သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ထောင်စုစိတ်ဓာတ်နဲ့ ညီညွတ်ရေး NLD နာယကတိုက်တွန်း


၆၇ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတရပ်ကို NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရန်ကုန်မြို့မှာ ကျင်းပခဲ့ရာမှာ NLD ရဲ့ နာယကဖြစ်တဲ့ သူရဦးတင်ဦးက ဒီနေ့ကာလမှာ ဒီမိုကရေစီနည်းမကျတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံပြင်ဆင်ရေးကို NLD အနေနဲ့ အလေးထား ဆောင်ရွက်နေတယ်ဆိုပြီး ပြောသွားပါတယ်။

ပြည်ထောင်စုနဲ့ပတ်သက်လို့တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်မှာတော့ စစ်မှန်တဲ့ ပြည်ထောင်စု တနည်းအားဖြင့် ဖယ်ဒရယ်စနစ်ဆိုတာကို ထိတ်လန့်နေစရာ မလိုဘူးလို့ ပြောထားပါတယ်။ NLD က ကျင်းပတဲ့ ပြည်ထောင်စုနေ့ အခမ်းအနားကို တက်ရောက် သတင်းယူထားတဲ့ ကိုသားညွန့်ဦးက သတင်းပေးပို့ထားပါတယ်။

NLD နာယက ဦးတင်ဦးကနေ ၆၇ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ဖွင့်ပွဲမိန့်ခွန်း ပြောဆိုခဲ့တာဖြစ်ပြီး၊ ပင်လုံစာချုပ်ကို အောင်အောင်မြင်မြင် လက်မှတ်ရေးထိုးနိုင်ခဲ့တာဟာ ညီညွတ်ရေးကြောင့်ဖြစ်ပြီး၊ ညီညွတ်ရေးဆိုတာဟာလည်း တူညီသော အလုပ်ဖြစ်ရမယ်ဆိုပြီး အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ပြောဆိုခဲ့တာကို ပြန်ကိုးကား ပြောဆိုသွားပါတယ်။

ဒါ့အပြင် လက်ရှိ နိုင်ငံရေးအခြေအနေမှာ အဓိက လိုအပ်ချက်ကတော့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံပြင်ဆင်ရေးဖြစ်ပြီး၊ ဒါကို အားလုံးညီညွတ်စွာနဲ့ ဆောင်ရွက်ကြဖို့ဆိုပြီး ကာကွယ်ရေး ဦးစီးချုပ်ဟောင်းလည်းဖြစ်တဲ့ NLD နာယက သူရဦးတင်ဦးက တိုက်တွန်းပြောကြားသွားပါတယ်။ ဒါ့အပြင် တပ်မတော်ဟာ ပြည်သူ့ဝန်ထမ်းတွေသာဖြစ်ပြီး၊ နိုင်ငံရဲ့ အဆုံးအဖြတ်တွေမှာ ပြည်သူတွေရဲ့အခန်းကဏ္ဍကို အဓိက နေရာမှာရှိတယ်လို့လည်း ပြောပါတယ်။

“ဗိုလ်ချုပ်အောင်ဆန်း၏ လမ်းစဉ်ဖြစ်သည့် စစ်တပ်သည် ပြည်သူ့လွှတ်တော်ကို ဘယ်တော့မှ မလွှမ်းမိုးရ။ ပြည်သူ့လွှတ်တော်ကသာ စစ်တပ်ကို လွှမ်းမိုးရခြင်းဖြင့် သဘောထားကို ဖျက်စီးကာ ပြည်သူသာလျှင်အမိ၊ ပြည်သူသာလျှင်အဖ ဖြစ်ရမည့် အစဉ်အလာ ကောင်းများကိုပါ ဖျက်စီးလျက် တပ်မတော်သည်အမိ၊ တပ်မတော်သည်အဖ ဆိုတဲ့ သဘောထားကို အခိုင်အမာ ကိုင်ဆွဲလျက်ရှိနေပါသေးတယ်။ သို့ကြောင့်မို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အချက်များကို ပယ်သင့်တာတွေပယ်၊ ဖြုတ်သင့်တာတွေဖြုတ်၊ နှုတ်သင့်တာတွေနှုတ်၊ ဖြည့်သင့်တာတွေဖြည့်၊ အစားထိုးသင့်တာတွေ၊ ပြင်ဆင်သင့်တာတွေကို အစားထိုး ပြင်ဆင် ပြောင်းလဲပစ်မှသာ၊ ပြောင်းလဲပစ်ကြရမှာ အမှန်ပင်ဖြစ်ပါတယ်။ အခု ၂၀၀၈ အခြေခံဥပဒေတွင် ပြင်ဆင်နိုင်သည့်အချက်များကို တင်ထားသော်လည်းပဲ ပြင်လို့မရအောင် တင်းကျပ်ထားခြင်း ဖြစ်နေပါတယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ ဝင်ကတည်းက ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စကို မူဝါဒတခုလို ချမှတ်ပြီး ဒီအပေါ်မှာ ခိုင်မြဲစွာ ရပ်တည်ထားတယ်လို့ ပြောပါတယ်။ အခုဆိုရင် လွှွတ်တော်ထဲရောက်နေတဲ့ NLD ကိုယ်စားလှယ်တွေဘက်ကလည်း ဒီမူဝါဒအတိုင်း အောင်မြင်အောင် ဆောင်ရွက်နေကြသလိုပဲ၊ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း အထူးသဖြင့် တိုင်းရင်းသားဒေသတွေကို စည်းရုံးရေးခရီးစဉ်တွေ ဆင်းပြီး ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိစ္စကို ကြိုးပမ်းဆောင်ရွက်လျက်ရှိတယ်ဆိုပြီး ဦးတင်ဦးက ပြောပါတယ်။

အဓိကအချက်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံဟာ သန္ဓေအားဖြင့်ကို မမှန်ဘဲ ဒီမိုကရေစီနဲ့ ဆန့်ကျင်တာ ရှေ့နောက် မညီညွတ်တာတွေ ရှိနေတယ်လို့ ထောက်ပြခဲ့ပါတယ်။ တချိန်တည်းမှာတာ့ တိုင်းရင်းသားတွေအကြား မသင့်မမြတ်ဖြစ်ပြီး ပြည်တွင်းစစ်ပွဲတွေ ဖြစ်လာခဲ့ရာမှာ၊ အခုအခါ အပြန်အလှန် သဘောပေါက် နားလည်ပြီးတော့ တနိုင်ငံလုံး အပစ်ရပ်ရေးအထိ အောင်မြင်ဖို့ အလားအလာ ရှိတဲ့အပေါ်မှာလည်း သူ့အနေနဲ့ စိတ်သက်သာရာ ရမိတယ်လို့ သူရဦးတင်ဦးက ပြောခဲ့ပါတယ်။ ဒါပေမဲ့လည်း နယ်စပ်ဒေသတွေမှာ မတည်ငြိမ်မှုတွေကို ရင်ဆိုင်နေရဆဲ ဖြစ်တယ်ဆိုတဲ့ အချက်ကိုလည်း ထောက်ပြခဲ့ပါတယ်။

“ဆင်းရဲသားပြည်သူအပေါင်းတို့ဟာ အပြစ်ကင်းစင် ရိုးသားပြီး တိုင်းရင်းသားပြည်သူလူထုများဟာ မိမိတို့ရဲ့ အခြေကျနယ်မြေတွေကနေ ဘေးလွတ်အောင် ထွက်ပြေးတိမ်းရှောင်ကြရသည့် ဒုက္ခသည် ယနေ့တိုင် နယ်စပ်တွေမှာ၊ တဘက်နိုင်ငံတွေမှာ အလွန် ကြီးမားသော ဒုက္ခတွေကို အတောမသတ် ခံစားနေကြရတာဖြစ်တယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ၆၇ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကိုတော့ ရန်ကုန်မြို့ ရွှေဂုံတိုင်မှာရှိတဲ့ ဒို့ရိုးရာစားသောက်ဆိုင်မှာ ကျင်းပခဲ့တာပါ။ ရန်ကုန်တိုင်းအစိုးရကတော့ မနက်ပိုင်းက ပြည်သူ့ရင်ပြင်မှာ ပြည်ထောင်စုနေ့ အခမ်းအနားကို ကျင်းပခဲ့ပါတယ်။ သမ္မတ ဦးသိန်းစိန်ရဲ့ ပြည်ထောင်စုနေ့ သဝဏ်လွှာထဲမှာတော့ နှစ် ၆၀ ကြာဖြစ်ခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခတွေကို အဆုံးသတ်နိုင်ဖို့အတွက် ညှိနှိုင်းဆွေးနွေးမှုတွေကို ဆောင်ရွက်ခဲ့ပြီး ရလဒ်ကောင်းတွေ ရရှိနေပြီလို့ ဖော်ပြပါတယ်။ ကချင်ပြည်နယ် လိုင်ဇာမှာကျင်းပခဲ့တဲ့ တိုင်းရင်းသား လူမျိုးပေါင်းစုံပါဝင်တဲ့ ဆွေးနွေးပွဲဟာ ငြိမ်းချမ်းရေး တည်ဆောက်မှုမှာ အရေးကြီးတဲ့ မှတ်တိုင်ဖြစ်တယ်ဆိုပြီး သမ္မတ ဦးသိန်းစိန်ရဲ့ ပြည်ထောင်စုနေ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
XS
SM
MD
LG