သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် ကြားဖြတ်ရွေးကောက်ပွဲ ဝင်နိုင်ခြေရှိ


ဒေါ်အောင်ဆန်းစုကြည် ကြားဖြတ်ရွေးကောက်ပွဲ ဝင်နိုင်ခြေရှိ
ဒေါ်အောင်ဆန်းစုကြည် ကြားဖြတ်ရွေးကောက်ပွဲ ဝင်နိုင်ခြေရှိ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအနေနဲ့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ရေး မတင်ရေးကို လာမယ့်နိုဝင်ဘာ ၈ ရက်၊ အင်္ဂါနေ့ကျရင် ဆုံးဖြတ်မယ်လို့ NLD ပါတီက ပြောပါတယ်။ NLD ဟာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ဖို့ အလားအလာများသလို ကျင်းပဖို့ရှိတဲ့ ကြားဖြတ်ရွေးကောက်ပွဲတွေမှာ ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက် ယှဉ်ပြိုင်နိုင်ခြေ ရှိတယ်လို့လည်း NLD ပါတီ ပြောရေးဆိုခွင့်ရှိသူက ဗွီအိုအေက ပြောပါတယ်။ ဒီအခြေအနေ အပြည့်အစုံကိုတော့ မသင်းသီရိ က တင်ပြထားပါတယ်။

နိုဝင်ဘာလ ၄ ရက်နေ့စွဲနဲ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ထုတ်ပြန်လိုက်တဲ့ နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း ဥပဒေပြင်ဆင်ချက်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက တောင်းဆိုထားတဲ့ အချက်တွေနဲ့ ကိုက်ညီတာမို့ NLD ပါတီဟာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ဖို့ အလားအလာ အများကြီးရှိတယ်လို့ NLD ပါတီ ခေါင်းဆောင်တွေက ပြောပါတယ်။

ဒါကြောင့် လာမယ့်နိုဝင်ဘာလ ၈ ရက်၊ အင်္ဂါနေ့မှာ ရန်ကုန် ဗဟန်း ရွှေဂုံတိုင်က NLD ပါတီရုံးချုပ်မှာ NLD ပါတီခေါင်းဆောင်တွေ ဒီကိစ္စအတွက် အစည်းအဝေးလုပ်ပြီး ဆုံးဖြတ်ချက်ချမှာမို့ NLD ပါတီက ပြောခွင့်ရသူ ဦးဉာဏ်ဝင်းကို ဆက်သွယ်ပြီး နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ရေး အလားအလားကို မေးကြည့်တော့ ဦးဉာဏ်ဝင်းက အခုလို စဖြေပါတယ်။

“ဟုတ်ပါတယ်။ မှတ်ပုံတင်ဖို့ အလားအလာ ပိုကောင်းပါတယ်။ ဒီကိစ္စကို ဘယ်သူတွေနဲ့ စဉ်းစားသုံးသပ်မယ်၊ ဘယ်သူတွေနဲ့ ဆုံးဖြတ်ချက်ယူမယ်၊ အဲဒီအဆင့်ကစပြီးတော့ စဉ်းစားရမှာ။ တင်ဖြစ်ဖို့အလားအလာ အများကြီးရှိတယ်လို့ ကျနော်တော့ မြင်ပါတယ်။”

မှတ်ပုံတင်ပြီးပြီဆိုရင် NLD ပါတီက မကြာခင်လုပ်မယ်ဆိုတဲ့ ရွေးကောက်ပွဲတွေမှာ ဝင်ပြီးတော့ပြိုင်မှာလားရှင့်။ -

“ဥပဒေသဘောအရကို ဝင်ကိုပြိုင်ရမယ်၊ မပြိုင်လို့မရဘူး။”

ဥပဒေကြောင်းနဲ့ကိုက်ညီအောင် NLD က ကြားဖြတ်ရွေးကောက်ပွဲတွေမှာ ဝင်မယ်ပေါ့။ -

“ဟုတ်ပါတယ်။”

အန်ကယ်တို့ ဘယ်နေရာလောက်အထိ ဘယ်လောက်အထိ ဝင်ပြိုင်ဖို့ အဆင်သင့် ဖြစ်နေပါပြီလဲရှင့်။ -

“ကျနော်တို့ အဲဒီ ကြားဖြတ်ရွေးကောက်ပွဲ vacancy တွေ၊ ဝင်ရမယ့်နေရာတွေအတွက် မစဉ်းစားနိုင်သေးဘူး။ ကျနော်တို့က မှတ်ပုံတင်မလား မတင်ဘူးလား ဆိုတာကို ကျနော်တို့ ပါတီတွင်း ညှိနှိုင်းဖို့ အရင်လုပ်ရမှာပါ။ အဲဒါပြီးမှ ခုနကဟာကို စဉ်းစားလို့ရပါမယ်။”

မှတ်ပုံတင်ဖို့နဲ့ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ဖို့ကိစ္စ တခါတည်း အင်္ဂါနေ့မှာ ဆွေးနွေးမှာလား။ -

“မဟုတ်ပါဘူးခင်ဗျ။ မှတ်ပုံတင်ဖို့ကိစ္စကို စဉ်းစားသုံးသပ်မယ်။ ဘယ်သူတွေနဲ့ ဆုံးဖြတ်ချက်ယူမယ် ဆိုတာ စတင်ပြီးတော့ စဉ်းစားရမှာ။”

ဆိုတော့ အခု နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်မယ်။ မှတ်ပုံတင်ဖြစ်ပြီဆိုရင် ဥပဒေကြောင်းအရ ဥပဒေသဘောအရ ကြားဖြတ်ရွေးကောက်ပွဲတွေမှာ NLD က ဝင်ရောက်ယှဉ်ပြိုင်ခဲ့မယ်ဆိုရင် ဒါဟာ ၂၀၀၈ ဖွဲ့စည်းပုံကို လက်ခံတယ်ဆိုတဲ့သဘောလားရှင့်။ -

“ကျနော်တို့က ၂၀၀၈ ဖွဲ့စည်းပုံကိုရော အခုရှိနေတဲ့ လွှတ်တော်ရော၊ အခုရှိနေတဲ့ အစိုးရအဖွဲ့ကိုရော အရှိအတိုင်း ကျနော်တို့ လက်ခံပါတယ်။ ကျနော်တို့ ကြိုက်တယ်မကြိုက်တယ် ဆိုတဲ့သဘောမျိုးနဲ့ လက်ခံတာမဟုတ်ပါဘူး။ အရှိအတိုင်း လက်ခံရမှာပဲ။ ရှိလည်းရှိနေတာကိုး။”

ဒီလိုမျိုး ကြားဖြတ်ရွေးကောက်ပွဲ ဝင်ဖြစ်မယ်ဆိုရင် ဒီကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဝင်ပြိုင်ဖို့ အစီအစဉ် ရှိပါသလားရှင့်။ -

“အဲဒါလည်း ဖြစ်နိုင်ချေအများကြီး ရှိပါတယ်။ ဒါ ဆုံးလည်း မဆုံးဖြတ်ရသေးဘူး။ ကျနော်တို့ ညှိနှိုင်းကြရဦးမှာ။”

အန်တီ ဒေါ်အောင်ဆန်းစုကြည်က ဘယ်နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ အန်ကယ် ခန့်မှန်းပါလဲရှင့်။ -

“ဝင်ဖို့တောင် ဆုံးဖြတ်ရဦးမှာဆိုတော့ အဲဒီနေရာကလည်း ကျနော်တို့ မသိပါဘူး။ နောက် ရွေးကောက်ပွဲ ကော်မရှင်ကနေ vacancy တွေကို ကြေညာမှာ။ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့်နေရာတွေကို ကြေညာမှာ။ ကျနော်တို့ ဒီစာရင်းလည်း မရသေးပါဘူး။”

ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်က ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အလားအလာတော့ ရှိနိုင်တယ်လို့ အန်ကယ် ပြောတာလား။ -

“ဟုတ်ပါတယ်။ ဟုတ်ပါတယ်။ အလားအလာ ရှိပါတယ်။”

NLD ပါတီရဲ့ ပြောခွင့်ရသူ ဦးဉာဏ်ဝင်းကို ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပြင်ဆင်ချက် အချက်သုံးချက်ထဲမှာ နိုင်ငံရေးပါတီဝင်အဖြစ် အရည်အချင်းဖွင့်ဆိုထားတဲ့ ပုဒ်မ (၁၀) ထဲက အကျဉ်းသားဖြစ်သွားပြီဆိုရင် နိုင်ငံရေးပါတီဝင်အဖြစ်က နုတ်ထွက်ပေးရမယ် ဆိုတာနဲ့ အကျဉ်းသားဟောင်းဆိုရင် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရှိဘူးလို့ ပြဌာန်းထားတဲ့ ပုဒ်မခွဲ (င) ကို ပယ်ဖျက်တယ်ဆိုတဲ့ အချက်ရယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်း စောင့်ရှောက်ရမယ် ဆိုတဲ့နေရာမှာ လေးစားလိုက်နာရမယ်လို့ ပြောင်းလဲလိုက်တာ ပါဝင်သလို မှတ်ပုံတင်ခွင့်ရတဲ့ နိုင်ငံရေးပါတီတွေအနေနဲ့ ကြားဖြတ် ရွေးကောက်ပွဲတွေမှာ အနည်းဆုံး သုံးနေရာ ပါဝင်ယှဉ်ပြိုင်ရမယ် ဆိုတဲ့ အချက်တွေပါဝင်ပါတယ်။

XS
SM
MD
LG