သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီးပွားရေးပြဿနာ အုပ်ချုပ်မှုကြောင့်လို့ NLD ပြော


စီးပွားရေးပြဿနာ အုပ်ချုပ်မှုကြောင့်လို့ NLD ပြော
စီးပွားရေးပြဿနာ အုပ်ချုပ်မှုကြောင့်လို့ NLD ပြော

မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှုတွေဟာ ပြည်သူလူထု အများစုကြီးကို မထိခိုက်ဘဲ လူနည်းစုကိုသာ ထိခိုက်တာဖြစ်ပြီး တိုင်းပြည်မှာ စီးပွားရေးအရ အကျပ်အတည်း ကြုံတွေ့နေရတဲ့ တကယ့်အဖြစ်မှန်ကတော့ Good Governance လို့ ဆိုတဲ့ ကောင်းမွန်တဲ့ အုပ်ချုပ်ရေး မရှိတာကြောင့် ဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ပြောလိုက်ပါတယ်။ ဒါ့အပြင် ဒဏ်ခတ်အရေးယူမှု ချမှတ်ထားတဲ့ နိုင်ငံတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ကိုလည်း NLD က နှိုးဆော်လိုက်ပါတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။

ဒီအရေးယူမှုတွေဟာ ပြည်သူလူထုကို တကယ်တမ်း ထိခိုက်မှု ရှိ မရှိ လေ့လာသုံးသပ်တာတွေ လုပ်သွားမယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း ပြောခဲ့ဖူးပါတယ်။ အဲဒီလို လေ့လာသုံးသပ်တာတွေကို အချိန်ယူ လုပ်ခဲ့ပြီးတဲ့ နောက်မှာတော့ ဒဏ်ခတ် အရေးယူမှုတွေအပေါ် NLD ရဲ့ တရားဝင် သဘောထား ထွက်လာခဲ့ပြီ ဖြစ်ပါတယ်။

“ဒီနေ့ ကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု မရှိရခြင်းနဲ့ အကျပ်အတည်းတွေ ကြုံတွေ့နေရခြင်းဟာ စီးပွားရေး ပိတ်ဆို့မှုကြောင့် မဟုတ်ဘူး။ စီးပွားရေး ပိတ်ဆို့မှုကြောင့် ထိခိုက်တယ် ဆိုရင်လည်း အများစု ပြည်သူလူထုကြီးကို နစ်နစ်နာနာ မထိခိုက်ဘဲ တချို့ အသိုင်းအဝိုင်းကိုပဲ အနည်းအကျဉ်း ထိခိုက်မှုတွေ ရှိတယ်ဆိုတာ ဖော်ပြတယ်။

“တကယ့်တကယ် စီးပွားရေး တိုးတက်မှု နှေးကွေးရခြင်း၊ စီးပွားရေး အကျပ်အတည်းတွေ ကြုံတွေ့ရခြင်းရဲ့ အဓိက အကြောင်းရင်းကတော့ အစိုးရရဲ့ စီးပွားရေး စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းနဲ့ စီးပွားရေးမှာ လွတ်လပ်ခွင့်၊ တရားမျှတခွင့်၊ တရားဥပဒေ စိုးမိုးမှုတွေ ဒီနယ်ပယ်မှာလည်း မရှိတာကြောင့် ဖြစ်တယ်။ Good Governance မဟုတ်တာကြောင့် ဖြစ်တယ်လို့ ကျနော်တို့ သုံးသပ်ပါတယ်။”

NLD ပြောရေးဆိုခွင့်ရှိသူ တဦးဖြစ်တဲ့ ဦးအုန်းကြိုင် ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဒဏ်ခတ်အရေးယူမှုတွေရဲ့ သက်ရောက်မှု၊ ထိခိုက်မှုနဲ့ ပတ်သက်ပြီး NLD ကိုယ်တိုင်ကလည်း လက်တွေ့ လေ့လာခဲ့သလို စီးပွားရေး ပညာရှင် အသီးသီး၊ အဖွဲ့အစည်း အသီးသီးရဲ့ လေ့လာ သုံးသပ်ချက်တွေကိုလည်း သေသေချာချာ ဆန်းစစ်ခဲ့ပါတယ်လို့ ဦးအုန်းကြိုင်က ပြောပါတယ်။

ဒဏ်ခတ် အရေးုယူမှုတွေကို ချမှတ်ထားတဲ့ အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေ ပြောတာကတော့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေ တိုးတက်ကောင်းမွန်လာအောင် လုပ်ဖို့၊ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးပြီး စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်ဖို့၊ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေ အရှိန်မြှင့်လုပ်ဖို့ ဖိအားပေးတဲ့ အနေနဲ့ အရေးယူမှုတွေကို ချမှတ်ထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ ကောင်းမွန်တဲ့ စီးပွားရေးဝန်းကျင်တို့ ဖြစ်ပေါ်ဖို့အတွက် ဘယ်အချိန်မှာ၊ ဘယ်လိုပုံစံမျိုးနဲ့ ဘယ်လို အခြေအနေမျိုး အောက်မှာ ဒဏ်ခတ် အရေးယူမှုတွေကို ပြုပြင်ပြောင်းလဲနိုင်ခြေ ရှိမယ်ဆိုတဲ့အပေါ် သဘောတူညီချက်တရပ် ရနိုင်ရေးဆိုတဲ့ အမြင်နဲ့ အမေရိကန် ပြည်ထောင်စု၊ ဥရောပသမဂ္ဂ၊ ကနေဒါ၊ သြစတြေးလျ နိုင်ငံတို့နဲ့ ဆွေးနွေးဖို့အတွက် NLD က တောင်းဆိုထားပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ပါတီစုံ ရွေးကောက်ပွဲတွေ ကျင်းပခဲ့ပြီး လွှတ်တော်အစည်းအဝေးတွေ ကျင်းပနေ၊ အစိုးရအဖွဲ့တရပ် ပေါ်လာဖို့ အခြေအနေ ရှိနေတယ် ဆိုပေမဲ့ တကယ်တမ်းကျတော့ အများပါဝင် ပတ်သက်နိုင်တဲ့ နိုင်ငံရေး ဖြစ်စဉ်တရပ် ပေါ်ပေါက်လာဖို့ ဘယ်လိုအရိပ်လက္ခဏာမျိုးမှ မတွေ့ရသေးဘူး၊ ဒါကြောင့် ဒဏ်ခတ်အရေးယူမှု ရုပ်သိမ်းဖို့ အဓိက ဘာလုပ်သင့်တယ် ဆိုတဲ့အပေါ် NLD ရဲ့ သဘောထားကို ဦးအုန်းကြိုင်က အခုလို ပြောပါတယ်။

“အခုချိန်မှာ အများပါဝင် ပတ်သက်တဲ့ နိုင်ငံရေး ဖြစ်စဉ်ကြီးတရပ် ပေါ်ပေါက်လာရေးကို အရေးတကြီး တောင်းဆိုဖို့တောင်မှ လိုအပ်နေတဲ့ အနေအထားတွေ တွေ့နေရတယ်။ အဲဒီတော့ စီးပွားရေး ပိတ်ဆို့မှုတွေ ရုပ်ဖို့ ဆိုရင်လည်း စောစောက ရည်ရွယ်ချက်နဲ့ ဆောင်ရွက်ထားတဲ့ နိုင်ငံကြီးတွေရဲ့ တွန်းအားပေးတဲ့ ရည်ရွယ်ချက်ကို အကောင်အထည် ဖော်ပြီးတော့ လွတ်လပ် ပွင့်လင်းတဲ့ နိုင်ငံရေးပုံစံတခု ပေါ်အောင် ကြိုးပမ်းခြင်းသာလျှင်၊ အဲဒီအပေါ်မှာသာလျှင် စီးပွားရေး ပိတ်ဆို့မှုတွေ ရုပ်သိမ်းဖို့၊ ကင်းလွတ်ဖို့ ဆိုတာဟာ အဓိက မူတည်နေတယ်လို့ ကျနော်တို့ ပြောလိုက်တာ ဖြစ်ပါတယ်။”

ဒဏ်ခတ်အရေးယူမှုနဲ့ ပတ်သက်ပြီး NLD ဘက်က အခုလို သဘောထား ရှိပေမဲ့ NLD ကနေ ခွဲထွက်သွားတဲ့ ခေါင်းဆောင်တချို့ ဖွဲ့စည်းခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီကတော့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာတွေကို ပိတ်ဆို့ဒဏ်ခတ် အရေးယူထားတာ ရုပ်သိမ်းပေးဖို့ မကြာသေးခင် ရက်ပိုင်းကပဲ တောင်းဆိုထားပါတယ်။ လူနည်းစုကို ဦးတည်ချမှတ်ထားတဲ့ ဒဏ်ခတ် အရေးယူမှုတွေဟာ ပြည်သူအများကို ထိခိုက်တာတွေ ရှိလာတယ်လို့ NDF က သုံးသပ်ပါတယ်။

“ဥပမာ သစ်ထုတ်လုပ်ရေးပဲ ကြည့်ပါ။ သစ်ထုတ်လုပ်ရေးသာ ရှိနေမယ်ဆိုရင် သစ်တောအစပ်မှာရှိတဲ့ ရွာတွေအထိ သစ်ခွဲစက်ကလေးတွေ ထောင်ပြီး လူတွေဟာ အလုပ်အကိုင်တွေကို လုပ်ကိုင်လာနိုင်မယ့် အနေအထားတွေ ရှိပါတယ်။ အဲဒီလို မဟုတ်ဘဲနဲ့ ကုန်သွယ်ရေးမှာ ပိတ်ဆို့မှု ဖြစ်ပြီးတော့ သစ်တွေကို မပို့ရဘူး၊ တိုက်ရိုက်မပို့ရဘူး၊ တဆင့်ခံ ပို့ရမယ်ဆိုရင် တိုင်းပြည်မှာ ဖွံ့ဖြိုးပြီး နိုင်ငံတွေက ဈေးကွက်ကြီးနဲ့ တိုက်ရိုက်ထိစပ်မှု မရှိတဲ့အတွက် အောက်ဈေးနဲ့ပဲ ရောင်းရမှာ ဖြစ်ပါတယ်။

“အဲတော့ တိုင်းပြည်နစ်နာရင် ပြည်သူနစ်နာတာပဲ။ ဒါကြောင့် ပြည်သူတွေကို မထိခိုက်ဘူး ဆိုတာကတော့ ကျနော်တို့ မယုံကြည်ပါဘူး။ ပြည်သူကို ထိခိုက်တဲ့ နေရာတွေဟာ ကုန်သွယ်မှု အပိုင်းမှာ ပါသလို ရင်းနှီးမြှုပ်နှံမှု အပိုင်းမှာလည်း ပါနေတဲ့အတွက် အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းတွေကို တကယ်လို့ ဖွံ့ဖြိုးစေချင်တယ် ဆိုရင်တော့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်မှု ပိတ်ဆို့မှုတွေကို ဖယ်ရှားပေးဖို့ အင်မတန်မှ အရေးကြီးပါတယ်လို့ ကျနော်တို့ ယူဆပါတယ်။”

NDF ခေါင်းဆောင်တဦးဖြစ်သူ ဦးခင်မောင်ဆွေ ပြောပြသွားတာ ဖြစ်ပါတယ်။

ဒဏ်ခတ်အရေးယူမှု ကိစ္စဟာ မြန်မာ့နိုင်ငံရေးမှာ အပြောအဆို အများဆုံး ကိစ္စတရပ်ဖြစ်ပြီး သဘောထား ကွဲပြားမှု အရှိဆုံး ကိစ္စတခုလည်း ဖြစ်ပါတယ်။ နိုင်ငံတကာမှာလည်း အရေးယူမလား၊ ထိတွေ့ဆက်ဆံမလား ဆိုတဲ့အပေါ် ခုချိန်ထိ တူညီတဲ့ သဘောထား မရှိသလို အရေးယူတဲ့ နေရာမှာလည်း အဆင့်အမျိုးမျိုး၊ ပုံသဏ္ဌာန် အမျိုးမျိုးနဲ့ အကွဲကွဲ အပြားပြား ရှိနေဆဲ ဖြစ်ပါတယ်။

XS
SM
MD
LG