သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဏာရ NLD ပါတီ ပြန်လည် မွမ်းမံဖို့ ပြင်ဆင်


ရန်ကုန်မြို့ရှိ ပါတီ ဌာနချုပ်။ (ဓါတ်ပုံ - courtesy photo/NLD)
ရန်ကုန်မြို့ရှိ ပါတီ ဌာနချုပ်။ (ဓါတ်ပုံ - courtesy photo/NLD)

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ပါတီတွင်း လစ်လပ် သွားတဲ့ နေရာတွေမှာ အစားထိုးဖို့ အတွက် ပါတီကို ပြန်လည်မွမ်းမံ တည်ဆောက်ဖို့ ပြင်ဆင်နေတယ်လို့ ပါတီ ထိပ်ပိုင်း ခေါင်းဆောင် တဦးကပြောလိုက်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရ ပြီးတဲ့နောက် လွှတ်တော် နဲ့ အစိုးရအသီးသီးမှာ တာဝန် ထမ်းဆောင်နေ ကြတဲ့ NLD ပါတီဝင်တွေရဲ့ နေရာမှာ ပါတီရဲ့တာဝန်တွေ ထမ်းဆောင်နိုင်ဖို့ ရည်ရွယ်တာ ဖြစ်တယ် လို့လည်း ပြောပါတယ်။ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တာဝန်တွေကိုတော့ အတွင်းရေးမှူး အဖွဲ့က တာဝန်ယူပြီး ပါတီကို ဦးဆောင် သွားမှာဖြစ်တယ်လို့လည်း ပြောပါတယ်။ ဒီအခြေအနေ အပြည့်အစုံကိုတော့ ဆက်သွယ် မေးမြန်းထားတဲ့ ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက အပြတ်အသတ်နဲ့ အနိုင်ရပြီး လွှတ်တော်မှာ အမတ်နေရာအများစုကို ရခဲ့သလို၊ အစိုးရလည်း ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ NLD ပါတီက အစိုးရအဖြစ်နဲ့ အာဏာရ လာပြီးတဲ့နောက် ပါတီကို ပြန်လည်မွမ်းမံတည်ဆောက်ဖို့ ပြင်ဆင်နေတာနဲ့ ပတ်သက်ပြီး ပါတီရဲ့အတွင်းရေးမှူးအဖွဲ့ဝင် ရှေ့နေ ဦးဉာဏ်ဝင်းကတော့ VOA ကို အခုလို ပြောပါတယ်။

“ဒီလိုပါ။ NLD ကနေ ရွေးကောက်ပွဲ ဝင်လိုက်တယ်။ ရွေးကောက်ပွဲမှာ NLD ကနေ အမတ်ဖြစ်တဲ့ သူကလည်း ဖြစ်သွားကြတယ်။ နောက် ပါတီတာဝန်က ရှိနေပေမယ့်လို့ အမတ်ဖြစ်နေတဲ့ အခါကျတော့ ပါတီတာဝန်ကိုလည်း အပြည့်မလုပ်နိုင်ဘူး။ အဲတော့ မြို့နယ် တော်တော်များများ တော်တော်များများ၊ ယူနစ် တော်တော်များများမှာ အင်အားပြန်ဖြည့်ဖို့ လိုတာပေါ့။ အဲဒါကြောင့် ကျွန်တော်တို့ အင်အား ပြန်ဖြည့်ဖို့ စီမံချက်လေး ကို ပြန်ဆွဲနေကြတာပါ။ မြို့နယ်အဆင့် ဦးစီး၊ ခရိုင် တိုင်း အဆင့်နေရာတွေမှာ လစ်လပ်နေတဲ့ နေရာတွေကို ဖြည့်ဖို့၊ အင်အား လျော့သွားတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ နေရာ အကုန်လုံး နေရာတွေအတွက်။ အစစ အကုန်လုံးကို ပြန်ပြီးတော့ အင်အား ဖြည့်တင်းနိုင်ဖို့ ကြိုးစားမှာပေါ့။ ”

NLD ပါတီအနေနဲ့ သက်ဆိုင်ရာမြို့နယ်၊ ခရိုင်၊ ပြည်နယ်၊ တိုင်းအလိုက် ပါတီ အလုပ်အမှုဆောင်တွေ ၊ ဗဟိုဦးစီးတွေကို အဓိက ပြန်လည်ရွေးချယ်ပြီး အားဖြည့်သွားမှာဖြစ်တယ်လို့လည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။ ဒါပေမဲ့လည်း အဲဒီလို ရွေးချယ်တဲ့နေရာမှာ အောက်ခြေကနေ မဲခွဲပြီး ရွေးချယ်မှာလား၊ ဒါမှမဟုတ် ဗဟိုကနေ ရွေးချယ်မှာလားဆိုတဲ့အပေါ်မှာတော့ ဦးဉာဏ်ဝင်းက ပြောတာကတော့

“မသေချာသေးဘူး။ ဘယ်ဟာမှ မသေချာသေးဘူး။ စီမံချက် ဆွဲတုံးပဲ။ ”

ဧပြီလ ၁ ရက်နေ့ကစတင်ပြီး သမ္မတဦးထင်ကျော် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရတက်လာပြီးတဲ့နောက် ၊ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဟာလည်း နိုင်ငံခြားရေးဝန်ကြီး အဖြစ်နဲ့ရော၊ သမ္မတရုံး ဝန်ကြီးအဖြစ်နဲ့ပါ အစိုးရအဖွဲ့ အတွင်းမှာ ပါဝင်လာခဲ့ တာပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ NLD ပါတီရဲ့ ဥက္ကဋ္ဌအဖြစ်နဲ့ ဆက်ရှိနေပေမယ့် လည်း ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရတော့၊ အစိုးရအဖွဲ့ဝင် တစ်ယောက်ဖြစ်တဲ့ အတွက် ပါတီဥက္ကဋ္ဌတာဝန်တွေ ပါတီရဲ့ တာဝန်တွေကို ထမ်းဆောင်လို့ မရပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေရာမှာ ပါတီကို ဦးဆောင်ဖို့ ဘယ်လို ပြင်ဆင်ထားသလဲ ဆိုတာကိုတော့ ဦးဉာဏ်ဝင်းက အခုလို ပြောပါတယ်။

“ပါတီ ဥက္ကဌ နေရာက သူ့ responsibility အရ ဆက်ပြီးတော့ရှိမယ်။ သူက ပါတီအလုပ်ကို အခုအချိန်မှာ မလုပ်ရတာပဲ။ ပါတီ ဥက္ကဌ ရာထူးတော့ စွန့်စရာမလိုပါဘူး။ အတွင်းရေးမှုးသစ် ငါးဦး ဖွဲ့ထားပါတယ်။အဲဒီ ငါးဦး အဖွဲ့က ပါတီကို ကြိုးကိုင် ထိန်းချုပ်သွားမှာပါ။”

NLD ပါတီရဲ့ အတွင်းရေးမှူး အဖွဲ့ကိုတော့ အဖွဲ့ဝင် ၅ ဦး နဲ့ ဖွဲ့စည်းထားပြီး၊ အဆိုပါ အဖွဲ့ဝင် ၅ ဦးကတော့ ဦးဝင်းထိန်၊ ဦးဉာဏ်ဝင်း၊ ဦးဟံသာမြင့်၊ ဦးဝင်းမြင့် နဲ့ ဦးဇော်မြင့်မောင်တို့ ဖြစ်ပါတယ် ခင်ဗျာ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG