ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော် အမတ် စာရင်းတွေကို အပြီးသတ် ကြေညာပြီးနောက်မှာတော့ အဓိက အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က တနိုင်ငံလုံးမှာ ၈၀ ရာခိုင်နှုန်းလောက် အနိုင်ရခဲ့ တယ်လို့ NLD က ပြောဆိုပါတယ်။ ရွေးကောက်ပွဲ ရလဒ်တွေ အပြီးသတ် ထုတ်ပြန် ပြီးနောက်ပိုင်းမှာတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဘက်က ရွေးကောက်ပွဲ တရား မမျှတမှုတွေကို တိုင်ကြားထားမှုတွေ ရှိသလို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အနိုင်ရ ကိုယ်စားလှယ် တချို့လည်း တိုင်ကြားခံရမှုတွေ ရှိနေပါတယ်။ မအင်ကြင်းနိုင်က စုစည်းတင်ပြထားပါတယ်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကျန်နေသေး တဲ့ ရွေးကောက်ပွဲ ရလဒ်တွေကို သောကြာနေ့က ကြေညာခဲ့ပြီးတဲ့နောက် အထွေထွေရွေးကောက်ပွဲ ကျင်းပခဲ့တဲ့ မဲဆန္ဒနယ်မြေအားလုံးမှာ အနိုင်ရရှိတဲ့ ကိုယ်စားလှယ်တွေရဲ့အမည် စာရင်းတွေကို ကြေညာပြီးစီးသွားပါပြီ။
တနိုင်ငံလုံးအတိုင်းအတာအရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)အနေနဲ့ ၈၀ ရာခိုင်နှုန်း အနိုင်ရရှိတယ်လို့ NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဝင်းထိန်က ဗွီအိုအေကိုပြော ပါတယ်။
“ရွေးကောက်ပွဲနိုင်ပြီဆိုတာ ကော်မရှင်က ကြေညာထားတာ ပြီးသွားပြီလေ။ ခုတိုင်း ဆိုရင် တနိုင်ငံလုံး အတိုင်းအတာအရ ၈၀ ရာခိုင်နှုန်း အနိုင်ရ ပါတယ်ခင်ဗျာ။”
ရွေးကောက် ပွဲရလဒ်အားလုံးကို အပြီးသတ်ကြေညာ ခဲ့ပြီးနောက် ရွေးကောက်ပွဲေ ကာ်မရှင်က ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းအရ နှစ်ပတ်အတွင်း ကန့်ကွက် လွှာတွေနဲ့ တိုင်ကြားမှုတွေကို နိုင်ငံရေးပါတီတွေကြားမှာ စတင်နေပါပြီ။ ကြံ့ခိုင် ဖွံဖြိုးရေးပါတီဘက်က ရွေးကောက်ပွဲ ဥပဒေကိုချိုးဖောက်မှုနဲ့ NLD ကနေ တိုင်ကြားတဲ့ အမှုတွေရှိနေတယ်လို့ ဦးဝင်းထိန်ကပြောပါတယ်။
“တချို့မြို့နယ်တွေမှာလုပ်နေပြီအဲဒါက။ ကျနော်တို့ကိုလည်းကန့်ကွက်တဲ့သူတွေ ရှိတယ်။ ကန့်ကွက်တဲ့ဟာမျိုးတွေရှိတယ်။ ကျနော်တို့လည်းကန့်ကွက်တာတွေ ရှိတယ်။ ဥပမာ ကျနော်တို့ဆိုရင် ကန့်ကွက်တာတောင်မကဘူး တရားစွဲလိုက်ပြီ။ ရှမ်းပြည်က မိုင်းပြင်မှာ တရားစွဲလိုက်ပြီ။ ဒါပေမဲ့ကျနော်တို့ ရန်ကုန်တိုင်း ထန်းတပင် မှာတော့ တစည ကနေပြီး ကျနော်တို့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကန့် ကွက်ပြီး တရားစွဲတဲ့ဟာမျိုးတွေ ဖြစ်နေပါပြီ။”
ကြံခိုင်ဖွံဖြိုးရေးဘက်ကလည်း NLD ကို ကန့်ကွက်တိုင်ကြားထားတဲ့ အမှု (၂)နှစ်ခု ရှိနေတယ်လို့ ဦးဝင်းထိန်ကပြောပါတယ်။
“တချို့အမှုတွေက ရဲစခန်းတိုင်ကြားတာဆိုတော့ တရားရုံးနဲ့ဆိုင်တယ်။ တချို့ ကလည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နဲ့ဆိုင်တယ်။ အဲလိုဖြစ်မှာ စိုးလို့ ကျနော်တို့က ရွေးကောက်ပွဲဝင်မယ့် ကျနော်တို့ကိုယ်စားလှယ် လောင်းတွေ ကိုငွေကြေးပြုစုပုံတွေကို သင်တန်းပေးပြီးသာ။ အခုကျတော့ ရွေးကောက်ပွဲပြီးတဲ့ အခါမှာ ငွေစာရင်းတွေ လုပ်တဲ့အခါမှာ ကျနော်တို့ဗဟိုကရော၊ နယ်ကရော တတ်သိတဲ့ စာရင်းကိုင်တွေက သွားပြီး ကူညီနေကြပါတယ်။”
ရွေးကောက်ပွဲနဲ့ပတ်သက်လို့တိုင်ကြားထားတဲ့အမှုတွေကို အနိုင်ရ ပါတီကြီး အနေနဲ့ ဥပဒေကြောင်းအရ မှန်မှန်ကန်ကန် ဆောင်ရွက်သွားမယ် လို့လည်း ဦးဝင်းထိန်က ပြောပါတယ်။
ပြည်သူ့လွှတ်တော် ၃၂၃ နေရာ ၊ အမျိုးသား လွှတ်တော် ၁၆၈ နေရာ ၊ တိုင်းဒေသကြီး /ပြည်နယ် လွှတ်တော် ၆၃၀ နေရာနဲ့ တိုင်းရင်းသား လူမျိုး ၂၉ နေရာ စုစုပေါင်း မဲဆန္ဒနယ်မြေ ၁၁၅၀ မှာ အနိုင်ရခဲ့တဲ့ လွှတ်တော် ကိုယ်စားလှယ် အမည်စာရင်းတွေကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် က ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါတယ် ။