သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါတီမှတ်ပုံတင်ရေး NLD စောင့်ဆိုင်း


ပါတီမှတ်ပုံတင်ရေး NLD စောင့်ဆိုင်း
ပါတီမှတ်ပုံတင်ရေး NLD စောင့်ဆိုင်း

မြန်မာ့နိုင်ငံရေး လုပ်ငန်းစဉ်တွေမှာ အားလုံးပါဝင်ခွင့် ရစေဖို့ နိုင်ငံတကာ အသိုင်းအဝန်းက လိုလားနေတဲ့ တချိန်တည်းမှာပဲ မြန်မာနိုင်ငံမှာ အဓိက နိုင်ငံရေး အင်အားစုဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ အနေနဲ့ တရားဝင် မှတ်ပုံတင်နိုင်ရေးကို မျှော်လင့်နေပါတယ်။ အစိုးရသစ် တက်လာချိန်ကစလို့ အပြောင်းအလဲတွေ လုပ်သွားမယ်လို့ ကတိပေးထားတဲ့အတိုင်း အစိုးရသစ် အကောင်အထည်ဖော်တဲ့ နေရာမှာ တချိန်က ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ NLD လို ဒီမိုကရေစီ လိုလားတဲ့ နိုင်ငံရေး အင်အားစုတွေကို ဘေးဖယ်မထားဖို့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း လိုလားနေကြတာပါ။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရသစ် တရပ်အဖြစ် ထွက်ပေါ်လာတဲ့ ရွေးကောက်ပွဲမှာ မှတ်ပုံတင် ပါဝင်တာတွေ မလုပ်ဖို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ဆုံးဖြတ်ထားပေမဲ့ တိုင်းပြည်မှာ ပြန်လည်သင့်မြတ်ရေးအတွက် နိုင်ငံရေးပါတီ တခုအဖြစ် တရားဝင် အသိအမှတ်ပြု လက်ခံဖို့ လိုမယ်လို့ နိုင်ငံတကာ အသိုင်းအဝန်းက မြင်ပါတယ်။ ဗြိတိန်နိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး မာ့ခ် ဂရန့်တ် (Mark Grant) က ဆိုရင်လည်း နိုင်ငံရေးပါတီ တခုအဖြစ် အစိုးရက အသိအမှတ် ပြုမထားတဲ့ NLD ပါတီကို မှတ်ပုံတင်ခွင့် ပေးတာလို အစိုးရဘက်က ဆောင်ရွက်တာတွေ မြင်ချင်တဲ့အကြောင်း ကုလသမဂ္ဂ ရုံးချုပ်မှာ အင်္ဂါနေ့နှောင်းပိုင်း ပြုလုပ်တဲ့ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့မိတ်ဆွေ နိုင်ငံများအဖွဲ့ ဆွေးနွေးပွဲအပြီးမှာ သတင်းထောက်တွေကို ပြောခဲ့တာပါ။

NLD ဗဟိုကော်မတီဝင် တဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းကလည်း ဒီလိုအခြေအနေတွေ ပေါ်ပေါက်လာဖို့ ပါတီအနေနဲ့ မျှော်လင့်နေတဲ့အကြောင်း ပြောပါတယ်။

“NLD ပါတီ မှတ်ပုံတင်နိုင်မယ့် အခြေအနေတရပ် ဖြစ်ဖို့ လိုနေတယ်လို့ ကျနော်တို့ တွက်ထားပါတယ်။ သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးတဲ့ အချက်တွေကိုတော့ ကျနော်တို့ မသိပါဘူး။ ဒါကြောင့် အဲဒီဆွေးနွေးပွဲရဲ့ သူတို့ မျှော်မှန်းထားတာတွေ ဖြစ်ပေါ်လာဖို့ စောင့်မျှော်နေတာ အခု နည်းနည်း နောက်ကျလာပြီဆိုတဲ့ သဘောတော့ တွေ့တယ်။ ဒါကြောင့် တကယ်လို့ NLD ပါတီ အနေနဲ့ကတော့ မှတ်ပုံတင်နိုင်မယ့် အခြေအနေတခု ပေါ်ပေါက်လာရင်တော့ ကျနော်တို့ ဒီဟာကို စဉ်းစား ဆုံးဖြတ်မှာပါ။ ကြိုတင် ဆုံးဖြတ်ထားတာတော့ မရှိပါဘူး။”

ပြီးခဲ့တဲ့ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလမှာ ကျင်းပတဲ့ ရွေးကောက်ပွဲတွေကိုတော့ ဒီမိုကရေစီ အခြေခံတွေ ကင်းမဲ့တယ်ဆိုပြီး NLD ပါတီက ပြောဆိုခဲ့သလို မှတ်ပုံမတင်ဘဲ နေခဲ့တဲ့အတွက် တရားဝင် နိုင်ငံရေးပါတီတခု မဟုတ်ဘူးဆိုပြီး အာဏာပိုင်တွေက သဘောထားနေကြတာပါ။ ဒါပေမဲ့လည်း အစိုးရသစ် တက်လာပြီးတဲ့နောက် ပထမဆုံး အကြိမ်အဖြစ် ပြီးခဲ့တဲ့လထဲ သမ္မတ ဦးသိန်းစိန်နဲ့ NLD ပါတီရဲ့ အဓိက ခေါင်းဆောင်တဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်မှာ တွေ့ဆုံခဲ့တာလို ဖြစ်ထွန်းမှုတွေ ရှိလာတဲ့အတွက် အခြေအနေတွေ ပြောင်းလဲလာလေမလား မျှော်လင့်ချက်တွေလည်း ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် မိန့်ခွန်းပြောရာမှာလည်း မြန်မာနိုင်ငံဟာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို လုပ်ဆောင်ဖို့ သန္နိဋ္ဌာန် ချထားသလို ရှေ့လျှောက် ဆက်လုပ်သွားမှာလည်း ဖြစ်တယ်လို့ ထည့်သွင်း ပြောဆိုသွားတာပါ။ ဒီအတွက်လည်း မကြာခင်မှာ အပြောင်းအလဲတွေ ဖြစ်လာလိမ့်မယ်လို့ သြစတြေးလျ အမျိုးသား တက္ကသိုလ်က ဆေးဘက်ဆိုင်ရာ မနုဿဗေဒ ပညာရပ်အတွက် မြန်မာနိုင်ငံမှာ လေ့လာခဲ့ဖူးသူ ပါမောက္ခ မိုနစ်ခ် စကစ်ဒ်မိုး (Monique Skidmore) တို့လို အကဲခတ်တွေက မြင်ပါတယ်။

“မြန်မာအစိုးရက သိပ်စကားပြောလေ့ရှိတာ မဟုတ်ပါဘူး။ ကုလသမဂ္ဂမှာလည်း ဒီလိုပြောတတ်တာ မဟုတ်ပါဘူး။ ဒီလို မှတ်ချက်ပေး ပြောဆိုတာတွေဟာ ထူးခြားပါတယ်။”

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) ကလည်း အပြောင်းအလဲတွေ ဖြစ်နိုင်တယ် ဆိုတာကို မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တခြားလူအများအပြားလို သူလည်း ယုံကြည်တဲ့အကြောင်း မြန်မာ့မိတ်ဆွေ နိုင်ငံများအဖွဲ့နဲ့ တွေ့ဆုံအပြီးမှာပဲ ကြေညာချက်တစောင် ထုတ်ပြန် ပြောဆိုခဲ့တာပါ။ ဒီလို တိုးတက်မှုတွေ ထွက်ပေါ်နိုင်တဲ့ အလားအလာတွေ ရှိနေပေမဲ့လည်း တချိန်တည်းမှာ အစိုးရအနေနဲ့ အားလုံးပါဝင်ခွင့်ရှိပြီး နောက်ပြန်ဆုတ်လို့ မရတဲ့ အသွင်ကူးပြောင်းမှုတွေကို ဆောင်ကြဉ်းပေးမယ့် ပြုပြင်ပြောင်းလဲမှုတွေလည်း လုပ်ရလိမ့်မယ်လို့ အတွင်းရေးမှူးချုပ်ရဲ့ ကြေညာချက်က တိုက်တွန်းထားတာပါ။

ဗဟိုကော်မတီဝင် တဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းကတော့ NLD ပါတီ အနေနဲ့လည်း အတွင်းရေးမှူးချုပ်နဲ့ တသဘောတည်း ရှိတဲ့အကြောင်း ပြောပါတယ်။

“မစ္စတာ ဘန်ကီမွန်း ပြောတဲ့ဟာကို ကျနော်တို့လည်း သဘောတူပါတယ်။ အခုဟာက ပြည်သူ့လွှတ်တော်နဲ့ အစိုးရသစ်တွေ ဖြစ်ပြီးတဲ့အခါမှာ သမ္မတရဲ့ အဖွင့်မိန့်ခွန်းရော၊ ပြီးတော့ ပြောကြားချက်တွေအရ ဆိုရင် ပြုပြင် ပြောင်းလဲမှုတွေ လုပ်မယ်။ အခု လုပ်တော့ လုပ်နေတယ်၊ သိသာထင်ရှားတဲ့ ပြုပြင်ပြောင်းလဲမှု မဖြစ်လာသေးဘူး။ ဒါကြောင့် မစ္စတာ ဘန်ကီမွန်းက အမြန်ဆုံးလုပ်ဖို့ တိုက်တွန်းတာကို ကျနော်တို့လည်း ကြိုဆိုပါတယ်။”

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့အရေး မိတ်ဆွေများ အဖွဲ့နဲ့ ဆွေးနွေးအပြီး မြန်မာနိုင်ငံက အခြေအနေတွေအပေါ် သံတမန်တွေရဲ့ အားမရတဲ့ သဘောထားတွေလည်း ထွက်ပေါ်ခဲ့တာပါ။ မြန်မာနိုင်ငံလည်း အဖွဲ့ဝင်အဖြစ် ပါဝင်တဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (Asean) ရဲ့ လက်ရှိဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံက နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါ (Marty Natalegawa) ကလည်း မြန်မာနိုင်ငံမှာ ဖြစ်ထွန်းမှုတွေ ရှိနေတာကို လက်ခံကြပေမဲ့ ဆွေးနွေးပွဲအတွင်းမှာ ပါဝင်ကြတဲ့ အဖွဲ့ဝင် နိုင်ငံတွေကြား ဒီထက်ပိုပြီး တိုးတက်မှုတွေကို မြင်တွေ့ချင်တဲ့ မျှော်လင့်ချက်တွေ ရှိနေတဲ့အကြောင်း သတင်းထောက်တွေကို ပြောခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG