သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ထောင်စုစိတ်ဓာတ် ထွန်းကားရေး NLD ဟောပြော


ပြည်ထောင်စုစိတ်ဓာတ် ထွန်းကားရေး NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင် ဟောပြောနေစဉ်။ ဒီဇင်ဘာ ၂၃၊ ၂၀၁၀။
ပြည်ထောင်စုစိတ်ဓာတ် ထွန်းကားရေး NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင် ဟောပြောနေစဉ်။ ဒီဇင်ဘာ ၂၃၊ ၂၀၁၀။

မြန်မာနိုင်ငံအတွင်းမှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအရ မညီညွတ်တဲ့ အခြေအနေတွေကြောင့် လူငယ်တွေအကြား ပြည်ထောင်စုစိတ်ဓာတ်၊ ပင်လုံစိတ်ဓာတ် ပေါ်ထွန်းလာရေးအတွက် ရည်ရွယ်ပြီး NLD ပါတီ ရုံးချုပ်မှာ ပညာပေး ဟောပြောပွဲတခု ဒီကနေ့ ကျင်းပခဲ့ပါတယ်။ ဒီဟောပြောပွဲမှာ NLD ဒု-ဥက္ကဋ္ဌ ဦးတင်ဦးနဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်တို့က ဟောပြောခဲ့ကြပါတယ်။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

တိုင်းပြည်အတွင်း လက်ရှိအခြေအနေမှာ နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးတွေ ပြိုကွဲနေတဲ့ အခြေအနေကို ရောက်နေတာကြောင့် လူငယ်တွေအကြား ပင်လုံစိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ် ဆိုတာကို နားလည် သဘောပေါက်လာအောင် အဲဒီရဲ့ အနှစ်သာရတွေကို သူ့အနေနဲ့ ပြောကြားခဲ့တယ်လို့ ဒီအခမ်းအနားမှာ ဟောပြောခဲ့သူ တဦးဖြစ်တဲ့ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်က ပြောပါတယ်။

“ကျနော်ပြောတဲ့ ပင်လုံစိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ် ဆိုတာက ကျနော်တို့က ဟောပြောပွဲ ဆိုတာထက် အနှစ်သာရ၊ အနှစ်အသားကို လူငယ်တွေကို ထုတ်ပြောပြချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီနေ့အချိန်မှာ ပြည်ထောင်စုနဲ့ ပတ်သက်ပြီး လုပ်ငန်းတွေ အများကြီး ပေါ်လာတယ်။ အယူအဆတွေ ပေါ်လာတယ်၊ လုပ်ငန်းတွေ ပေါ်လာတယ်။

“ဆိုပါတော့ဗျာ၊ ဒုတိယ ပင်လုံညီလာခံ ကျင်းပရေးဆိုတာ။ နောက်တခါ ဒါတင်မကဘူး၊ တိုင်းပြည်မှာလည်း ပြည်တွင်းညီညွတ်ရေး၊ တိုင်းရင်းသား ညီညွတ်ရေးဆိုတာလည်း ပြိုကွဲနေတဲ့ အနေအထားမျိုးလို့ ပြောလို့ရတယ်။ ပြည်နယ် ဒေသတွေမှာ ဆိုရင်လည်း မကြာခင် စစ်မီး ပြန်တောက်မယ့် အနေအထားမျိုးတောင်မှ ရှိကောင်း ရှိနိုင်တဲ့ အနေအထားမျိုးတွေ ဖြစ်နေတဲ့ အခါကြတော့ ကျနော်က ဒီအချိန် ဒီအခါမှာ ပြည်ထောင်စုစစ်စစ် တည်ထောင်နိုင်ခြင်း၊ မတည်ထောင်နိုင်ခြင်း ဆိုတာတွေက အသာထားဦး၊ လောလောဆယ်ကတော့ ပြည်ထောင်စုစိတ်ဓာတ် ဆိုတာကတော့ ထွန်းကားအောင် လုပ်ရမယ်ဆိုတဲ့ စိတ်ကူး၊ အယူအဆရှိတယ်။”

ပင်လုံညီလာခံတက်ဖို့ ဗိုလ်ချုပ်အောင်ဆန်း ရောက်လာတဲ့ အချိန်မှာ အနာဂတ် ပြည်ထောင်စုအတွက် သူမျှော်မှန်းထားတဲ့ ပုံစံကို ပြောပြခဲ့တဲ့ စကားအတိုင်း ကိုးကားပြီး ဒီကနေ့ လူငယ်တွေကို ပြန်လည် ပြောပြခဲ့တယ်လို့ ဦးဝင်းတင်က ဆက်ပြောပါတယ်။

“၁၉၄၇ ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်း ပင်လုံကို ရောက်လာတဲ့အခါ ပြောတဲ့ ပထမဆုံးစကား ရှိပါတယ်။ အဲဒီစကားကိုပဲ ကျနော်က ကိုးကားပြီးတော့ ပင်လုံစိတ်ဓာတ်ကို ညွှန်းပါတယ်။ အဲဒီစကားက ဘာလဲဆိုတော့ ‘ကျနော် ဒီနေ့ ဒီနေရာကို ရောက်လာတဲ့ဟာမှာ အကြောင်းရှိပါတယ်။ အဲဒီအကြောင်းက ဘာလဲဆိုတော့ ကျနော်တို့ နိုင်ငံကြီးကို လွတ်လပ်ရေး ရစေချင်တယ်၊ ညီညွတ်ရေး ရစေချင်တယ်၊ ကြီးပွားစေချင်တယ် ဆိုတဲ့ ရည်ရွယ်ချက် သုံးခုနဲ့ လာခြင်းဖြစ်ပါတယ်။’ ဆိုပြီး ပြောတဲ့စကား ရှိတယ်။ ကျနော် အဲဒီစကားကို ဒီနေ့ ပြည်ထောင်စုစိတ်ဓာတ် ဆိုတာလည်း ကျနော်က အဲဒီစကားပေါ်မှာ မှီးပြီးတော့ ပြောပါတယ်။”

ဗိုလ်ချုပ်အောင်ဆန်းတို့ ခေတ်တုန်းကလိုပဲ ဒီကနေ့ မြန်မာနိုင်ငံဟာလည်း လွတ်လပ်ခွင့်တွေ ဆုံးရှုံးနေတဲ့အတွက် အဲဒီ လွတ်လပ်ခွင့်တွေ ပြန်ရအောင် လုပ်ဆောင်ကြရမယ်လို့ ဦးဝင်းတင်က ပြောပါတယ်။

“ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ တိုင်းပြည်ကြီးဟာ ဒီနေ့လည်း လွတ်လပ်ရေး ရဖို့ဆိုတာ လိုမြဲ လိုတဲ့အချိန် ဖြစ်ပါတယ်။ လွတ်လပ်ရေးရဖို့ လိုနေတယ်။ ကျနော်တို့ တိုင်းပြည်မှာ လွတ်လပ်ခွင့်တွေ ဆုံးရှုံးနေတယ်၊ ဒီမိုကရေစီ အခွင့်အရေးတွေ ဆုံးရှုံးနေတယ်၊ လူ့အခွင့်အရေးတွေ ဆုံးရှုံးနေတယ်။ အဲဒါကြောင့် ကျနော်က ဒီနေ့ဟာ ရှစ်လေးလုံး ကာလတုန်းက ကြွေးကြော်ခဲ့သလိုပဲ ဒီနေ့ကာလဟာလည်း ကျနော်တို့ရဲ့ ဒုတိယ လွတ်လပ်ရေးတိုက်ပွဲ ကာလလို့ပဲ သတ်မှတ်ချင်တယ်။ ဒါကြောင့် ကျနော်တို့ နိုင်ငံဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ စကားကို ကိုးကားပြီး ပြည်ထောင်စုစိတ်ဓာတ်ကို ဖော်ထုတ်မယ်ဆိုရင် ကျနော်တို့ဟာ တိုင်းပြည် လွတ်လပ်ဖို့ လိုအပ်တယ်၊ လွတ်လပ်စေချင်တယ်လို့ ပြောချင်ပါတယ်။”

NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင် ပြောပြခဲ့တာ ဖြစ်ပါတယ်။

တခြား ဟောပြောသူတဦးဖြစ်တဲ့ NLD ဒု-ဥက္ကဋ္ဌ ဦးတင်ဦးကတော့ မြန်မာနိုင်ငံ သမိုင်းကြောင်းနဲ့ နိုင်ငံရေး အခြေအနေတွေကို ရှင်းလင်း ဟောပြောခဲ့တဲ့အပြင် ပြောင်းလဲမှုတွေ ဖြစ်ပေါ်ဖို့အတွက် လူငယ်တွေရဲ့ အခန်းကဏ္ဍ အရေးကြီးပုံတွေကိုလည်း ဟောပြောခဲ့တယ်လို့ ဆိုပါတယ်။

ဒီကနေ့ ဟောပြောပွဲကို NLD လူငယ်အဖွဲ့ဝင်တွေ အပြင် တခြား အဖွဲ့အစည်းတွေက လူငယ်တွေ အပါအဝင် ဧည့်ပရိသတ် ၄၀၀ လောက် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အလားတူ နိုင်ငံရေး၊ လူမှုရေးဆိုင်ရာ ဟောပြောပွဲတွေကို နောင်မှာလည်း အလျဉ်းသင့်သလို ကျင်းပသွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

XS
SM
MD
LG