ကလေးတွေရဲ့ ပညာရေးဟာ တိုင်းပြည်ရဲ့ အနာဂတ် ဖြစ်တာမို့ ကလေးတွေမှာ နိုင်ငံရေး အသိစိတ်နဲ့ နိုင်ငံရေး တာဝန်တွေကို ဆက်ပြီး ဆောင်ရွက်လိုစိတ်တွေ ရှိဖို့လိုတယ်လို့ မြန်မာ့ ဒီမိုကရေစီရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ယုံကြည်ချက်ကြောင့် အကျဉ်းချခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ မိသားစုဝင် ကလေးတွေအတွက် ဒဿမအကြိမ်မြောက် ပညာရေး ထောက်ပံ့စရိတ် ပေးပွဲကို ဗဟန်း ရွှေဂုံတိုင်မှာရှိတဲ့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်မှာ ဒီနေ့ ကျင်းပရာမှာ အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။
ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ သားသမီးတွေ ပညာသင်ကြားရေးမှာ ချို့ယွင်း အားနည်းမှု မရှိသွားစေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ NLD ပါတီက နှစ်စဉ် ထောက်ပံ့ ကူညီလာတာဟာ ဒီနေ့ ၁၀ ကြိမ်မြောက် ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ အနာဂတ်ဟာ လူငယ်တွေရဲ့ လက်ထဲမှာ ရှိတာမို့ နိုင်ငံရေး ဆိုတာနဲ့ နိုင်ငံရေး တာဝန်ကို ယူချင်တဲ့ ဆန္ဒတွေ ရှိဖို့ကလည်း အရေးကြီးတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
အထူးသဖြင့် မိခင် ဖခင်တွေဟာ ဘာကြောင့် နိုင်ငံရေးလုပ်ရတယ်၊ ဘာကြောင့် ထောင်ထဲမှာ ရှိနေတယ်ဆိုတဲ့ အခြေအနေ အမှန်ကို သားသမီးတွေသိဖို့၊ နားလည်ဖို့လိုတယ် ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က အဓိက ရှင်းပြခဲ့တယ်လို့ NLD ပါတီရဲ့ ပြောခွင့်ရသူ ဦးအုန်းကြိုင်က ပြောပါတယ်။
“နိုင်ငံရေးလုပ်လို့ ထောင်ကျတာပဲ၊ စဉ်းစားမယ့် လူတွေလည်း ရှိနေနိုင်တယ်တဲ့။ အဲဒီတော့ အခုလို နိုင်ငံရေးလုပ်တာဟာ ယုံကြည်ချက်ကြောင့် လုပ်တာပဲတဲ့။ ယုံကြည်ချက်က ဘာလဲဆိုရင် ပြည်သူတယောက်တိုင်းဟာ ကိုယ့်တိုင်းပြည်ရဲ့ ကြမ္မာကို၊ ကိုယ်နေချင်တဲ့ တိုင်းပြည်ကို ကိုယ်ဖြစ်စေချင်တဲ့ ပုံစံမျိုးဖြစ်အောင် ဖန်တီးပိုင်ခွင့် ရှိတယ်။ အဲဒီလို ဆောင်ရွက်တဲ့ နေရာမှာ ပြည်သူတိုင်းလည်း ပါဝင်ခွင့်ရှိတယ်။ အဲဒီခံယူချက်၊ အဲဒီယုံကြည်ချက်နဲ့ တိုင်းပြည် ကောင်းဖို့အတွက် ဆောင်ရွက်ကြလို့ နိုင်ငံရေး လုပ်ကြတာ ဖြစ်တယ်။ အဲဒါကြောင့်လည်း နိုင်ငံရေးမှုနဲ့ ထောင်ကျသွားတာ ဖြစ်တယ်။
“ဒါကြောင့်မို့ ဒီလူတွေအတွက် တိုင်းပြည်ကရော၊ မိသားစုကရော အများကြီး ဂုဏ်ယူစရာ ဖြစ်တယ်တဲ့။ နိုင်ငံရေး အကျဉ်းသား ဖြစ်သွားတဲ့ သူတွေရဲ့ သားသမီးတွေဟာ မိဘ အခုလို ဖြစ်သွားတဲ့ အတွက်ကြောင့် ပညာသင်ကြားမှုမှာ ဘာမှ ချို့ယွင်း အားနည်းမှုတွေ မဖြစ်စေချင်ဘူးတဲ့။ ဘာကြောင့်လဲဆိုတော့ ကလေးတွေရဲ့ ပညာရေးဆိုတာ နိုင်ငံရဲ့ အနာဂတ်ပဲတဲ့။ ဒီကလေးတွေကလည်း နိုင်ငံရေး တာဝန်တွေကို ဆက်ပြီး ဆောင်ရွက်စေချင်တဲ့ ဆန္ဒ ရှိတယ်၊ ဆောင်ရွက်ကြရမယ်တဲ့။ အဲဒီလို ရှင်းပြသွားပါတယ်။”
NLD ပါတီရဲ့ ပြောခွင့်ရသူ ဦးအုန်းကြိုင် ပြောပြခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တွေရဲ့ သားသမီးတွေအတွက် နှစ်စဉ် ပညာရေး ထောက်ပံ့မှု အစီအစဉ်ကို ရန်ကုန်တိုင်း NLD လူမှုအထောက်အကူပြု အဖွဲ့က ဦးဆောင် ကျင်းပပေးနေတာ ဖြစ်ပြီး နိုင်ငံရေး အကျဉ်းသား မိသားစုဝင် ၇၇ ဦးထဲက သားသမီးပေါင်း ၁၂၃ ဦးကို ပညာရေး ထောက်ပံ့စရိတ် ကျပ်ငွေ ၄၀,၀၀၀ စီ ဒီနေ့ ပေးခဲ့ပါတယ်။ ဒီလို ထောက်ပံ့မှုဟာ ကလေးတွေရဲ့ ပညာရေးအတွက် တစိတ်တပိုင်း ပံ့ပိုးမှုဖြစ်တယ် ဆိုတာထက် စိတ်ပိုင်းဆိုင်ရာ ခွန်အားတွေကို ပိုပြီး ရစေပါတယ်လို့ ၂၀၀၅ ခုနှစ် မေလ စစ်ကြောရေးစခန်းမှာ သေဆုံးသွားတဲ့ နိုင်ငံရေး အကျဉ်းသား ကိုအောင်လှိုင်ဝင်းရဲ့ ဇနီး မနှင်းစန္ဒာက ပြောပါတယ်။
“အခု နိုင်ငံရေး အကျဉ်းကျနေတဲ့ လူတွေကလည်း သူခိုးမှု၊ ဓားပြမှုနဲ့ကျတာ မဟုတ်ဘူးလေ။ ကလေးတွေလည်း ကျမ ဆုံးမပါတယ်။ ဒါ စိတ်ဓာတ်မကျနဲ့၊ ကိုယ့်အဖေတွေ၊ ကိုယ့်ဦးလေးတွေ၊ ကိုယ့်အဖိုးတွေက နိုင်ငံရေး လုပ်ရင်းနဲ့ အကုန်လုံး လွတ်မြောက်ဖို့အတွက် ကြိုးစားရင်းနဲ့ ဒီလိုမျိုး ထောင်ကျတာ။ ဘာမှ စိတ်ဓာတ်မကျနဲ့။ ကျမတို့က အမြဲတမ်း စိတ်ဓာတ်အားအင် မြင့်မားနေမှာပါ။ ကလေးကိုလည်း အမြဲတမ်း သွန်သင် ဆုံးမနေမှာပါ။”
၂၀၀၅ ခုနှစ် မေလက စစ်ကြောရေးစခန်းမှာ သေဆုံးသွားတဲ့ ကိုအောင်လှိုင်ဝင်းရဲ့ ဇနီး မနှင်းစန္ဒာ ပြောပြခဲ့တာ ဖြစ်ပါတယ်။
ကျန်ရစ်ခဲ့တဲ့ ကိုအောင်လှိုင်ဝင်း သမီးဟာ ဒီနှစ်ဆို ၄ တန်းရှိနေပြီး NLD ပါတီရဲ့ ပညာရေး ထောက်ပံ့စရိတ်ရတာ ၄ နှစ်ဆက်တိုက် ရှိပြီလို့လည်း ပြောပါတယ်။
နိုင်ငံရေးကြောင့် အဖမ်းခံရတယ်ဆိုရင် NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဥပဒေဆိုင်ရာ ကူညီမှုတွေကို ပြုလုပ်ပေးနေပါတယ်။ ဒါဟာ လူ့အဖွဲ့အစည်း ဖွံ့ဖြိုးဖို့အတွက် တရားဥပဒေ စိုးမိုးရေးဟာ အဓိကကျတာမို့ ဥပဒေနဲ့အညီ ခုခံပိုင်ခွင့် ရှိတယ်ဆိုတဲ့ အချက်ပေါ်ကို အခြေခံထားပြီး ဥပဒေရေးရာ ကိစ္စတွေကို ဆောင်ရွက်ပေးနေတာ ဖြစ်တယ်လို့လည်း NLD ပါတီက ပြောပါတယ်။
အကျဉ်းထောင်တွေအတွင်းမှာ အကျဉ်းချခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေအတွက် ကျန်းမာရေးဆိုင်ရာ ကူညီ စောင့်ရှောက်မှုတွေ ပေးနေသလို အခု အပြင်မှာရှိနေတဲ့ သူတို့ရဲ့ သားသမီးတွေအတွက် ပညာရေးဆိုင်ရာ ကူညီမှု စတဲ့ အချက် ၃ ချက်ကို အဓိကထားပြီး နိုင်ငံရေး အကျဉ်းသားတွေအတွက် NLD ပါတီက ကူညီ ဆောင်ရွက်ပေးနေတယ်လို့ ပြောပါတယ်။