတီနဲ့ ဖလုံစဝေါ် ပါတီတို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG