သုံးရလွယ်ကူစေသည့် Link များ

ပါတီမှတ်ပုံတင်ဥပဒေ အတည်ပြုချက် NLD အကောင်းမြင်

  • ဦးစံမိုးဝေ

ပါတီမှတ်ပုံတင်ဥပဒေ အတည်ပြုချက် NLD အကောင်းမြင်

မြန်မာနိုင်ငံက နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်ဖို့ သမ္မတဦးသိန်းစိန်က မနေ့က အတည်ပြုလိုက်တာဟာ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ထားတဲ့ အဓိက အတိုက်အခံ နိုင်ငံရေးပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို မြန်မာ့နိုင်ငံရေးမှာ ပြန်လည်ပါဝင်လာနိုင်အောင် လမ်းဖွင့်လိုက်တာ ဖြစ်တယ်ဆိုပြီး ရှုမြင်သုံးသပ်ကြပါတယ်။ ဒီအမြင်ကို ကြိုဆိုသူတွေရှိသလို လက်မခံတဲ့သူတွေလည်း ရှိကြပါတယ်။ NLD ပါတီ အနေနဲ့ကော တကယ်ပဲမှတ်ပုံတင်တော့မှာလား။ ဒီလိုမှတ်ပုံတင်လိုက်ရင် ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို မျက်ကွယ်ပြုလိုက်သလို ဖြစ်သွားမလား။ NLD ပါတီရဲ့ ခေါင်းဆောင်းတစ်ဦးဖြစ်သူ ဦးဝင်းတင်၊ ပြည်ပရောက် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဦးဘိုလှတင့် တို့ကို ဦးစံမိုးဝေက ဆက်သွယ် မေးမြန်း တင်ပြထားပါတယ်။

မြန်မာနိုင်ငံက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပါ အချက်အလက်တချို့ကို လွှတ်တော်နှစ်ရပ်စလုံးက ပြန်လည် ပြင်ဆင်ခဲ့ပြီးတဲ့နောက် သောကြာနေ့မှာ သမ္မတဦးသိန်းစိန် လက်မှတ်ရေးထိုး အတည်ပြုလိုက်ပြီလို့ တရားဝင် ထုတ်ပြန် ကြေညာခဲ့ပါတယ်။

ဥပဒေအဟောင်းထဲမှာပါဝင်တဲ့ အခြေခံဥပဒေကို ထိန်းသိန်းစောင့်ရှောက်ရေး ဆိုတာကို လေးစားလိုက်နာ ဆိုတဲ့စာသား ပြင်ဆင်ရေးသားလိုက်သလို နိုင်ငံရေးပါတီတစ်ခုဟာ အနည်းဆုံးမဲဆန္ဒနယ် သုံးခုမှာ ပါဝင်ယှဉ်ပြိုင်ရမည် ဆိုတဲ့အချက်နဲ့ ထောင်ဒဏ်ကျခံနေသူများ နိုင်ငံရေးပါတီဝင် မဖြစ်စေရဆိုတဲ့ ကန့်သတ်ချက်တွေကို ပယ်ဖျက်လိုက်တာ ဖြစ်ပါတယ်။

လေ့လာသုံးသပ်သူ အများစုကတော့ ဒီလို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်တာတွေ၊ ဖျက်သိမ်း တာတွေ ပြုလုပ်လိုက်တာဟာ အဓိက အတိုက်အခံပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့ကို လက်ရှိနိုင်ငံရေးမှာ ပါဝင်နိုင်အောင် လမ်းဖွင့်ပေးလိုက်တာ ဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။

ဒီလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မှတ်ပုံတင်ပြီးရင် ကြားဖြတ်ရွေးကောက်ပွဲမှာ ပါဝင်ခွင့်ရှိသွားမှာ ဖြစ်ပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်တင်က အခုလို ပြောပါတယ်။

“ကျနော်တို့ပါတီဟာ ဥပဒေသစ်ပေါ်ပေါက်လာမယ် ဆိုလို့ရှိရင် ဒီဥပဒေသစ်မှာလည်း အရင်နဲ့မတူဘဲ ပြင်ဆင်ချက်များ ရှိလာတယ်ဆိုရင်တော့ ဒါကို ကျနော်တို့ သဘောကျသင့်သလောက် ကျတယ်ပေါ့ဗျာ။ သို့သော် သဘောကျသော်လည်း ဒီဥပဒေအတိုင်း ကျနော်တို့ မှတ်ပုံတင်မယ်မတင်ဘူး ဆိုတဲ့ကိစ္စက ကျနော်တို့ တစ်ဦးတစ်ယောက်ရဲ့ ဆုံးဖြတ်ချက်နဲ့ ဖြစ်မှာမဟုတ်ဘူး။ ဗဟိုအလုပ်မှုဆောင်ကော်မတီမှာ ကျနော်တို့ တင်ပြပြီးတော့ ညှိနှိုင်းပြီးတော့ ဆုံးဖြတ်ရမယ်။ အဲဒီဟာပြီးလို့ရှိရင် နောက်တခါထပ်ပြီးတော့ ဗဟိုကော်မတီပေါ့၊ တပြည်လုံးမှာရှိတဲ့ ကျနော်တို့ရဲ့ ဗဟိုခေါင်းဆောင်များရဲ့ သဘောတူညီချက်ကို ယူရဦးမယ်။ ဘယ်လိုဖြစ်မယ်ဆိုတာတော့ ကျနော်တို့ ပြောလို့မရဘူးပေါ့ခင်ဗျာ။ သို့သော် ကျနော်တို့ ဒီဥပဒေနဲ့ပတ်သက်ပြီးတော့ စဉ်းစားမယ်၊ ညှိနှိုင်းမယ်၊ ဆုံးဖြတ်မယ် ဆိုတဲ့လုပ်ငန်းတွေတော့ ရှေ့မှာရှိနေပါတယ်။ အဲဒီလုပ်ငန်းတွေ အားလုံးအပေါ်မှာတော့ ကျနော်တို့က အကောင်းမြင်ပါတယ်။ ကျနော်တို့ပါတီက မှတ်ပုံတင်တဲ့ အနေအထားမျိုးဘက်ကို ဆန္ဒရှိတဲ့အတိုင်းပဲ ပါတီတခုလုံးရဲ့ ဆုံးဖြတ်ချက်ကလည်း ဥပဒေနဲ့အညီ ကျနော်တို့ပါတီကို မှတ်ပုံတင်ဖို့ အလားအလာအများကြီးရှိတယ်လို့ ယူဆတယ်လို့ ပြောနိုင်ပါလိမ့်မယ်။”

တကယ်လို့ NLD အနေနဲ့များ ပါတီမှတ်ပုံတင်ပြီး ကြားဖြတ်ရွေးကောက်ပွဲ ၀င်မယ်လို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် မှန်ကန်တဲ့ ဆုံးဖြတ်ချက်လို့ ယူဆနိုင်မလားလို့ ၁၉၉၀ ရွေးကောက်ပွဲမှာ မိုးကုတ်မြို့ နယ် မဲဆန္ဒနယ်အမှတ် (၂) က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကိုယ်စားလှယ်အဖြစ်နဲ့ ရွေးကောက် တင်မြှောက်ခံခဲ့ရတဲ့ ဦးဘိုလှတင့်ကို မေးမြန်းရာမှာတော့ -

“၁၉၉၀ ရွေးကောက်ပွဲမှာ ပြည်သူလူထုက ကျနော်တို့ကို ရွေးချယ်ခဲ့တယ်ဆိုတာလည်း မှန်ပါတယ်။ သို့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် တိုင်းပြည်ရဲ့အကျိုး၊ ပြည်သူလူထုရဲ့အကျိုး တိုက်ရိုက် သယ်ပိုးထမ်းဆောင်နိုင်ခြင်း မရှိခဲ့ဘူးပေါ့။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်လည်း ဒီလိုပါပဲ။ အဲတော့ ခုနေခါမယ် ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို ကိုင်စွဲထားတာက ကျနော်တို့ရဲ့ ခံယူချက်ဖြစ်ပါတယ်။ သို့သော်တိုင်းပြည်နဲ့ ပြည်သူလူထုအကျိုးကို တကယ့်လက်တွေ့ကျကျ ထမ်းဆောင်ချင်တယ် ဆိုရင်တော့ ဒီကနေ့တိုင်းပြည်က အသွင်ကူးပြောင်းရေးကာလကို တကယ် စစ်စစ်မှန်မှန်ပဲ သွားမယ်လို့ ယုံကြည်လို့ရှိရင် ဒီလမ်းကြောင်းပေါ်မှာ ပြတ်ပြတ်သားသား လျှောက်တာက လက်တွေ့ကျတယ်လို့ ကျနော်တို့ ခံယူပါတယ်။”

နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဥပဒေအပေါ် ပြင်ဆင်တဲ့ဥပဒေအသစ်ကို သမ္မတဦးသိန်းစိန် လက်မှတ်ရေးထိုး လိုက်ချိန်ဟာ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာခေါင်းဆောင်တွေ နေပြည်တော်ကိုသွားရောက်ပြီး မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးတွေ ပြုလုပ်ဖို့ တိုက်တွန်းအားပေးခဲ့ချိန်နဲ့ တိုက်ဆိုင်နေပါတယ်။

မြန်မာနိုင်ငံကိုသွားရောက်ခဲ့တဲ့ အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဒဲရက်မစ်ချဲလ် (Derek Mitchell) က “ပါတီအမှတ်ပုံတင်ခြင်းဥပဒေ ပြင်ဆင်ချက်ဟာ NLD ပါတီ နိုင်ငံရေးစနစ်ထဲ ၀င်နိုင်ဖို့အတွက် အလွန်အရေးကြီးတဲ့ ခြေလှမ်းတစ်ရပ် ဖြစ်တယ်။ ဒီလိုသာဖြစ်ခဲ့ရင် အမေရိကန်အနေနဲ့ တနည်းနည်းနဲ့ တုံ့ပြန်ဖို့ စဉ်းစားပေးနိုင်တယ်၊ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း အမေရိကန်ဟာ မြန်မာအစိုးရနဲ့ နီးနီးကပ်ကပ် ဆက်ပြီးတော့ လုပ်ဆောင်နေတယ်၊ ဒီလိုဥပဒေ ပြင်ဆင်မှုဟာ ပြုပြင် ပြောင်းလဲရေးရဲ့ လက္ခဏာတစ်ခု ဖြစ်တယ်။ NLD မှတ်ပုံတင်မတင် ဆိုတာကတော့ NLD အပေါ်မှာပဲ မူတည်တယ်၊” - လို့ပြောပါတယ်။

အခုသီတင်းပတ်အတွင်း နေပြည်တော်မှာ မြန်မာအစိုးရခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ပို့စနာကလည်း ကြားဖြတ် ရွေးကောက်ပွဲတွေဟာ လွတ်လပ်ပြီးတော့ တရားမျှတမှု ရှိရမယ်။ မြန်မာပြည်သူတွေအနေနဲ့ သူတို့ရဲ့ နိုင်ငံရေးအမြင်တွေကို လွတ်လွတ်လပ်လပ် ထုတ်ဖေါ်ခွင့် ရ ရမယ်၊ နိုင်ငံရေးပါတီတွေအနေနဲ့လည်း လွတ်လပ်စွာ စည်းရုံးလှုံ့ဆော်ခွင့် ရှိရမယ်လို့ ပြောဆိုသွားပါတယ်။

XS
SM
MD
LG