သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံပြင်ရေးဆွေးနွေးပွဲ အချိန်မဆွဲဖို့ NLD တောင်းဆို


စစ်အစိုးရရေးဆွဲခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ။
စစ်အစိုးရရေးဆွဲခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ။
မြန်မာနိုင်ငံရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး လိုအပ်ချက်အရ သမ္မတဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ လွှတ်တော်တို့နဲ့ ၄ ပွင့်ဆိုင်တွေ့ဆုံလိုကြောင်း NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မေတ္တာရပ်ခံချက်ဟာ အချိန်စောလွန်းနေသေးတဲ့သဘောမျိုး အစိုးရပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က တုံ့ပြန်တာနဲ့ ပတ်သက်လို့ NLD က ဒီကနေ့ ကြေငြာချက်ထုတ်ပြန်လိုက်ပါတယ်။ အစိုးရဘက်က တရားဝင်တုံ့ပြန်တာမျိုးမဟုတ်ဘဲ မီဒီယာတွေကတဆင့် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးလည်းဖြစ်တဲ့ ဦးရဲထွဋ် အခုလို တုံ့ပြန်ပြောဆိုနေတာဟာ ပြုပြင်ပြောင်းလဲရေးနဲ့ ဒီမိုကရေစီရေးအတွက် အနှောင့်အယှက် ဖြစ်တယ်လို့ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ လိုအပ်တာတွေကို ဆွေးနွေးတိုင်ပင်ရအောင် နိုင်ငံတော်သမ္မတဦးသိန်းစိန်၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ လွှတ်တော်တို့နဲ့ ၄ ပွင့်ဆိုင် တွေ့ဆုံလိုတဲ့ အကြောင်း NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ ၂၃ ရက် နေ့စွဲနဲ့ သမ္မတထံကို မေတ္တာရပ်ခံစာ ပို့ခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မေတ္တာရပ်ခံချက်နဲ့ပတ်သက်လို့ အခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မီတီရဲ့ အစီရင်ခံစာထွက်လာပြီးမှ ပြန်လည် စဉ်းစား လုပ်ဆောင်သင့်တယ်လို့ သမ္မတကပြောဆိုတဲ့အကြောင်း နိုဝင်ဘာ ၂၈ ရက် နေ့က ဧရာဝတီသတင်းဌာနရဲ့ မေးမြန်းချက်အပေါ် တုံ့ပြန်ထားတာကို အစိုးရပြောခွင့်ရ ပုဂ္ဂိုလ်လည်းဖြစ်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးလည်းဖြစ်တဲ့ ဦးရဲထွဋ်က သူ့ရဲ့ Facebook စာမျက်နှာမှာ ဖော်ပြထားတာပါ။

ဒါ့အပြင် သတင်းမီဒီယာအတော်များများမှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အဲဒီလို တွေ့ဆုံဖို့မလိုတဲ့အကြောင်း ဦးရဲထွဋ်က ပြောဆိုတဲ့အကြောင်း အစောပိုင်းမှာ သတင်းတွေ ထွက်ခဲ့တာ ဖြစ်ပါတယ်။

အပြင်မှာ အဲဒီလို သတင်းတွေ ထွက်နေတာနဲ့ပတ်သက်လို့ NLD က အချက် (၄) ချက်ပါ ကြေညာချက်ကို ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တာပါ။ သူတို့အနေနဲ့ ဘာကြောင့် ကြေညာချက် ထုတ်ပြန်ရတယ်ဆိုတာနဲ့ ပတ်သက်လို့တော့ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းက အခုလို ရှင်းပြပါတယ်။

“တွေ့ဆုံဖို့ တောင်းဆိုမှုကို တကယ်ဆောင်ရွက်ပေးနိုင်တာက နိုင်ငံတော်သမ္မတပဲ။ အဲဒီတော့ သမ္မတရယ်၊ လွှတ်တော်ရယ်၊ ကာချုပ်ရယ်၊ ဒီလိုတွေ့ဆုံခြင်းအားဖြင့် အကျိုးရှိမယ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်းခြင်းဟာ ပြဿနာတွေ အများကြီးရှိနိုင်တာဟာ တွေ့ဆုံလိုက်လို့ရှိရင် နည်းသွားမယ်။ ဒါကြောင့်တောင်းဆိုတာ။ သူတို့က အခုက စာနဲ့ ကျနော်တို့ဆီတော့ ဘာမှ မပြန်ပါဘူး။ ဒု-ဝန်ကြီးက ပြောကြားတယ်ဆိုတဲ့သတင်းတွေပေါ်မှာ ကျနော်တို့ တော်တော် စိတ်မကောင်းဖြစ်တယ်။ ဒါဟာ အားလုံးသိနေတယ်၊ လုပ်ဖို့လည်း လိုအပ်နေတာ ရှိရဲ့သားနဲ့ အချိန်တွေကို ရွှေ့နေတယ်လို့ ကျနော်တို့ ခံစားရတယ်။ နောက်တစ်ခုက ပြုပြင်ပြောင်းလဲမှုနဲ့ ဒီမိုကရေစီရေးအတွက်လည်း ဒါဟာ အနှောင့်အယှက်ပဲလို့ ယူဆတယ်။ အဲဒါကြောင့် ကျနော်တို့ ဒီကြေညာချက်ကို ထုတ်တာ။”

အစိုးရဘက်က သူတို့ကို တရားဝင် တုံ့ပြန်ခြင်းမရှိဘဲ ပြောခွင့်ရပုဂ္ဂိုလ်က ပြင်ပ မီဒီယာတွေမှာ အလွတ်သဘော ပြောဆိုနေတာတွေအပေါ် တာဝန်ယူရမှာဖြစ်တယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခုလို ကမ်းလှမ်းချက်ဟာ ပြည်ထောင်စုလွှတ်တော်ကို ကျော်လွန်ပြီး တောင်းဆိုတာ ဖြစ်တဲ့အတွက် မသင့်တော်သေးဘူးလို့ ပြောဆိုမှုတွေရှိနေတာနဲ့ ပတ်သက်လို့လည်း အစိုးရအနေနဲ့ မတွေ့ချင်လို့ တမင် ပြောဆိုတာမျိုး ဖြစ်နိုင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ သြစတေးလျ ခရီးစဉ်အတွင်း ရေဒီယို သြစတြေးလျအသံလွှင့်ဌာနနဲ့ ပြုလုပ်တဲ့ တွေ့ဆုံမေးမြန်းခန်းအတွင်း တုံ့ပြန် ပြောဆိုခဲ့ပါတယ်။

“ဒါကတော့ အဲဒီလို တွေ့ဆုံပွဲကို မလိုလားလို့-လို့ပဲ ကျမကတော့ ဒီလိုပဲ ပြတ်ပြတ်သားသား ပြောရမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ လိုလားလို့ရှိရင် ဒီလို မတွေ့ဆုံစရာအကြောင်း ဘာမှ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပြည်ထောင်စုလွှတ်တော်ကို ကျော်လွှားသွားတယ်လို့၊ မကျော်ချင်ဘူးလို့ ပြောရအောင်လို့ ဒီထဲမှာ လွှတ်တော်ပါဝင်ပြီးသား၊ ပြည်ထောင်စုလွှတ်တော် နာယက ပါရမှာပေါ့။ ပြည်ထောင်စုလွှတ်တော်နာယက ပါပြီးမှ ပြည်ထောင်စုလွှတ်တော်ကို ကျော်သွားချင်လို့-လို့ ပြောစရာအကြောင်းမရှိပါဘူး။ ကျမတို့ရည်ရွယ်ချက်က ပြည်ထောင်စုလွှတ်တော်ကနေပြီးတော့ လုပ်နေတဲ့အလုပ်ကို ပံ့ပိုးဖို့ပါ။ ဒီအလုပ်က ပိုပြီးတော့ ချောမွေ့ဖို့အတွက်ဆိုပြီးတော့ ကြိုတင်ရည်ရွယ်တဲ့အနေနဲ့ တွေ့ဆုံဆွေးနွေးပွဲကို တောင်းဆိုတာ ဖြစ်ပါတယ်။ အဲဒီတော့ ကျမအနေနဲ့ကတော့ ရှောင်ချင်လို့ ရှောင်တာလို့ပဲ ပြောရမှာပဲ။”

ဒီကိစ္စမှာ တပ်မတော်ရဲ့အခန်းကဏ္ဍက အရေးကြီးတဲ့အတွက် သူတို့အနေနဲ့ ၄ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးပြုလုပ်ဖို့ တောင်းဆိုနေတာ ဖြစ်တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆက်ပြောပါတယ်။

“အဲဒီတော့ အခုနကပြောသလိုပဲ၊ တပ်မတော်ရဲ့ကဏ္ဍကလည်း သိပ်ပြီးတော့ အရေးကြီးပါတယ်။ ဒါကြောင့်မို့လို့ ကျမတို့က လေးပွင့်ဆိုင်ဆိုတာ တကယ်တော့ ပြောရမယ်ဆိုရင် အုပ်ချုပ်ရေးမဏ္ဍိုင်ရယ်၊ လွှတ်တော်ဆိုတာတော့ ဥပဒေပြု မဏ္ဍိုင်ရယ်၊ နောက်ပြီးတော့တပ်မတော်ရယ်၊ ကျမတို့ကတော့ နိုင်ငံရေးပါတီ တစ်ခုဆိုပြီးတော့ ပါတီ ၅၈ ခုရှိတဲ့အထဲမှာ တစ်ခုတည်းကတွေ့လို့ မသင့်တော်ဘူးဆိုတဲ့ အကြောင်းပြချက်လည်း ကျမ ကြားလိုက်ပါတယ်။ ဒါဟာ ကျမ ဘာသွားသတိရလဲဆိုတော့ ၁၉၉၈ ခုနှစ်လောက်တုန်းက ကျမတို့အနေနဲ့ နဝတနဲ့ NLD နဲ့ တွေ့ဆုံဖို့၊ ဆွေးနွေးဖို့ဆိုပြီးတော့ တောင်းဆိုတဲ့အခါမှာ ဒီလိုသဘောမျိုးနဲ့ တုံ့ပြန်ခဲ့ပါတယ်။ ပါတီပေါင်း ၂၀၀ ကျော်ရှိတာမှာ ပါတီတစ်ပါတီတည်းနဲ့တွေ့လို့ မသင့်တော်လို့ စသဖြင့်ပေါ့နော်- တကယ်တော့ မတွေ့ချင်လို့ မတွေ့တာလို့ပဲ ဒီလိုပဲ ကျမ ပြောရမှာပဲ။”

၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ပတ်သက်လို့ အခုလို အတိုက်အခံ နိုင်ငံရေး ပါတီတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေအကြား သဘောထား ကွဲပြားမှုတွေ ဖြစ်ပေါ်ပြီး အချိန်ကြန့်ကြာမှုတွေ ဖြစ်ပေါ်နေပေမယ့်လည်း ပြည်သူအများစု ကတော့ ဖွဲ့စည်းပုံကို အမြန်ဆုံး ပြင်ဆင်ပြီး တိုင်းပြည်အတွက် အရေးကြီးတဲ့ တခြား ပြုပြင်ပြောင်းလဲမှုနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို အမြန်ဆုံး လုပ်ဆောင်လိုနေကြတာ ဖြစ်ပါတယ်။

NLD ကတော့ လွန်ခဲ့တဲ့ လပိုင်းအတွင်း စတင် ပြုလုပ်ခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး၊ အသစ်ရေးဆွဲရေးဆိုင်ရာ လူထု သဘောထား ကောက်ခံမှုတွေက ရရှိလာတဲ့ စစ်တမ်းတွေကို အခုလအတွင်း လွှတ်တော် အခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မီတီကို တင်သွင်းမယ်လို့ ပြောပါတယ်။
XS
SM
MD
LG