သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝါရင့်နိုင်ငံရေးသမား သခင်အုန်းမြင့် ကွယ်လွန်


ဝါရင့်နိုင်ငံရေးသမား သခင်အုန်းမြင့် ကွယ်လွန်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူမှုထောက်ကူပြုအဖွဲ့ ဒုဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး နိုင်ငံရေး အကျဉ်းသား မိသားစုတွေကို အားပေး ကူညီ ထောက်ပံပေးခဲ့တဲ့ သခင်အုန်းမြင့်ဟာ ဒီကနေ့ မနက် သူ့နေအိမ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ သခင်အုန်းမြင့်ဟာ မြန်မာ့လွတ်လပ်ရေး လှုပ်ရှားမှုကနေ ဒီမိုကရေစီရေး လှုပ်ရှားမှုအထိ ထောင်အကြိမ်ကြိမ် ကျခံပြီး နိုင်ငံရေးမှာ စဉ်ဆက်မပြတ် ပါဝင်လာသူဖြစ်ပါတယ်။ အသက် (၉၃) နှစ်အရွယ်မှာ ကွယ်လွန်သွားတဲ့ သခင်အုန်းမြင့်ရဲ့ နာရေးသတင်းကိုတော့ ထိုင်းအခြေစိုက် သတင်းထောက်ကို မိုးဇော်က တင်ပြထားပါတယ်။

သခင်အုန်းမြင့်ဟာ မြန်မာပြည် လွတ်လပ်ရေး လှုပ်ရှားမှုမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ လက်တွဲ ဆောင်ရွက်ခဲ့သူ ဖြစ်ပြီး နိုင်ငံရေးမှာ နေရာမယူဘဲ ကိုယ်ကျိုးစွန့် ဆောင်ရွက်သူအဖြစ် လုပ်ဖော်ကိုင်ဖက်တွေ ကြားမှာ လေးစားခံရသူ ဖြစ်ပါတယ်။

အသက် (၉၀) ကျော်အရွယ်ထိ နိုင်ငံရေး၊ လူမှုရေးလုပ်ငန်းတွေကို တက်တက်ကြွကြွ ဆောင်ရွက်ခဲ့တဲ့ သခင်အုန်းမြင့်ဟာ ဒီနေ့ မနက်မှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားတယ်လို့ သားဖြစ်သူက အခုလိုပြောပါတယ်။

“ဒီနေ့ မနက်ပေါ့။ သောကြာနေ့ မနက် ၄ နာရီခွဲပါ။ အိမ်မှာပါပဲ။ အိမ်မှာပဲ ဆုံးတာပါပဲ။ လူကြီး ရောဂါပါပဲ။ ၉၃ နှစ်ဆိုတော့လဲ ဒီလိုပါပဲ။ အိပ်ယာထဲ လဲနေတာတော့ ကြာပြီ၊ ဘယ်မှ မသွားနိုင်မလနိုင်နဲ့။ ဒီမနက်မှ ဆုံးတာပါ။”

သခင်အုန်းမြင့်ဟာ အိပ်ယာထဲ မလဲမီအချိန်အထိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လူမှုထောက်ကူပြုအဖွဲ့ ဒုဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး နိုင်ငံရေး အကျဉ်းသားမိသားစုတွေကို အားပေးကူညီခဲ့သူလည်း ဖြစ်ပါတယ်။ သူကွယ်လွန်တာဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အတွက် ဆုံးရှုံးမှုတခုပါလို့ ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ကျနော်တို့ အဖွဲ့အတွက်တော့ ဆုံးရှုံးမှုပါပဲ။ ဘာလို့လဲဆိုတော့ သူက တောက်လျောက် အကူအညီပေးလာတယ်။ တက်တက်ကြွကြွလည်း ရှိတယ်။ လူငယ်တယောက်လိုပဲ သွားလာလှုပ်ရှားတယ်။ ဒါတွေကတော့ ကျနော်တို့ရဲ့ သူ့အပေါ်မှာ ဆုံးရှုံးမှုတွေပေါ့။”

သခင်အုန်းမြင့်ဟာ အသက် ၁၅ နှစ်အရွယ်လောက်က တို့ဗမာအစည်းအရုံး ကြွေးကြော်သံတွေကို ဖြန့်ဝေရင်း နိုင်ငံရေးလောကထဲကို ၀င်ရောက်လာခဲ့သူ ဖြစ်ပါတယ်။

၁၉၄၀ ခုနှစ်မှာ အိန္ဒိယနိုင်ငံ အမျိုးသား ကွန်ဂရက်ရဲ့ ဖိတ်ကြားချက်အရ ရမ်းဂါး ညီလာခံကို ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ တို့ဗမာ အစည်းအရုံး ကိုယ်စားလှယ် အဖြစ် တက်ရောက်ခဲ့ပါတယ်။ အင်္ဂလိပ်အစိုးရနဲ့ ဖက်ဆစ်ဂျပန်ကို တော်လှန်ရာမှာလည်း ပါဝင်ခဲ့သလို ၁၉၈၈ ခုနှစ် ဒီမိုကရေစီရေး လှုပ်ရှားမှုမှာလည်း တက်တက်ကြွကြွ ပါဝင်ခဲ့တာကြောင့် အကြိမ်ကြိမ် ဖမ်းဆီး ထောင်ချခံခဲ့ရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လူငယ်ခေါင်းဆောင် တယောက်ဖြစ်တဲ့ မဖြူဖြူသင်း ကတော့ သခင်အုန်းမြင့်ဟာ လူငယ်တွေအတွက် အတုယူစရာ ပုဂ္ဂိုလ်တယောက်လို့ ပြောပါတယ်။

“သူ ရှေ့ကနေ လုပ်ဆောင်ချက်တွေကို ကျမတို့ မြင်နေတယ်၊ တွေ့နေတာတွေက သူ့ရဲ့ ကိုယ်ကျိုး လုံးဝမရှိဘူး။ ဒီတိုင်းပြည်အတွက်ဆိုရင် အားလုံး ဘာပဲလုပ်ရလုပ်ရ အနစ်နာခံတယ်။ ကိုယ်ကျိုးစွန့်တယ်။ ဘယ်လို အခက်အခဲမျိုးပဲရှိရှိ သူတတ်နိုင်တဲ့ဘက်ကနေပြီးတော့ ပြည်သူလူထု ကောင်းစားဖို့အတွက် ဆိုတာပဲ သူ့မှာရှိတယ်။ ကျန်တဲ့ကိစ္စ သူ့ခေါင်းထဲမှာ မရှိဘူး။ အဲဒီအခါကျတော့ ကျမတို့အနေနဲ့ သူတို့နဲ့စကားပြောကြည့်တာကိုပဲ အများကြီး အားတက်တယ်။ အဘတို့နဲ့ စကားပြောရတယ်၊ အဘတို့ လုပ်တာကိုင်တာ ကြည့်ပြီးတော့ကို အားကျတယ်၊ အတုယူရတာတွေ အများကြီး ရှိပါတယ်။”

သခင်အုန်းမြင့်ဟာ သတင်းစာလောကမှာ ထင်ရှားတဲ့ ဂျာနယ်ကျော် ဦးချစ်မောင် နဲ့ လုပ်ဖော်ကိုင်ဖက် တဦးဖြစ်သလို မြန်မာ့အလင်း၊ တိုးတက်ရေးနဲ့ ဂျာနယ်ကျော် စတဲ့ သတင်းစာ ဂျာနယ်တွေမှာ ၀တ္ထုရှည်တွေနဲ့ ဆောင်းပါးတွေ အများအပြား ရေးသားခဲ့တဲ့ စာနယ်ဇင်းသမား တယောက်လည်း ဖြစ်ပါတယ်။

သခင်အုန်းမြင့်ရဲ့ ဈာပနကိုတော့ လာမယ့် တနင်္ဂနွေနေ့ ညနေ ၄ နာရီမှာ ရေဝေးသုသာန်မှာ ကျင်းပမှာဖြစ်ပါတယ်။

XS
SM
MD
LG