သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အထက်လွှတ်တော်အမတ် လက်ထောက် NLD နဲ့ တွေ့ဆုံမည်


အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားရေးရာကော်မီတီ ဥက္ကဋ္ဌ ဂျွန် ကယ်ရီ (John Kerry) ရဲ့ လက်ထောက်ဖြစ်သူ မြန်မာနိုင်ငံမှာ လက်ရှိ ရောက်နေတဲ့ ရော်ဘင် လာနာဟာ မနက်ဖြန်မှာ ဦးတင်ဦး အပါအဝင် NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အငြင်းပွားစရာ နိုင်ငံရေး အခြေအနေတွေကို ကိုယ်တိုင်ကိုယ်ကျ လာရောက်စုံစမ်းတာ ဖြစ်နိုင်တယ်လို့ NLD ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။ မနက်ဖြန် မစ်စ် လာနာနဲ့ တွေ့ဆုံတဲ့အခါ ဘာတွေပြောဖို့ ပြင်ဆင်ထားသလဲ ဆိုတာကိုတော့ မခင်ဖြူထွေးက ဦးဉာဏ်ဝင်းကို ဆက်သွယ်မေးမြန်းပြီး တင်ပြထားပါတယ်။

အမေရိကန် အထက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ ဒီမိုကရက် အထက်လွှတ်တော်အမတ် ဂျွန် ကယ်ရီရဲ့ လက်ထောက် မစ်စ် ရော်ဘင်လာနာ အခု မြန်မာပြည်မှာ ရောက်နေတယ်လို့ သိရပါတယ်။ အန်ကယ်တို့ NLD နဲ့ တွေ့မယ်ဆိုတာ ဟုတ်ပါသလား အန်ကယ် ဦးဉာဏ်ဝင်း။

“ဟုတ်ပါတယ်။ ကျနော်တို့ကို ဖိတ်ထားပါတယ်။ မနက်ဖြန် နေ့ခင်း တွေ့ပါမယ်။ တနာရီပါ။”

အခုလို တွေ့မယ်ဆိုတာကို သူတို့ဘက်က ဘယ်တုန်းက အကြောင်းကြားတာပါလဲ။

“နှစ်ရက် သုံးရက်လောက် ရှိပါပြီခင်ဗျ။”

သူ့အနေနဲ့ ဘယ်လို အကြောင်းအရာတွေကို အဓိက ဆွေးနွေးမယ်လို့ ထင်ပါသလဲ။

“လောလောဆယ် မြန်မာပြည်က နိုင်ငံရေး ဖြစ်ပေါ်မှုတွေပေါ့။ ရွေးကောက်ပွဲကိစ္စတို့ ဘာတို့ ဒါတွေ ပါလိမ့်မယ်လို့တော့ ထင်ပါတယ်။”

အန်ကယ်တို့ NLD ဘက်ကရော အဓိက ဘာတွေ ဆွေးနွေးသွားဖို့ ရှိပါသလဲ။

“အဓိကတော့ NLD ဘာကြောင့် ပြန်လည် မှတ်ပုံမတင်ဘူးဆိုတဲ့ အချက်ရယ်၊ မတင်ပေမဲ့ NLD ရဲ့ ရပ်တည်ချက်ရယ်၊ လာမယ့် ရွေးကောက်ပွဲရဲ့ အခြေအနေတွေရယ်၊ ဒါတွေကို အန်ကယ်တို့ ကြိုးစားပြီး ပြောပြမှာပါ။”

အခုတွေ့မယ့် ရော်ဘင် လာနာဆိုတာက အမေရိကန် အထက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ အထက်လွှတ်တော်အမတ် ဂျွန် ကယ်ရီရဲ့ လက်ထောက်တဦးဆိုတော့ အခုလိုမျိုး အဆင့်မြင့် အရာရှိတဦးရဲ့ လက်ထောက်က အခုချိန်မှာ NLD နဲ့ လာတွေ့တာ ဘာကြောင့်လို့ ထင်ပါသလဲ။

“လက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေက အငြင်းပွားစရာတွေပေါ့၊ ရွေးကောက်ပွဲလုပ်မယ်၊ ရွေးကောက်ပွဲဆိုတာ ဒီမိုကရေစီရဲ့ Process တခု၊ Space ရှိတယ်တို့ ဘာတို့ ဒီလိုယူဆတာရှိတယ်။ ဒါနဲ့ ဆန့်ကျင်ဘက် ဘာ Space မှမရှိဘူး၊ ရွေးကောက်ပွဲက ဒီမိုကရေစီ၊ လူ့အခွင့်အရေးအတွက် ဘာအကျိုးမှ မရှိဘူး၊ ဒီလိုယူဆတာလည်း ရှိတယ်။ ဒါတွေအတွက် လာရောက်လေ့လာ ကိုယ်တိုင် စုံစမ်းတယ်လို့ အန်ကယ်တို့ ဒီလို ယူဆပါတယ်။”

သူ အခုလို လာတွေ့တဲ့ မြန်မာပြည် ခရီးစဉ်ကနေ အမေရိကန် အစိုးရရဲ့ မြန်မာနိုင်ငံအပေါ်မှာ ထားတဲ့ မူဝါဒတွေ အပေါ်မှာရော တစုံတရာ သွားပြီးတော့ သက်ရောက်မှု ဖြစ်မယ်လို့ ထင်ပါသလား။

“အန်ကယ် အဲဒါတော့ မပြောနိုင်ဘူး။ သူတို့က ဆီနိတ်တာ၊ ဟိုဘက်က အစိုးရဆိုတော့ ဒါကတော့ အန်ကယ်တို့ မပြောနိုင်သေးဘူး။”

မနက်ဖြန်မှာ အန်ကယ်တို့ NLD က ဘယ်သူတွေ သွားတွေ့ဖြစ်မှာပါလဲ။

“ကျနော်တို့ ရန်ကုန်မှာ အခုလက်ရှိ ရှိနေတဲ့ CEC အားလုံး သွားမှာပါ။”

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရသူ ဦးဉာဏ်ဝင်းကို ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကိုလည်း ရွေးကောက်ပွဲမှာ မပါဝင်နိုင်အောင်လို့ ကန့်သတ်ထားတာတွေကြောင့် အတိုက်အခံ အင်အားစုတွေနဲ့ နိုင်ငံတကာကပါ မြန်မာစစ်အစိုးရကို ဝေဖန်နေကြတာ ဖြစ်ပါတယ်။ အခုလည်း မြန်မာနိုင်ငံက အခြေအနေတွေကို အမေရိကန် ပြည်ထောင်စုရဲ့ အဆင့်မြင့် အရာရှိတယောက်က ကိုယ်တိုင်ကိုယ်ကျ လာရောက်စုံစမ်းတာ ဖြစ်နိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

XS
SM
MD
LG