သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်နဲ့ ဗြိတိန် သံတမန်တွေ NLD နဲ့တွေ့ဆုံ


အမေရိကန်နဲ့ ဗြိတိန် သံတမန်တွေ NLD နဲ့တွေ့ဆုံ
အမေရိကန်နဲ့ ဗြိတိန် သံတမန်တွေ NLD နဲ့တွေ့ဆုံ

ဗြိတိန်အစိုးရသစ် အနေနဲ့ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီ ရရှိရေးအတွက် သူတို့ရဲ့ မူဝါဒတွေဟာ အရင်ကအတိုင်း ရှိနေမှာဖြစ်ပြီး ပြောင်းလဲသွားမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ ဒီနေ့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးနဲ့ NLD ပါတီ ခေါင်းဆောင်တွေ တွေ့ဆုံချိန် အခုလို ဗြိတိန်အစိုးရရဲ့ သဘောထားကို ပြောပြခဲ့တာ ဖြစ်သလို NLD ရဲ့ ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့လည်း အမေရိကန် ယာယီ သံရုံးတာဝန်ခံနဲ့ NLD ခေါင်းဆောင်တို့ ဒီနေ့ တွေ့ဆုံခဲ့ကြပါသေးတယ်။ ရခိုင်ဒေသက ဂီရိမုန်တိုင်း ဒုက္ခသည်တွေအတွက် အမေရိကန် အစိုးရရဲ့ ဝမ်းနည်းကြောင်း သဝဏ်လွှာကို လာပို့ရင်း အခုလို မြန်မာ့အရေး ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

ဒီနေ့ညနေ ၄ နာရီလောက် NLD ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးရဲ့ နေအိမ်မှာ ဗြိတိသျှ သံအမတ်ကြီး အင်ဒရူးဟိန်းနဲ့အတူ NLD ပါတီ ခေါင်းဆောင်တွေ တွေ့ဆုံစဉ် အတွင်းမှာ ဗြိတိသျှ အစိုးရရဲ့ မြန်မာနိုင်ငံအပေါ် သဘောထားကို ပြောပြခဲ့တာပါ။ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်တရပ် မြန်မာနိုင်ငံ အတွင်းမှာ ဖြစ်ထွန်းလာရေးအတွက် ဗြိတိသျှ အစိုးရက သူတို့ရဲ့ မူဝါဒတွေ မပြောင်းမလဲ ဆက်လက် ရပ်တည်သွားမှာ ဖြစ်သလို EU နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံကို ချဉ်းကပ်ပုံခြင်း မတူကြပေမဲ့လည်း ဗြိတိသျှကတော့ အရင်အတိုင်းပဲ ထောက်ခံ အားပေးသွားမယ် ဆိုတာကို သံအမတ်ကြီးက ရှင်းပြခဲ့တာ ဖြစ်တယ်လို့ ဒီဆွေးနွေးပွဲကို ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးနိုင်းနိုင်းက ပြောပါတယ်။

“ဗြိတိသျှ အစိုးရရဲ့ မူဝါဒကတော့ သူပြောတဲ့အတိုင်းဆိုရင် အရင်က ထုတ်ပြန်ပြီးပါပြီတဲ့၊ အားလုံး ဒီအတိုင်းပါပဲတဲ့။ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ထားရှိမယ့် မူဝါဒ မပြောင်းဘူးဆိုတဲ့ အကြောင်း ပြောသွားတာပါ။ EU ရဲ့ မူဝါဒကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ အပေါ်မှာ ထားရှိချင်တဲ့ ဆန္ဒတွေကတော့ ပြောဆိုကြတဲ့ နေရာမှာ အားလုံး ညီညွတ်တယ်လို့ မဟုတ်သည့်တိုင်အောင် ထားရှိတဲ့ တူညီတဲ့ဟာတွေက များပါတယ်တဲ့။

“သို့သော်လည်း အားလုံးကတော့ တူညီမယ်လို့ ကျနော်တို့ကတော့ ပုံသေမယူပါဘူးတဲ့။ ခြားနားနိုင်ခွင့်လည်း ရှိပါတယ်တဲ့။ သို့သော်လည်း EU ရဲ့ ထုတ်ပြန်ချက် ရှိသလို ဗြိတိသျှ အစိုးရရဲ့ ထုတ်ပြန်ချက်ကလည်း ပွင့်ပွင့်လင်းလင်း ပြောထားပြီးသားပါပဲတဲ့။ NLD ကို ယခင်က ထားရှိတဲ့ သဘောထား မပြောင်းဘူး ဆိုတာကို ခိုင်ခိုင်မာမာ ပြောသွားတာပါပဲ။”

လာမယ့် နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည် လွတ်လာနိုင်မယ့် အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့လည်း ဆွေးနွေးခဲ့ကြတယ်လို့ ဦးနိုင်းနိုင်းက ဆက်ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်က ၁၃ ရက်နေ့မှာ တကယ်ပဲ လွတ်မှာလား ဆိုတာကို သိချင်တဲ့အကြောင်းပေါ့။ အန်ကယ်တို့ ဖြေတာကတော့ သူတို့ သတ်မှတ်ထားတဲ့ ဥပဒေအရတော့ ၁၃ ရက်နေ့မှာ လွတ်ကို လွတ်ရမယ်လို့ ယုံကြည်တဲ့အကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် လွတ်ရင်လည်း နိုင်ငံရေးကိစ္စကို ဒေါ်အောင်ဆန်းစုကြည်က အမြဲတမ်း ဆက်လက် ဆောင်ရွက်သွားမယ် ဆိုတဲ့အကြောင်း၊ လက်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ လူမှုရေး၊ နိုင်ငံရေးတွေကိုလည်း လုပ်နေတဲ့အကြောင်း၊ ဒါကို ပြောပြတာပါ။”

NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးနိုင်းနိုင်း ပြောပြသွားတာ ဖြစ်ပါတယ်။

အခုလို ဗြိတိသျှ သံအမတ်ကြီးနဲ့ NLD အဖွဲ့ဝင်တွေ တွေ့ဆုံခဲ့ကြသလို အမေရိကန်သံရုံး ယာယီတာဝန်ခံ လယ်ရီ ဒင်းဂါးနဲ့ အဖွဲ့ဟာလည်း ဒီနေ့ NLD ထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့ ဦးတင်ဦး နေအိမ်မှာပဲ တွေ့ဆုံခဲ့ပါတယ်။ အဓိကကတော့ ဂီရိမုန်တိုင်းဒဏ် ခံခဲ့ရတဲ့ ဒုက္ခသည်တွေအတွက် အမေရိကန် အစိုးရရဲ့ ဝမ်းနည်းကြောင်း သဝဏ်လွှာကို လာရောက်ပေးခဲ့တာ ဖြစ်တယ်လို့ NLD ပါတီရဲ့ ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးက ပြောပါတယ်။

“ရခိုင်ပြည်နယ်မှာ ရှိကြတဲ့ ဒဏ်ခံရတဲ့၊ သေဆုံးသွားသော ပြည်သူများနဲ့တကွ ဆုံးရှုံးနစ်နာမှုကို လည်းကောင်း၊ သူတို့မိသားစုနဲ့ ပတ်သက်ပြီး ကြေကွဲ ဝမ်းနည်းရတဲ့အကြောင်း၊ လောလောဆယ်လည်း အိုးအိမ်တွေ စွန့်ခွာပြီး သွားနေရတဲ့ ပုဂ္ဂိုလ်တွေအကြောင်း၊ အဲဒါတွေကို အထူးပဲ စာနာထောက်ထားပြီး ဝမ်းနည်းကြေကွဲပါတယ် ဆိုပြီးတော့ အင်္ဂလိပ်လိုရော၊ ဗမာလိုရော၊ တခုကတော့ အိုဘားမားက ပေးတဲ့ဟာ၊ တခုကတော့ Federal of the State ကတဆင့် ဒီသံရုံးကို ပို့ခိုင်းလိုက်တဲ့ဟာ၊ အဲဒီဟာ မြန်မာလို ဘာသာပြန်ပြီး လာပေးတာပါ။

“အမေရိကန် အစိုးရ အနေနဲ့ လောလောဆယ်မှာ ဒေါ်လာ ၁၀၀,၀၀၀ တန် လူသုံးပစ္စည်းများ အမြန်ဆုံး ရောက်အောင် ပို့ပေးဖို့ စီမံတဲ့အကြောင်းကို ဒါတွေကို အကြောင်းပြပြီး အသေးစိတ် လာရှင်းပြတာပါ။”

ဒီလို တွေ့ဆုံဆွေးနွေးစဉ် အတွင်းမှာ ရွေးကောက်ပွဲ ဆန့်ကျင်ရေးနဲ့ ပတ်သက်တဲ့ NLD ရဲ့ လှုပ်ရှားမှုတွေ၊ ရွေးကောက်ပွဲ ရက်အတွင်းမှာ NLD အဖွဲ့က လှုပ်ရှားမယ့် အစီအစဉ်တွေနဲ့ ပတ်သက်ပြီးတော့လည်း အမေရိကန်သံရုံး ယာယီတာဝန်ခံကို ရှင်းပြခဲ့တယ်လို့ ဦးတင်ဦးက ပြောပါတယ်။

“ရွေးကောက်ပွဲ သပိတ်မှောက်တဲ့ကိစ္စ အပေါ်မှာ ကျနော်တို့ရဲ့ Boycott စာတမ်းအပေါ်မှာ ပြင်းပြင်းထန်ထန် ကန့်ကွက်တယ် ဆိုတဲ့ဟာ ပါသွားတော့ အဲဒါကို သူတို့က သဘောထား မေးတာပါ။ ကျနော်တို့က Boycott လုပ်တယ် ဆိုတာကတော့ ပြတ်ပြတ်သားသားပဲ ကျနော်တို့က လုပ်ရပါတယ် ဆိုတဲ့အကြောင်းပေါ့လေ။

“ဒါတင်မကသေးဘူး၊ သူတို့လုပ်တဲ့ မတော်မတရားကိစ္စက သူတို့ ထုတ်ပြန်ထားတဲ့ ဥပဒေကိုပင်လျှင် သူတို့ လိုက်နာဆောင်ရွက်ခြင်း မရှိတာကြောင့် ဒီဟာတွေကို မှတ်မှတ်သားသား ဖြစ်ရအောင် ကျနော်တို့က ရဲအဖွဲ့ကို တိုင်တာ ပြုတာ၊ မှတ်တမ်းမှတ်ရာ အနေနဲ့ ဒါတွေကို ကျနော်တို့က သက်သေသက္ကာယနဲ့ ပြောနိုင်အောင် လုပ်မယ်ဆိုတဲ့ဟာအတွက် အစီအစဉ်ကိုပါ ထပ်ချတာပါ။ အဲဒီဟာကို ပြောတာပါ။”

NLD ပါတီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦး ပြောပြခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်သံရုံး တာဝန်ခံတွေကတော့ အမေရိကန်ဘက်က အခု ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ လှုပ်ရှားနေတဲ့ အပေါ်မှာ အဆိုးအကောင်း တစုံတရာ မှတ်ချက်ပေး ပြောဆိုခြင်း မရှိဘဲ NLD ရဲ့ လုပ်ဆောင်ချက်တွေကို သူတို့ နားလည်ကြောင်းနဲ့ အသိအမှတ်ပြုကြောင်း ပြောခဲ့တယ်လို့ ဦးတင်ဦးက ပြောပါတယ်။

XS
SM
MD
LG