သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD ဒု-ဥက္ကဋ္ဌ ဦးတင်ဦး နိုင်ငံခြားမှာ ဆေးကုသမှု ခံယူမည်


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဒုတိယဥက္ကဋ္ဌ အငြိမ်းစား ဗိုလ်ချုပ်ကြီး သူရဦးတင်ဦးဟာ ရန်ကုန်မြို့ ပန်းလှိုင်ဆေးကုခန်းရဲ့ စီစဉ်ချက်အရ မကြာခင် ပြည်ပကို သွားရောက်ပြီး မျက်စိခွဲစိတ် ကုသတာကို ခံယူဖို့ ရှိနေပါတယ်။ ဦးတင်ဦး မြန်မာနိုင်ငံကူးလက်မှတ် ရရှိခဲ့တာ အပါအဝင် မျက်စိခွဲစိတ် ကုသခံယူမယ့် အခြေအနေတွေကို ကိုရော်နီညိမ်းက ဆက်သွယ် မေးမြန်းတဲ့အခါမှာ ဦးတင်ဦးက အခုလို စပြီး ပြောကြားခဲ့ပါတယ်။

“ကျနော်က အသက်အရွယ် နည်းနည်းလည်း ကြီးလာပြီပေါ့။ မတော်လို့ ခွဲစိတ်ကုတဲ့အခါ အချိန်ကြာရင်လည်း မေ့ဆေး ကြာကြာပေးရမယ့် ကိစ္စမှာ စဉ်းစားစရာ ရှိတယ်တဲ့။ တိုင်းပြည်အတွက် လူကြီးတယောက်လို ဖြစ်နေတဲ့ အတွက်ကြောင့် အစစအရာရာ ကောင်းကောင်းမွန်မွန် ကုသပေးချင်တယ်ဆိုတာ ရှိတယ်တဲ့။ ချောချောမောမော၊ အောင်အောင်မြင်မြင် ဖြစ်သွားအောင် လုပ်ချင်တာ ရှိတယ်ပေါ့ဗျာ။ ဒီ့ထက်ပိုပြီး သင့်တော် ကောင်းမွန်တဲ့ နေရာကို Refer လုပ်ချင်တယ်တဲ့။ အဲဒီလို သူတို့က ပြောတယ်ဗျ။

“ဒီနေ့တော့ ကျနော့်ဇနီး သွားပြီး ညှိတော့ ကျနော့်ကို မနက်ဖြန် ခေါ်ထားတယ်ဗျ။ အမှန်က သူတို့က ထိုင်း၊ စင်ကာပူ မပြောနဲ့ ဒီမှာလုပ်နေတဲ့ ပုဂ္ဂိုလ်ကလည်း တပတ်နှစ်ပတ်လောက် လုပ်လိုက်၊ ဒီမှာ ကုသလိုက်၊ ခွဲစိတ်လိုက်၊ ပြီးရင် သူက စင်ကာပူမှာ သူတို့ဆေးရုံ ရှိတယ်လေ၊ အဲဒီမှာလည်း သူက ပါရဂူပဲလေ။ အဲဒီမှာ လုပ်မယ်ဆိုရင် ပစ္စည်းပစ္စယ စုံတဲ့အတွက် သူ စိတ်ပိုအေးတယ်ပေါ့ဗျာ။ သူတို့ဘက်ကလည်း အင်မတန် ကောင်းကောင်းမွန်မွန် စေတနာနဲ့ ပြောတာပါ။ အဲတော့ ကျနော် မနက်ဖြန် သူတို့နဲ့ သွားပြီး တိုင်ပင်ရမယ်။ အဲဒီဟာပါပဲ။”

ပြည်ပကိုထွက်ပြီး ဆေးကုဖို့အတွက် အန်ကယ့်အနေနဲ့ မြန်မာနိုင်ငံကူး လက်မှတ်ကို အစိုးရဆီမှာ လျှောက်ထားဖို့ လိုအပ်မှာပေါ့။ အဲဒီကိစ္စရော အန်ကယ် ဘယ်လို စီစဉ်ပါလဲခင်ဗျ။

“တော်တော် စောစော လွန်ခဲ့တဲ့ ၂ လလောက်က စီမံထားတော့ ကျနော်နဲ့ ဆက်သွယ်တဲ့ ဆေးရုံက အစစအရာရာ အကုန်လုပ်ပေးတယ်။ သူတို့က Refer လုပ်တယ်ဆိုရင်၊ သူတို့က ဒီမှာထက် ဟိုမှာ သင့်တော်တာမို့၊ ခွဲစိတ်မယ့် ပုဂ္ဂိုလ်ကလည်း ဒီက ပါရဂူပဲလေ၊ အဆက်အသွယ် လုပ်ထားတဲ့ ဆေးရုံကိုး။ အဲဒီတော့ အဲဒီမှာလုပ်မယ်ဆိုရင် Passport နဲ့ ပတ်သက်လို့ အဆင်ပြေဖို့ရယ်၊ ဗီဇာကိစ္စ အဆင်ပြေဖို့ရယ်၊ သွားတာလာတာ အဆင်ပြေဖို့ရယ်၊ ဟိုမှာ ခွဲစိတ်ဖို့ အဆင်ပြေဖို့ရယ်၊ ဒါတွေအကုန်လုံး သူတို့ ထည့်လုပ်တယ်။”

အဲဒီတော့ ပန်းလှိုင်ဆေးရုံရဲ့ စီစဉ်ပေးချက်အရ အန်ကယ်ရဲ့ မြန်မာနိုင်ငံကူး လက်မှတ်က အန်ကယ့်လက်ဝယ်မှာ လွန်ခဲ့တဲ့ ၂ လလောက် ကတည်းက ရရှိထားခဲ့ပြီးပြီဆိုတဲ့ သဘောလားခင်ဗျ။

“ရပြီးသားလက်မှတ်က အခု အစိုးရကပေးတဲ့ လက်မှတ်၊ အဲဒါကို မနက်ဖြန် သူတို့က ယူလာပါတဲ့။ အဲတော့ ယူလာပြီးရင် သူတို့က အကုန် ဆက်လုပ်မယ့် သဘောရှိတယ်။”

မြန်မာနိုင်ငံကူး လက်မှတ်ကို အန်ကယ် ဘယ်လောက်တုန်းက လျှောက်ထားပြီး ဘယ်လောက်လောက်ကြာအောင် စောင့်ခဲ့ရပါလဲခင်ဗျ။

“လျှောက်တာ ကြာတော့ ကြာတယ်ဗျ။ ဒါပေမဲ့ သူတို့ကလည်း ဒီမှာ ဓာတ်ပုံရိုက်တာတို့ ဘာတို့ တလောက လာပြီး လုပ်ကိုင်ပေးသွားပြီးတော့ မကြာမတင်မှာပဲ လာပေးတဲ့ သဘောတော့ ရှိပါတယ်။”

အန်ကယ့်ကို ပြည်ပကိုထွက်ပြီး ဆေးကုသခွင့် ပေးတယ်ဆိုတဲ့ အခါကြတော့ နိုင်ငံရေး အခြေအနေနဲ့ ပြန်ပြီး သုံးသပ်မယ်ဆိုရင် အန်ကယ်တို့ရဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လက်ရှိအစိုးရ စီစဉ်နေတဲ့ ရွေးကောက်ပွဲကိုလည်း သပိတ်မှောက်ဖို့ ဆုံးဖြတ်ချက် ချထားတဲ့ အချိန်မှာ အဲဒီပါတီရဲ့ ခေါင်းဆောင်ဖြစ်တဲ့ အန်ကယ့်ကို ပြည်ပကို ထွက်ပြီး ဆေးကုသခွင့် ပေးတယ်ဆိုတော့ ဒါဟာ မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေးတဲ့အခါမှာ စိတ်စေတနာကောင်းနဲ့ပဲ ထုတ်ပေးတာလား၊ ဒါမှမဟုတ် နိုင်ငံရေးအရ တဘက်နဲ့တဘက် အချေအတင် ဖြစ်တာက သတ်သတ်၊ လူမှုရေးအရ အန်ကယ့်ကို ခွင့်ပြုတာက တပိုင်းလို့ အဲဒီလိုမျိုး ခွဲပြီး မြင်လို့ရပါသလား၊ အန်ကယ် ဘယ်လိုသုံးသပ်ပါသလဲခင်ဗျ။

“ခွဲမြင်လို့ မရပါဘူးဗျာ။ ဒါကတော့ သူတို့ ဆေးရုံက ခါတိုင်း လူနာတွေမှာ မြင်ရိုးမြင်စဉ်အတိုင်း မြင်တဲ့အပေါ်မှာ သူတို့ စီစဉ်တဲ့ သဘောပဲဗျ။ နိုင်ငံရေးသဘော အယူအဆတွေ အပေါ်မှာ ထင်မြင်လို့၊ ပြုလို့၊ ဒါတွေအပေါ်မှာတော့ ထူးခြားမှုရှိမယ် မဟုတ်ပါဘူး။ သူတို့ပေးထားတဲ့ ဆေးစာတမ်းတွေအရ၊ သူတို့ ကျနော့်ကို လုပ်ကိုင်ထားတာတွေအရ ဒီအပေါ်မှာပဲ မူတည် ဆုံးဖြတ်ပြီး သူတို့ရဲ့ ဆေးရဲ့ သဘောသဘာဝ၊ ဆေးကုထုံးရဲ့ သဘောသဘာ၀ အတိုင်း လုပ်တယ်လို့ပဲ မြင်ပါတယ်။ ဘာမှ နိုင်ငံရေး၊ လူမှုရေး အကြောင်းကြီးငယ်ကြောင့်တော့ မဟုတ်ပါဘူး။”

အန်ကယ် ဘယ်တော့လောက် မြန်မာနိုင်ငံက ထွက်ခွာဖို့ စီစဉ်ထားပါသလဲခင်ဗျ။

“မသိသေးပါဘူး။”

အခုလိုမျိုး မြန်မာနိုင်ငံကူးလက်မှတ် ချောချောမောမော ထုတ်ပေးလိုက်တဲ့ အပေါ်မှာ အန်ကယ့်အနေနဲ့ ဘာများ မှတ်ချက်ပေး ပြောချင်ပါသလဲခင်ဗျ။

“ဘာမှ မှတ်ချက်မပေးချင်ပါဘူး။ သာမန် အရပ်သားတယောက်ကို ပေးတဲ့သဘောပါပဲ။ ဘာမှ ထူးထူးထွေထွေ မရှိပါဘူး။ ပေးတဲ့ Passport ကလည်း အနီ၊ သာမန် ရိုးရိုးလေးပါ။ သာမန် အရပ်သားတယောက် ရတဲ့၊ မောင်ဖြူ၊ မောင်ဝါ ရတဲ့ လက်မှတ်မျိုးပါ၊ ဒါပါပဲ။”

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဒုတိယဥက္ကဋ္ဌ ဦးတင်ဦး ပြည်ပကို သွားရောက်ပြီး မျက်စိခွဲစိတ် ကုသခံယူမယ့် အခြေအနေတွေကို ကိုရော်နီညိမ်းက ဦးတင်ဦးကို ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG