သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲနှစ်လည် NLD ခေါင်းဆောင်နဲ့မေးမြန်းချက်


NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်ဦးဉာဏ်ဝင်း
NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်ဦးဉာဏ်ဝင်း

“ပြောင်းလဲချိန်တန်ပြီ”ဆိုတဲ့ ကြွေးကြော်သံနဲ့ အတိုက်အခံပါတီကြီးဖြစ်တဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပြည်သူ့ဆန္ဒ မဲအများစုနဲ့ အရပ်သားအစိုးရတရပ်အဖြစ် ရွေးချယ်ခံခဲ့ကြတဲ့ ရွေးကောက်ပွဲ နှစ်နှစ်တင်းတင်း ပြည့်တဲ့ ဒီကနေ့မှာတော့ NLD ဦးဆောင်တဲ့ အစိုးရအပေါ် ပြည်သူအများ မျှော်လင့်ထားသလို အကောင်အထည်ဖော် မဆောင်ရွက်နိုင်သေးတဲ့အပေါ် အားမလိုအားမရဖြစ်မှုတွေနဲ့ ဝေဖန်မှုတွေရှိနေပါတယ်။ ဒီဝေဖန်မှုတွေကို NLD အနေနဲ့ ကြိုဆိုလက်ခံပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ ပြည်သူနဲ့အတူ ဆိုတဲ့ဆောင်ပုဒ်နဲ့အညီ ရွေးကောက်ပွဲကတိကဝတ်တွေအတိုင်း ပြည်သူအများ လိုလားတဲ့ ဒီမိုကရေစီနိုင်ငံသစ် ထူထောင်နိုင်ရေး စိန်ခေါ်မှု အကျပ်အတည်းတွေကို ပြည်သူနဲ့အတူ ရင်ဆိုင်ဖြေရှင်းသွားမှာဖြစ်တယ်လို့ NLD ပါတီတာဝန်ရှိသူက ပြောဆိုလိုက်ပါတယ်။ ရွေးကောက်ပွဲနှစ်နှစ်ပြည့် ဒီကနေ့မှာ NLD အရပ်သားအစိုးရ ဆောင်ရွက်ချက်တွေနဲ့ပတ်သက်လို့ NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်ဦးဉာဏ်ဝင်းကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က ဆက်သွယ်မေးမြန်းတဲ့အခါ သူက အခုလိုစဖြေပါတယ်။

ဦးဉာဏ်ဝင်း။ ။ အမြင်ချင်းတော့ တူကြမှာမဟုတ်ဘူး။ ကျနော်ပြောချင်တာက သင့်တော်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ တိုးတက်မှုတွေ ရနေတယ်လို့ ကျနော်တော့ မြင်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်လို့လည်း အင်မတန်သိမ်မွေ့ပါတယ်။ ကျနော်တို့ တိုးတက်မှုရတယ်လို့ ခံယူတယ်။ ဆက်လက်ကြိုးစားနေတယ် အဲ့လိုပြောချင်တယ်။ ဒါကို မကျေနပ်ကြဘူးဆိုရင်လည်း ကျနော်တို့ နားလည်ပါတယ်။ သို့သော် ကျနော်တို့ ဥပဒေပြင်ဆင်ရေးတို့ ဥပဒေပြဋ္ဌာန်းရေးတို့ဆိုတဲ့ဟာ စိတ်ရှည်သည်းခံပြီး စောင့်ရမယ်နော်။ ဖြစ်ချင်တာကို ချက်ခြင်းအကုန်လုံး ဖြစ်လိုက်တာနဲ့ ကျန်တဲ့ကိစ္စတွေမှာ အကုန်လုံး ကမောက်ကမတွေဖြစ်ကုန်မှာ ဒါတွေကို ချင့်ချင့်ချိန်ချိန် လုပ်ရမယ့်ပြဿနာမို့လို့ အဲ့သလို အလောသုံးဆယ်ဖြစ်ဖို့ အလောသုံးဆယ်မျှော်လင့်ဖို့ မသင့်ဘူးလို့ ကျနော်ပြောချင်တယ်။

မဆုမွန်။ ။ အခုနှစ်နှစ်တာကာလပေါ့နော် ၂၀၁၅ ရွေးကောက်ပွဲအပြီးမှာ NLD ဦးဆောင်တဲ့အရပ်သားအစိုးရက ရခိုင်အရေးလိုပေါ့နော် နိုင်ငံတကာဖိအားတွေ ဝေဖန်မှုတွေနဲ့ကြုံရတဲ့ ဒီအကျပ်အတည်းစိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အနေအထားအပေါ်မှာ NLD အစိုးရ ရှေ့ဆက်လျေျာက်လှမ်းမယ့်ခြေလှမ်းတွေကို ဘယ်လိုပြောချင်တာရှိပါလဲ။

ဦးဉာဏ်ဝင်း။ ။ ပြည်သူတွေကိုပြောချင်တာက လက်ရှိမှာ ကျနေ်ာတို့မှာ နိုင်ငံတကာသတင်းမီဒီယာအချို့ရဲ့ ဖိအားပေးမှုကိုခံရတယ်။ ရခိုင်မှာဆို တပ်စခန်းတွေ ရဲစခန်းတွေကိုတောင် ဝင်ရောက်တိုက်ခိုက်ခံရတဲ့အကြမ်းဖက်မှုကို ခံရတယ်။ ဒါတွေကို ကျနော်တို့ တုန့်ပြန်ဖို့ လုပ်တဲ့အခါမှာ အချုပ်အခြာအာဏာကို မထိခိုက်အောင် ဆက်လက်ဆောင်ရွက်သွားမယ်လို့ ပြည်သူလူထုကို အသိပေးချင်ပါတယ်။

မဆုမွန်။ ။ နောက်ပြီးတော့ NLD အစိုးရလက်ထက်မှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ပြောခဲ့တာလည်းရှိပါတယ်။ အလုပ်အကိုင်ဖန်တီးနိုင်ရေးနဲ့ စီးပွားရေးတွေ ဖွံ့ဖြိုးတိုးတက်ဖို့ ပြည်သူလူထုအများက အများကြီးမျှော်လင့်ချက်ရှိပါတယ်။ မဖြစ်လာသေးတဲ့အပေါ် အန်ကယ်လ်ဦးဉာဏ်ဝင်းတို့ ဘယ်လိုများပြောနိုင်တာရှိပါလဲရှင့်။

ဦးဉာဏ်ဝင်း။ ။ ကျနော်ပြောနိုင်တာကလေ အလုပ်အကိုင်ရရှိရေးနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ NLD အစိုးရက မူကို ချထားပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက အလုပ်အကိုင်ဖန်တီးပေးရေးကို ဦးတည်ရမယ်ဆိုတဲ့အချက်ပေါ့။ ဒီအချက်တွေကြောင့် တချို့လုပ်ငန်းတွေက ချက်ခြင်းအပြောင်းအလဲ လုပ်ဖို့ အခက်အခဲရှိလို့ အချိန်ကြန့်ကြာနေတာရှိတယ်။ သို့သော် ဒါဟာ ပြည်သူလူထု အများစု အကျိုးရှိမယ့်ကိစ္စ မူဝါဒအဖြစ်လည်း ကျနော်တို့မြင်ပါတယ်။

မဆုမွန်။ ။ အန်ကယ်လ် နောက်တခုက တရားဥပဒေစိုးမိုးမှုနဲ့ပတ်သက်ပြီးတော့ပေါ့နော် NLD ရွေးကောက်ခံရတဲ့ နှစ်နှစ်ပြည့်ကာလမှာ ဆောင်ရွက်လုပ်ကိုင်နေတာတွေနဲ့ပတ်သက်လို့ရော အန်ကယ်လ် ဦးဉာဏ်ဝင်း ဘယ်လိုများပြောနိုင်တာရှိပါလဲ။

ဦးဉာဏ်ဝင်း။ ။ ဟုတ်ကဲ့ ကျနော်တို့ သာမာန်အားဖြင့်ကြည့်ရင်တော့ ဂျာနယ်လ်တွေ သတင်းစာတွေ ပုဂ္ဂလိက သတင်းစာတွေကို ကြည့်လိုက်ရင် ရာဇဝတ်မှုတွေ တရားဥပဒေစိုးမိုးရေးနဲ့ပတ်သက်ပြီးတော့ အများကြီး ပွားမာျးလာတယ်လို့ ဒီလိုမြင်ကြတယ်။ တကယ်တော့ မဟုတ်ဘူးဗျ။ တကယ်တမ်းကျတော့ ကျနော်တို့ အရင်တုန်းက အချိန်ထက်စာရင် ဒေတာတွေ ကောက်ယူမယ်ဆိုရင် တရားဥပဒေစိုးမိုးမှု ပိုမိုရရှိနေတယ်ဆိုတာ ကျနော်တို့ ယုံကြည်ပါတယ်။ ဒီအတိုင်းလည်း ဆက်လက်ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်သွားမယ်လို့ ကျနော် ပြောချင်ပါတယ်။

မဆုမွန်။ ။ လွှတ်တော်ထဲမှာ ဒီမိုကရေစီစံနဲ့ မညီတာတွေ လူ့အခွင့်အရေးနဲ့ မကိုက်ညီတဲ့ကိစ္စတွေ ဥပဒေတွေ ပြုပြင်ပြောင်းလဲ ပြင်ဆင်ဖို့ ပြဋ္ဌာန်းဖို့ ကြိုးပမ်းနေတဲ့ NLD ဦးဆောင်တဲ့ လွှတ်တော်ပိုင်းရဲ့ ဆောင်ရွက်ချက်တွေနဲ့ပတ်သက်လို့ရော အန်ကယ်လ်တို့ ဒီနှစ်နှစ်ပြည့်မှာ ဘယ်လိုများပြောချင်ပါလဲ။

ဦးဉာဏ်ဝင်း။ ။ ဒီ ဥပဒေပြင်ဆင်ရေးတို့ ဥပဒေပြဋ္ဌာန်းရေးတို့ဆိုတဲ့ဟာ စိတ်ရှည်သည်းခံပြီး စောင့်ရမယ်နော်။ ဖြစ်ချင်တာကိုချင့်ချင့်ချိန်ချိန် လုပ်ရမယ့်ပြဿနာမို့လို့ အဲ့သလို အလောသုံးဆယ်ဖြစ်ဖို့ အလောသုံးဆယ်မျှော်လင့်ဖို့ မသင့်ဘူးလို့ ကျနော်ပြောချင်တယ်။ မကြာခင်ကမှ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ပြောသွားတဲ့ မြန်မာနိုင်ငံသားတွေ နိုင်ငံတကာကိုရောက်ရှိနေတဲ့ ပုဂ္ဂိုလ်တွေ အားလုံးက ကျနော်တို့ အတူတကွ ဘယ်ပုံစံနဲ့ဖြစ်ဖြစ် ပူးပေါင်းဆောင်ရွက်ကြပါလို့ ထပ်မံတိုက်တွန်းလိုပါတယ်။

မဆုမွန် ။ ။ အန်ကယ်ဖြေပေးတာ ကျေးဇူးပါ။

NLD အရပ်သားအစိုးရ ဆောင်ရွက်ချက်တွေနဲ့ပတ်သက်လို့ NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်ဦး ဉာဏ်ဝင်းကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG