သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD မဲဆွယ်စည်းရုံးရေး ကန့်သတ်မှု ကော်မရှင် ရုပ်သိမ်း


NLD မဲဆွယ်စည်းရုံးရေး ကန့်သတ်မှု ကော်မရှင် ရုပ်သိမ်း
NLD မဲဆွယ်စည်းရုံးရေး ကန့်သတ်မှု ကော်မရှင် ရုပ်သိမ်း

ကြားဖြတ် ရွေးကောက်ပွဲဟာ တရားမျှတမှု ရှိမယ့် အလားအလာ နည်းတယ် ဆိုပြီး ဒီကနေ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပြောဆိုလိုက်ပါတယ်။ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆွယ် ခရီးစဉ်တွေမှာ ကန့်သတ်မှုတွေ ကြုံတွေ့နေရတာ တွေကိုလည်း ပါတီက သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။ ဒီ သတင်းစာ ရှင်းလင်းပွဲ အပြီးမှာတော့ NLD ဘက်က တင်ပြထားတဲ့ ကန့်သတ်ချက်အားလုံးကို ရုပ်သိမ်းလိုက်ပြီ ဖြစ်တဲ့အကြောင်း ပြောဆိုပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြောဆိုပါတယ်။ မသိင်္ဂီထိုက်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံတဝန်း ရွေးကောက်ပွဲ မဲဆွယ်ပွဲတွေ ပါတီ စည်းရုံးရေး ခရီးစဉ်တွေမှာ ကန့်သတ်မှုတွေ၊ အဟန့်အတားတွေ တွေ့ကြုံနေရတယ် ဆိုပြီး ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ အန်အယ်လ်ဒီ ပါတီက ပြောဆိုလိုက်ပါတယ်။ ဒါကြောင့် လာမယ့် ကြားဖြတ် ရွေးကောက်ပွဲဟာ တရားမျှတမှု ရှိမယ့် အလားအလာ နည်းတယ် ဆိုပြီး ပါတီရဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့ ခေါင်းဆောင် ဦးဉာဏ်ဝင်းက ပြောဆိုလိုက်ပြီး နာရီပိုင်း အတွင်းမှာပဲ အရင်က ကန့်သတ်ထားတာတွေကို ရုပ်သိမ်းတဲ့အကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အန်အယ်လ်ဒီ ပါတီကို အကြောင်းကြားလာတယ်လို့ ဦးဉာဏ်ဝင်းက တဆက်တည်း အခုလို ပြောပါတယ်။

“ကျနော်တို့ အဲဒီ အခက်အခဲ ကန့်သတ်မှုတွေက လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲကို ထိခိုက်စေတယ်၊ ကျနော်တို့ အများကြီး စိုးရိမ်စေတယ် ဆိုတာကို ပြောတာပါ။ ဒီနေ့ ကျနော်တို့ ပြောလိုက်တဲ့ ကိစ္စတွေ အားလုံးကို ပြည်ထောင်စု ကော်မရှင်အနေနဲ့ လိုအပ်သလို ဆောင်ရွက်နိုင်ဖို့ တင်ပြတယ် ဆိုပြီး ကျနော်တို့ တင်ပြထားပါတယ်။ နောက် တဆက်တည်း ပြောရရင် Press conference လုပ်တာ ၁ နာရီလောက်မှာ ပြီးပါတယ်။ ၃ နာရီခွဲလောက်မှာ ကျနော်တို့ ပြန်ပြီး ဖုန်းရပါတယ်။ ကော်မရှင်က ဒီကန့်သတ်မှုတွေသည် ခွင့်မပြုဘူး ထုတ်ထားတဲ့အမိန့်တွေ အားလုံးကို ပယ်ဖျက်လိုက်ပါတယ်တဲ့။ ကျနော်တို့ နမ်းမတီးက ခွင့်မပြုတဲ့ဟာတွေကို ပယ်ပေးတယ်။ မကျသေးတဲ့ဟာတွေကို ခွင့်ပြုမယ်လို့ ပြောတယ်။ ဒီဟာတွေနဲ့ ပတ်သက်ပြီးတော့ သူတို့ ကန့်သတ်ချက်တွေ မရှိပါဘူးလို့ ပြောပါတယ်။ ဒီဟာနဲ့ပတ်သက်ပြီးတော့ ကျနော်က တယ်လီဖုန်းနဲ့ ဆက်ရတော့ အခုသိတာကို ရှင်းရှင်းလင်းလင်းတော့ ကျနော် မမေးရသေးပါဘူး။ ကျနော် မေးပြီးရင် ပြောပါ့မယ်။ NLD အပေါ်မှာ ကန့်သတ်ထားတာတွေကို လောလောဆယ် ဖယ်ပေးတယ်။ မဲဆွယ်စည်းရုံးရေးက အချက်အလက်တွေ ပါမပါကတော့ ကျနော် နောင်မှသိပါမယ်။ အဆင်ပြေသွားပါပြီလို့ ပြောချင်တာပါ။”

စည်းရုံးရေး ခရီးတွေအတွက် သက်ဆိုင်ရာ အားကစားကွင်းတွေကို လူထု စုရုံးဖို့ ရွေးကောက်ပွဲ ကော်မရှင်က အသုံးပြုခွင့် ပေးထားပေမဲ့ ပြည်ထောင်စု အားကစား ဝန်ကြီး ဦးတင့်ဆန်းက အသုံးပြုခွင့်ကို ပိတ်ပင် နေတယ်လို့လည်း ပါတီရဲ့ ပြောခွင့်ရ ဦးအုန်းကြိုင်က အခုလို ပြောပါတယ်။

“မန္တလေးမှာ ဗထူးကွင်းမှာလုပ်ဖို့ စီစဉ်ထားတယ်။ ကော်မရှင်က ခွင့်ပြုပေမဲ့လို့ ကွင်းအခက်အခဲကြောင့် ရွှေ့ဆိုင်းခဲ့ရတယ်။ လှည်းကူးကို သက်ဆိုင်ရာ အားကစားမှူးက ပေးထားပါတယ်။ ပေးထားပြီးတော့ အဲဒီနေ့ မနက်ပိုင်းကျတော့မှ အားကစားဝန်ကြီး ဦးတင့်ဆန်းကနေပြီးတော့ အားကစား ဘောလုံးကွင်းကို ဟောပြောပွဲကွင်းအဖြစ်နဲ့ အသုံးပြုခွင့် မပြုဘူးလို့ ပြောလာပါတယ်။ ဦးဉာဏ်ဝင်းကလည်း နေပြည်တော်ကို ရောက်နေတုန်း ဆိုတော့ အဲဒီမှာ ဦးဉာဏ်ဝင်းက နေပြည်တော်ကို ချက်ချင်းတင်ပြပါတယ်။ တင်ပြတော့မှ ကော်မရှင်ဥက္ကဋ္ဌက နေပြီးတော့ မူလအစီအစဉ်အတိုင်း လှည်းကူး ဘောလုံးကွင်းမှာ လုပ်ပါလို့ အမိန့်ပေးပါတယ်။ နောက် ဖျာပုံ ကျတဲ့အခါကျတော့ ကြိုတင် စီစဉ်ထားပြီးခါမှ ဖျာပုံ ဘောလုံးကွင်းကို သုံးခွင့်မရပါဘူး၊ အားကစားဝန်ကြီးက ကန့်သတ်တယ်လို့ ပြောတာနဲ့ပဲ ဖျာပုံမြို့နဲ့ နှစ်မိုင်လောက်ဝေးတဲ့ သဲကွင်းမှာ သွားပြီးတော့ ဟောပြောပွဲကို လုပ်ခဲ့ရပါတယ်။ မြစ်ကြီးနားဘက်ကို သွားဖို့ စီစဉ်ထားတယ်။ မိုးကောင်းမှာ ဒေါ်အောင်ဆန်းစုကြည် စည်းရုံး ဟောပြောဖို့ရှိတယ်။ အဲဒီမှာ နမ်းမတီးကွင်းကို ကျနော်တို့ တောင်းတဲ့အခါမှာ ကော်မရှင်ကနေပြီးတော့ လုံခြုံမှုမရှိလို့ အဲဒီကွင်းကို မပေးနိုင်ပါဘူးလို့ အဲဒီလို ပြောတာမျိုး၊ ဝန်ကြီး ဦးတင့်ဆန်းရဲ့ သားက မြောင်းမြမှာ ဝင်ပြီးတော့ အရွေးခံဖို့ရှိပါတယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေးက ဖြစ်နိုင်ပါတယ်။ အဲဒီမှာ သူက သူ အနိုင်ရလို့ရှိရင် ဆုပေးမယ် ဆိုတာမျိုး၊ ဥပမာ လမ်းခင်းပေးမယ်တို့၊ ဘာဆောက်ပေးမယ်တို့၊ ညာဆောက်ပေးမယ်တို့ ပြောတာမျိုးတွေဟာ ဒါဟာ ဥပဒေနဲ့ မညီညွတ်တဲ့အကြောင်း တင်ပြပြီးတော့ ကျနော်တို့ဘက်က အဲဒါတွေကို ပြည်သူသိအောင် တင်ပြတာ။”

ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်တွေတင် မဟုတ်ဘဲ အန်အယ်လ်ဒီ ပါတီရဲ့ ကိုယ်စားလှယ်လောင်း တွေလည်း ခြိမ်းခြောက်ခံရမှုတွေ ကန့်သတ်ခံရမှုတွေ ရှိနေပါတယ်။ အင်းတော် မြို့နယ်ရဲ့ အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်း ရွေးကောက်ပွဲ မဲဆွယ်မှု ပိတ်ပင်ခံရသလို မိတ္ထီလာက ပါတီရဲ့ ကိုယ်စားလှယ်လောင်း ဟာလည်း ပစ်စာတွေ ရေးသား ခြိမ်းခြောက် ခံရတယ်လိုလည်း ပါတီက ပြောပါတယ်။

ဒီအခြေအနေတွေကြောင့် လာမယ့် ကြားဖြတ် ရွေးကောက်ပွဲ တရားမျှတမှု အပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်က ဘယ်လို တုံ့ပြန် ပြောကြားသလဲ ဆိုတာကိုလည်း ဦးအုန်းကြိုင်က အခုလို ပြောပါတယ်။

“ဥက္ကဋ္ဌကတော့ သူ့ဆန္ဒကတော့ ပြည်သူလူထုနဲ့ တွေ့ချင်တယ်။ ပါတီ စည်းရုံးရေးလုပ်ငန်းတွေ ပြောချင်တယ်။ ပြီးတော့ ရွေးကောက်ပွဲ မဲဆွယ်လုပ်ငန်းတွေ ပြောချင်တယ်။ အဲဒါက တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့၊ ဒီမိုကရေစီ သဘောတရားတွေပေါ့ဗျာ၊ ဒီမိုကရေစီ ကျင့်စဉ်တွေ ပိုပြီးတော့ ပျံ့နှံ့ဖို့။ သူက ဖြစ်နိုင်ရင်တော့ ရွေးကောက်ပွဲ လုပ်မယ့် ပြည်နယ်တိုင်း ၁၀ ခုက ရွေးကောက်ပွဲမှာ လစ်လပ်တဲ့နေရာဖြစ်တဲ့ ၄၈ နေရာ၊ အန်အယ်လ်ဒီ ဝင်ပြိုင်မယ့် ၄၈ နေရာ၊ မြို့နယ် ၄၈ မြို့နယ် အကုန်လုံးကို ရအောင် ကြိုးစားချင်ပါတယ်လို့ အဲဒီလိုတောင် ပြောပါတယ်။”

ရွေးကောက်ပွဲ မဲဆွယ်မှု ကန့်သတ်ခံရမှုတွေကို ကော်မရှင်ကို သုံးကြိမ် တင်ပြထားပြီး လူထုကို အခု ရှင်းပြတာ ဖြစ်တဲ့အကြောင်း၊ ဒါပေမဲ့ တရားဥပဒေကြောင်း အရ အမှုဖွင့်ဖို့တော့ အခြေအနေ မရှိသေးဘူးလို့လည်း ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောကြားပါတယ်။ အခု ကန့်သတ်မှုတွေဟာ အစိုးရအဖွဲ့ဝင် ဝန်ကြီး တစ်ဦးက လုပ်ဆောင်နေတာ ဖြစ်ပြီး အစိုးရအဖွဲ့က လုပ်ဆောင်နေတာလို့ မဆိုလိုဘူး လို့လည်း ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ဦးဉာဏ်ဝင်းက ထည့်သွင်း ပြောကြားသွားပါတယ်။

XS
SM
MD
LG