NLD ပါတီ တရားဝင် မှတ်ပုံတင်ခွင့် အတည်ပြုချက်ရတာနဲ့ ပါတီဖွဲ့စည်းပုံအသစ် အပါအဝင် ကြားဖြတ် ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်တွေရဲ့ အမည်စာရင်းတွေကို ထုတ်ပြန်မယ်လို့ NLD က ပြောပါတယ်။ နောင်ကျင်းပမယ့် ရွေးကောက်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရဖို့ နေပြည်တော် ရွေးကောက်ပွဲကော်မရှင်မှာ ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ကိုယ်တိုင် သွားရောက် မှတ်ပုံတင် ခဲ့ကြတာပါ။ အပြည့်စုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။
မနေ့က NLD ပါတီ တရားဝင်မှတ်ပုံတင်ပြီး ဖြစ်တာကြောင့် ဒီမှတ်ပုံတင်တဲ့ကိစ္စအပေါ် ကန့်ကွက်လိုသူ ရှိမရှိ ဒီကနေ့ထုတ် သတင်းစာထဲမှာ ကြော်ငြာ ပါလာတာကြောင့် မကြာခင် သီတင်း တပတ်လောက်အတွင်း မှတ်ပုံတင်တဲ့ကိစ္စ အတည်ဖြစ်နိုင်ခြေရှိတယ်လို့ ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ခန့်မှန်း ပြောဆိုပါတယ်။
ဒါကြောင့်လည်း ဒီအတည်ပြုချက် ကျလာပြီးတာနဲ့ ပါတီရဲ့ ဖွဲ့စည်းပုံအသစ်နဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်းတွေကို မကြာခင်မှာ ထုတ်ပြန်နိုင်ဖို့ စီစဉ်နေတယ်လို့ ဦးဉာဏ်ဝင်းက ဗွီအိုအေကို ပြောပါတယ်။
“ကျနော်တို့ ဒီဥစ္စာကို သိပ်မကြာခင်အချိန်မှာ ထုတ်ပြန်နိုင်ဖို့ ကြိုးစားနေတယ်။ ပြောတော့ ပြောထားတာပေါ့ဗျာ၊ ဆွေးနွေးထားတာတော့ ရှိတယ်ပေါ့။ လုပ်ငန်းက ဒီ မှတ်ပုံတင်ရေးကိစ္စ ချောချောမွေ့မွေ့ဖြစ်ဖို့ ဦးစားပေးနေရတာကိုး။ ကျနော်တို့ မနေ့က အဖွဲ့ချုပ် မှတ်ပုံတင်တဲ့လျှောက်လွှာ သွားတင်ပြီးတော့ ဒီနေ့ ကန့်ကွက်သူရှိမရှိ ကြော်ငြာ ဒီနေ့သတင်းစာတွေထဲမှာ ပါလာတယ်။ ကန့်ကွက်သူ ရှိမရှိကို ခုနှစ်ရက်အတွင်း အထောက်အထားနဲ့ ကန့်ကွက်နိုင်တယ်ပေါ့။ ဒါမရှိဘူးဆိုရင် ကျနော် ထင်ပါတယ်၊ နှစ်ပတ်သုံးပတ်နဲ့ ဒီဟာ ပြီးပြတ်သွားမယ်လို့ ထင်ပါတယ်။”
ပါတီမှတ်ပုံတင်တဲ့ကိစ္စ ကန့်ကွက်လိုသူ ရှိမရှိ သတင်းစာထဲ ကြော်ငြာတာကတော့ ကော်မရှင်က လုပ်ထုံးလုပ်နည်းအရ လုပ်ဆောင်တာသာ ဖြစ်တယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။
“ဒီဥစ္စာကတော့ ကော်မရှင်အလုပ်ပါ။ ကျနော်တို့အလုပ် မဟုတ်ဘူး။ ကျနော်တို့က တင်ပြီးသွားပြီ။ ကျနော်တို့ မနေ့ကလည်း မေးတယ်။ ဘယ်လောက် ကျလာနိုင်သလဲလို့ ဆိုတော သူတို့က ကြော်ငြာကိုလည်း အမြန်ဆုံး ထည့်ပါမယ်တဲ့။ ကြောငြာမှာပေးထားတဲ့ ရက်တွေ ပြီးသွားလို့ရှိရင် ကျနော်တို့ ကျလာနိုင်တယ်ဆိုတဲ့ သဘောမျိုး ကျနော်တို့ကို ဖြေပါတယ်။ ရက်အတိအကျတော့ မပြောဘူးပေါ့။ ဒါကလည်း မှန်ပါတယ်။ ပြောလို့လည်းမရပါဘူး။ အဲဒီတော့ ကျနော် ခန့်မှန်းတာကတော့ နှစ်ပတ်သုံးပတ်လောက်အတွင်းမှာ ကျနော်တို့တင်တဲ့ မှတ်ပုံတင်ခွင့်ပြုချက်၊ မှတ်ပုံတင် ခွင့်ပြုမယ်လို့ ကျနော်တော့ မျှော်လင့်ပါတယ်။”
မနေ့က ရွေးကောက်ပွဲကော်မရှင်မှာ ပါတီမှတ်ပုံတင်ရင်း ကြားဖြတ်ရွေးကောက်ပွဲ ဘယ်တော့လောက် ကျင်းပဖြစ်မလဲဆိုတာကို ကော်မရှင်ဥက္ကဋ္ဌထံ NLD ဘက်က စုံစမ်း မေးမြန်းခဲ့ပေမဲ့ သူ့အနေနဲ့ ဘယ်နေ့ကျင်းပမယ်ဆိုတာ သတ်မှတ်ထားပြီး ဖြစ်ပေမဲ့လည်း အတည်ပြုချက် မရသေးတဲ့အတွက် ဘယ်နေ့ဖြစ်မယ်ဆိုတာကို ထုတ်ပြန်လို့ မရသေးကြောင်း ပြန်အကြောင်းကြားခဲ့တယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။
နောင်ကျင်းပမယ့် ရွေးကောက်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ခေါင်းဆောင်တွေဖြစ်ကြတဲ့ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်တို့ ကိုယ်တိုင် နေပြည်တော်ကိုသွားပြီး မနေ့က သောကြာနေ့မှာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှာ လက်မှတ်ထိုး မှတ်ပုံတင်ခဲ့ကြတာ ဖြစ်ပါတယ်။
နေပြည်တော်မှာ ရောက်နေစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌအပြင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့နဲ့ သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။
NLD ပါတီကို မကြာခင် အသစ်ပြန်လည် ဖွဲ့စည်းတဲ့အခါ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးအဖွဲ့သာ ရှိတော့မှာဖြစ်ပြီး ဒုဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူး စတဲ့ ရာထူးတွေ ဆက် ရှိတော့မှာမဟုတ်ဘူးလို့ သိရပါတယ်။