သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီ လူထုဆန္ဒကောက်ယူ


ဦးဉာဏ်ဝင်းနဲ့ ဗွီအိုအေ သီးသန့်တွေ့ဆုံမေးမြန်းခန်း (၂၂ အောက်တိုဘာ ၂၀၁၃) ဓာတ်ပုံ - ဗွီအိုအေမြန်မာပိုင်း
ဦးဉာဏ်ဝင်းနဲ့ ဗွီအိုအေ သီးသန့်တွေ့ဆုံမေးမြန်းခန်း (၂၂ အောက်တိုဘာ ၂၀၁၃) ဓာတ်ပုံ - ဗွီအိုအေမြန်မာပိုင်း
လူထုအသံ နားထောင်တဲ့ အစီအစဉ်ကနေ လောလောဆယ် ရရှိထားတဲ့ အချက်အလက်တွေအရ ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်ရေးဆွဲရေးထက်
ပြင်ဆင်ရေးကို အများစုက လိုးလာတာ တွေ့ရတယ်လို့ ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တဦးဖြစ်သူ ဦးဉာဏ်ဝင်းက ဗွီအိုအေနဲ့ သီးသန့်ပြုလုပ်တဲ့ တွေ့ဆုံ မေးမြန်းခန်းအတွင်း ပြောပါတယ်။

NLD ပါတီက တနိုင်ငံလုံး အတိုင်းအတာနဲ့ သဘောဆန္ဒ ကောက်ယူမှုတွေ လုပ်ဆောင်နေတာမှာ ပြည်နယ်/တိုင်း ဒေသကြီး ၃ ခုမှာ ပြီးစီးသွားပြီဖြစ်ပြီး ကျန်ပြည်နယ်/တိုင်း ဒေသတွေမှာလည်း ထက်ဝက်လောက် ပြီးစီးနေပြီလို့ ဆိုပါတယ်။ အပြည့်အစုံကိုတော့ ဦးဉာဏ်ဝင်းကို ကိုယ်တိုင်တွေ့ဆုံမေးမြန်း ထားတဲ့ ကိုဇော်ဝင်းလှိုင် က တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိ ကျင့်သုံးနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို
ပြင်ဆင်မလား၊ အသစ်ပြန်ရေးဆွဲမလား ဆိုတဲ့ အမြင်သဘောထားတွေ နိုင်ငံရေး ပါတီတွေနဲ့ လူထုအကြား အမျိုးမျိုး ထွက်ပေါ်နေတာကြောင့် NLD ပါတီနဲ့ တိုင်းရင်းသားပါတီ အသီးသီးတို့ တွေ့ဆုံပြီး၊ ဒီကိစ္စကို ဘယ်လို ကိုင်တွယ်ဖြေရှင်းကြမလဲဆိုတာကို ဆွေးနွေး ညှိနှိုင်းခဲ့ကြတာမှာ
နောက်ဆုံးတော့ လူထုရဲ့အသံ၊ လူထုဆန္ဒကို ကောက်ယူသင့်တယ်လို့ ဆုံးဖြတ်ပြီး NLD ပါတီက သဘောထား ကောက်ခံမှုတွေကို တနိုင်ငံလုံး အတိုင်းအတာနဲ့ လုပ်ဆောင်နေတာပါ။

လောလောဆယ် ဆန္ဒကောက်ခံ ပြီးသမျှထဲမှာတော့ အများစုက ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးကို လိုလားကြတာ တွေ့ရတယ်လို့ NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောပါတယ်။

“မန္တလေးရယ်၊ မွန်ပြည်နယ်ရယ်၊ ကရင်ပြည်နယ်ရယ် ခရိုင် အားလုံးပြီးပြီ။ ကျန်တဲ့ နေရာတွေမှာလည်း တော်တော် တိုးတက်တယ်။ စစ်ကိုင်းဆိုရင်လည်း ၃ ခရိုင်အထိပြီးပြီ။ တော်တော်များများက ကျနော်တို့ report တွေပဲ စောင့်နေ တာပါ။ ဆန္ဒသဘောထားကတော့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိုပဲ အများစုက သဘောကျတယ်။ ပဲခူးတိုင်းမှာတော့ မြို့နယ်တခုက အသစ်ပြန်ရေးဖို့ အတော်များများက တင်တယ်။ မြို့နယ်တခုမှာပေါ့၊ ဖြူးမြို့နယ်ပေါ့။ အတိအကျ စာရင်းတော့ ဂဏန်းတော့ မရသေးဘူး။”

ဒီဆန္ဒ ကောက်ယူမှုကို အောက်တိုဘာလ ၆ ရက်နေ့က စတင်ခဲ့တာဖြစ်ပြီး၊ မူလကတည်းက ခရိုင်အဆင့်ပဲ သဘောဆန္ဒ ကောက်ခံဖို့ ရည်ရွယ်ထားခဲ့တာ ဖြစ်တဲ့အတွက် တနိုင်ငံလုံးရဲ့ သဘောဆန္ဒ အစစ်အမှန်ကို ရနိုင်မှာ မဟုတ်ဘူးလို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ကျနော်တို့ အမှန်အတိုင်းပြောရင်၊ ကျနော်တို့ ရည်ရွယ်တာ ခရိုင်အဆင့်ပဲ။ ခရိုင်အဆင့်တောင်မှ မြို့ပေါင်းက ၆၀ လောက်ရှိတယ်။ မြို့နယ်ပေါင်းဆိုရင် ၃၀၀ ကျော်တယ်။ ဆိုတော့ အားလုံးကို လွှမ်းခြုံဖို့က ကျနော်တို့ မတတ်နိုင်ပါဘူး။ တပြည်လုံး အားလုံးရမယ်လို့တော့ ကျနော်အာမ မခံရဲပါဘူ။ ကျနော်တို့လည်း အချိန်က နဂိုက ဒီဇင်ဘာလို့တွက်တာ။ အခုက နိုဝင်ဘာ ၁၅ လို့ ပြောလိုက်တော့ ကျနော်တို့ အများကြီး အချိန်တွေ တိုတောင်းသွားတာပေါ့။”

NLD ပါတီက အခုလို လူထုဆန္ဒသဘော ကောက်ယူမယ့်အကြောင်း သတင်းထုတ်ပြန်ပြီး လုပ်ငန်းတွေ စတင်အကောင်အထည် ဖော်နေတဲ့အချိန်ကျမှ လွှတ်တော် အခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီက နိုဝင်ဘာလ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး သဘောဆန္ဒတွေကို တင်သွင်းကြဖို့ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

ဒါကြောင့်လည်း ရရှိလာတဲ့ အချက်အလက်တွေကို နိုဝင်ဘာလ ၁၅ ရက်နေ့ မတိုင်ခင် လွှတ်တော်ကော်မတီကို တင်သွင်းရနိုင်ဖို့အတွက် အချိန် အကန့်အသတ်နဲ့ တက်သုတ်ရိုက်ပြီး လုပ်ဆောင်နေရတယ်လို့ ဦးဉာဏ်ဝင်း က ပြောပါတယ်။

“ဟုတ်တယ်၊ တက်သုတ်ရိုက်ပြီး လုပ်နေကြရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်သုံးသပ်ရေး ကော်မတီက သူက report ကို ဒီဇင်ဘာမှာ လွှတ်တော်ကိုတင်မှာ။ သူ့ဆီကိုကြတော့ နိုဝင်ဘာ ၁၅ အရောက် ဒီလိုပြောလိုက်တော့ ကျနော်တို့မှာ အချိန်အများကြီး နည်းပါတယ်။ သို့သော် ဘယ်လိုပဲဖြစ်ဖြစ် နည်းတာများတာ အရေးမကြီးဘူး၊ ကျနော်တို့ ကြိုးစားလုပ်ပြီးတော့ အဲဒီ report ကိုတင်မှာပါ။ အချိန်အများကြီး ယူသင့်တာပေါ့။ အချိန်အများကြီး ယူသင့်တယ်။ ကျနော်တို့ ရွေးကောက်ပွဲက ဘယ်လိုပဲဖြစ်ဖြစ် ပုံမှန်အားဖြင့်ဆိုရင် ၂၀၁၅ ဆိုတော့ ၂၀၁၄ တခုလုံးရှိတယ်။ ဒီကာလမှာ ခပ်မြန်မြန်ပြင်တော့ ခပ်မြန်မြန် မှားတာပေါ့။ ခပ်မြန်မြန် မှားတော့ ခပ်မြန်မြန် ထပ်ပြင်ရတာပေါ့။ ဒါမျိုးမရှိအောင်ဆိုရင် စိတ်ရှည်လက်ရှည်နဲ့ ပညာရှင်တွေနဲ့ လိုအပ်တာတွေ ညှိရမှာပေါ့။”

NLD ပါတီရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီကိုတော့ အဖွဲ့ဝင် ၇ ဦးနဲ့ ဖွဲ့စည်းပြီး ပြည်နယ်တိုင်းဒေသကြီး ၁၄ ခုအတွက် တာဝန်တွေ ခွဲဝေပေးထား တာ ဖြစ်ပါတယ်။

တကယ်တော့ အခုလို တနိုင်ငံလုံး အတိုင်းအတာနဲ့ လူထုဆန္ဒ ကောက်ယူတဲ့ အစီအစဉ်တွေကို နိုင်ငံတော်က လုပ်ပေးနိုင်ရင် ပိုကောင်းမယ်လို့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီဝင် တဦးလည်းဖြစ်၊ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်း ဒေသကြီးတွေကို ပူးတွဲ တာဝန်ယူထားသူလည်းဖြစ်တဲ့ ရှေ့နေ ဦးကျော်ဟိုးက ပြောပါတယ်။

“နိုင်ငံတော်က လုပ်ပေးနိုင်ရင် ပိုကောင်းတာပေါ့။ အခုတောင်မှ ကျနော်တို့က ဒီလူထုအစည်းအဝေး လုပ်ဖို့တောင်မှ တချို့နေရာ၊ တချို့မြို့တွေ၊ ခရိုင်တွေမှာ ခုနက ပြောသလို၊ ပုဒ်မ (၁၈) နဲ့ ခွင့်ပြုချက် လျှောက်လွှာတင်ပြီး ခွင့်ပြုချက် တောင်းရမလားဆိုပြီး လုပ်တဲ့ ခရိုင်၊ မြို့တွေတောင် ရှိတယ်။”

မေး။ ။ ပုဒ်မ (၁၈) နဲ့ လျှောက်ပါဆိုတာက လူစုလူဝေးနဲ့ ပါမစ်ချပေးဖို့ လျှောက်ခိုင်းတာပေါ့။

ဖြေ။ ။“ဟုတ်ကဲ့၊ အဲဒါကျတော့ ကျနော်တို့ အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာမှာ သူတို့ဟာသူတို့ လုပ်ခိုင်းခွင့် မရှိဘူးပေါ့။”

NLD ပါတီအနေနဲ့တော့ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်တာပဲဖြစ်ဖြစ်၊ အသစ် ပြန်လည် ရေးဆွဲတာပဲဖြစ်ဖြစ် အခုကောက်ခံရရှိတဲ့ လူထုဆန္ဒသဘောအတိုင်း လိုက်နာ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

NLD က ဦးဆောင်ပြီး အခုလုပ်ဆောင်နေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ သဘောဆန္ဒ ကောက်ခံမှုတွေဟာ NLD ပါတီဝင်တွေအပေါ် အခြေခံပြီး လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

အခုရလာမယ့် အဖြေဟာ တတိုင်းပြည်လုံးမှာရှိတဲ့ လူထုဆန္ဒနဲ့ ဘယ်လောက်အထိ ကိုက်ညီမှု ရှိတယ်၊ မရှိဘူး။ နောက် တခြား တင်ပြလာကြမယ်သူတွေကရော ဘယ်လိုအချက်တွေကို အဆိုပြုကြသလဲ ဆိုတာတော့ လွှတ်တော်ကော်မတီက ဒီအပေါ် ဘယ်လို တုံ့ပြန်မလဲဆိုတဲ့ အပေါ်မှာနဲ့ ပွင့်လင်း မြင်သာမှု ဘယ်လောက်ရှိမလဲ ဆိုတဲ့အပေါ် အများကြီး မူတည်နေမှာ ဖြစ်ပါတယ်။
XS
SM
MD
LG