သုံးရလွယ်ကူစေသည့် Link များ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံးချုပ်ကို အစိုးရ လုံခြုံရေးအဖွဲ့ဝင်တွေက မနေ့ညက လာရောက် စောင့်ကြည့်ခဲ့တယ်လို့ ရုံးချုပ်မှာ ညအိပ် စောင့်နေခဲ့ကြတဲ့ လူငယ်အဖွဲ့ဝင်တွေက ပြောပါတယ်။ အခုလို ညကြီး အချိန်မတော် ဘာအခမ်းအနားမှမရှိဘဲ လုံခြုံရေးတွေ လာရောက် စောင့်ကြည့်တာမျိုး အရင်က တခါမှ မကြုံဘူးတာကြောင့် ဒါဟာ အတော်လေး ထူးဆန်းနေတယ်လို့ လူငယ် အဖွဲ့ဝင်တွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ လွန်ခဲ့တဲ့ မိနစ်ပိုင်းအတွင်းကပဲ NLD ရုံးချုပ်ကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းမှာရှိတဲ့ NLD ရုံးချုပ်အပြင်ဘက်ကို မနေ့ည ၁၀ ခွဲလောက်က လုံခြုံရေးအဖွဲ့ဝင် ၁၀ ယောက်လောက် ရောက်လာပြီး ရုံးအတွင်း တာဝန်နဲ့ ၀င်လာသူတွေကို ညအမှောင်ကြီးထဲမှာ အဲဒီလုံခြုံရေးတွေက ဓါတ်ပုံရိုက်ယူခဲ့တယ်လို့ ရုံးချုပ်မှာ ညအိပ်စောင့်နေတဲ့ လူငယ်အဖွဲ့ဝင်တဦးက ပြောပြပါတယ်။

“သူတို့ လူ ၁၀ ယောက်လောက်က ၁၀ နာရီ ၁၅ မိနစ်နဲ့ ၁၀ နာရီခွဲလောက်က ပြန်ရောက်လာတယ်။ အပြင်မှာပဲ စောင့်နေတယ်ဗျ။ အဲဒီအချိန်မှာ ကိုမျိုးညွှန့်က ရုံးကို ဘာထူးသေးလဲ ဆိုပြီးတော့ ခဏ၀င်လာတော့ သူတို့က အဲဒီမှာ ဓါတ်ပုံ ၀ိုင်းရိုက်ကြတာပေါ့ဗျာ။ မှောင်ကြီးမဲကြီးထဲကနေ ဖလက်ရှ်ကန်တွေ ဖွင့်ပြီးတော့ ညပိုင်းကြီးကို ၀င်ပြီး လာရိုက်တယ်။ နေ့ခင်းပိုင်း ရိုက်တာကတော့ သိပ်မဆန်းဘူးလေ။ နေ့ခင်းပိုင်းကတော့ သူတို့က ရိုက်နေကြပဲလေ။ ရုံးထဲဝင် ရိုက်နေတာပဲ။ ဒါပေမဲ့ ညပိုင်းကြီးကို ည ၁၀ နာရီလောက်ကြီးကို ရိုက်တာကတော့ ထူးဆန်းတယ်။”

ဆိုတော့ အစောပိုင်းက ရုံးထဲကို သူတို့ ၀င်စစ်တယ်ဆိုတာကရော။ -

“အဲဒီလိုမျိုး ပြောတာကတော့ ကျနော်တို့လည်း ကြားတယ်ဗျာ။ ၀င်မယ်ပေါ့ဗျာ။ ၀င်မယ်ဆိုတာတော့ ကြားတယ်။ ဒါပေမဲ့ မနေ့ကတုန်းက တနေ့ခင်းလုံးရော၊ တညနေလုံးရော၊ ဒီည တညလုံးရော ကျနော် ရုံးမှာရှိတယ်။ ဘယ်ကိုမှမသွားဘူး၊ အဲဒီသတင်းကြားတော့လေ။ အခု တယောက်မှ ၀င်မလာဘူး။ မေးတာလည်း မရှိဘူး။ ဘာမှမရှိဘူး။”

အပြင်မှာကတော့ သူတို့ရောက်လာတယ်ပေါ့။ သူတို့ဘက်က လူအင်အား ၁၀ ယောက်လောက်နဲ့ ရောက်နေတယ်ပေါ့။ -

“ဟုတ်တယ်။ အဲဒီအပြင်မှာကတော့ ခါတိုင်းညတွေလို ပုံမှန်မဟုတ်ဘူးပေါ့။”

အရင်က ရုံးချုပ်မှာ ညအိပ်စောင့်တဲ့ အစဉ်အလာမရှိပေမဲ့ လွန်ခဲ့တဲ့ သီတင်း ၂ ပတ်လောက်ကစပြီး ဒုဥက္ကဌ ဦးတင်ဦးက စအိပ်ခိုင်းရာကနေ လူငယ်တွေ အိပ်ဖြစ်နေတာလို့ ဆိုပါတယ်။

“အရင်ကတော့ မရှိဘူးဗျ။ ကျနော်တို့ ၂ ပတ်လောက်ပဲ ရှိသေးတယ်။ အဲဒီကမှ ရုံးမှာစအိပ်ကြတာ။ ခါတိုင်းက အခမ်းအနားနေ့တို့ ဘာတို့လောက်ပဲ သွားအိပ်တာ။”

ရုံးမှာ အိပ်ဖြစ်ဖို့ ဘယ်လို ဆုံးဖြတ်ချက် ကျသွားတာလဲ။ ဘယ်လိုဖြစ်သွားတာလဲ။ -

“ရုံးမှာအိပ်ဖို့ ဆုံးဖြတ်ချက် ဘယ်လိုကျသွားလဲဆိုတော့ ကျနော်တို့ကို အဘ ဦးတင်ဦးကနေပြီးတော့ လိုအပ်တယ်၊ မင်းတို့ အိပ်ဖို့လိုအပ်တယ် ဆိုပြီးတော့ လူငယ်တွေကို ညဘက်ကျလို့ရှိရင် လူ ၅ ယောက် လောက် အိပ်ရမယ်ဆိုပြီးတော့ ကျနော်တို့ကို ညွှန်ကြားတယ်ပေါ့ဗျာ။ ညွှန်ကြားတော့ ကျနော်တို့ အိပ်ဖြစ်သွားတာပေါ့။”

အကြောင်းပြချက်တော့ တစုံတရာ ထူးထူးရှားရှား မရှိဘူးပေါ့နော်။ ဒီအတိုင်းပဲ အိပ်ခိုင်းတာပေါ့။ အဲဒီလိုလား။ -

“အကြောင်းပြချက်တော့ တစုံတရာတော့ မရှိဘူးပေါ့။ လူကြီးကတော့ မပြောဘူးပေါ့၊ ဒါပေမဲ့ လုံခြုံရေးကြောင့်လို့ ကျနော် ထင်ပါတယ်။”

NLD အဖွဲ့ဝင် လူငယ်တဦး ပြောပြခဲ့တာပါ။

NLD ဥက္ကဌ ဦးအောင်ရွှေနဲ့ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်တို့ အနေနဲ့ နိုင်ငံရေး လုပ်ငန်းတွေ မလုပ်ကြဖို့ ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းမှာ မြန်မာအာဏာပိုင်တွေက သတင်းစာထဲကတဆင့် သတိပေး ပြောကြားခဲ့ပြီးတဲ့နောက် အခုလို NLD ရုံးချုပ်ကို လုံခြုံရေးအဖွဲ့ဝင်တွေက ညအချိန်မတော် လာရောက် စောင့်ကြည့်တာအပြင် NLD ရုံးချုပ်ကို ၀င်ရောက် စစ်ဆေးမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

XS
SM
MD
LG