လူငယ်တွေအနေနဲ့ နိုင်ငံရေးအသိ နိုးကြားကြဖို့နဲ့ လူငယ်တွေနဲ့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အကြား လျှင်မြန်ပြီး ထိရောက်တဲ့ ဆက်သွယ်ရေး နည်းလမ်းတခု အမြန်ဆုံး ထားရှိသွားရေး ကိစ္စတွေကို ဒီကနေ့ အဖွဲ့ချုပ်ရဲ့ ရုံးချုပ်မှာ ဆွေးနွေးခဲ့ကြပါတယ်။ တိုင်းနဲ့ပြည်နယ် အသီးသီးက NLD လူငယ် ကိုယ်စားလှယ်တွေ အဖွဲ့ချုပ်ရဲ့ လူငယ်ရေးရာ ခေါင်းဆောင် ဒေါ်ဆောင်ဆန်းစုကြည်နဲ့ ဒီကနေ့ မနက်ပိုင်းက တွေ့ဆုံ ဆွေးနွေးကြတဲ့ အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။ အပြည့်အစုံကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ရောက်နေတဲ့ ၀ိုင်းတော်သား ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
တိုင်းနဲ့ပြည်နယ် အသီးသီးမှာ ရှိကြတဲ့ အဖွဲ့ချုပ်လူငယ် ကိုယ်စားလှယ်တွေရဲ့ ပြည်လုံးကျွတ် စည်းဝေးပွဲကို ရန်ကုန်မြို့မှာရှိတဲ့ အဖွဲ့ချုပ် ရုံးချုပ်မှာ ကျင်းပခဲ့ကြတာဖြစ်ပြီး ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးက အဖွင့် အမှာစကား ပြောကြားခဲ့ပါတယ်။ ဒီနောက်မှာတော့ NLD ရဲ့ အထွေထွေ အတွင်းရေးမှူးလည်းဖြစ်၊ လူငယ်ရေးရာ တာဝန်ခံလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က လူငယ်တွေကို အမှာစကား ပြောကြားခဲ့ပါတယ်။
လူငယ်တွေအနေနဲ့ နိုင်ငံရေးစိတ်ဓာတ် နိုးကြားကြဖို့နဲ့ လူငယ်တွေအကြား ပိုပြီး ထိရောက်တဲ့ ဆက်သွယ်ရေး လမ်းကြောင်း ထားရှိရေး ကိစ္စတွေကို ဒေါ်အောင်ဆန်းစုကြည်က အလေးထား ပြောကြားခဲ့တဲ့အကြောင်း NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က ပြောပြပါတယ်။
“အဓိက ပြောကြားတာတော့ အခုလို လူငယ်တွေကို သိုက်သိုက်ဝန်းဝန်း၊ တက်တက်ကြွကြွ တွေ့နေရတဲ့ အတွက်ကြောင့် အရမ်း ၀မ်းမြောက်တယ်၊ အားလည်း တက်မိတယ်။ လူငယ်တွေဟာ နိုင်ငံရေးမှာ ထဲထဲဝင်ဝင် ပါရမယ်။ ဒါကြောင့် လူငယ်တွေနဲ့ ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့်၊ အခြား အခြားသော လူငယ်တွေနဲ့ပါ တွေ့ချင်တဲ့ဆန္ဒ ရှိတယ်။
“အဲတော့ အခု ဒီအစည်းအဝေးမှာ အဖွဲ့ချုပ် မြို့နယ်အသီးသီးမှာရှိတဲ့ လူငယ်တွေရဲ့ အခြေအနေတွေကို တင်ပြရမှာလို လူငယ်အချင်းချင်းကြားမှာ ပိုပြီးတော့ ထိရောက်တဲ့ ဆက်သွယ်မှု စနစ်တရပ်ကို ဘယ်လိုထူထောင်ရင် ကောင်းမလဲ ဆိုတာလည်း လူငယ်တွေက အကြံပေးကြပါ။ ပြီးတော့လည်း ခုနလို လူငယ်တွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် တွေ့လို့ အဆင်ပြေအောင် ဘယ်လို အကြံဉာဏ်တွေနဲ့ ဘယ်လို ပံ့ပိုးမှုတွေ ပေးနိုင်ကြမလဲ၊ ဘယ်လို ဆောင်ရွက်ကြရင် ကောင်းမလဲ ဆိုတာလည်း အကြံဉာဏ် ပေးကြပါ။ အဲဒါတွေကို သူ သိချင်ပါတယ်လို့ ပြောပြီးတော့ အဖွင့်အမှာစကား ပြောကြားတယ်။ ပြောကြားပြီးတော့ လူငယ်တွေကို ဆွေးနွေးဖို့ ပြောပါတယ်။”
ဒါ့အပြင် လူငယ်တွေအကြား နိုင်ငံရေး နိုးကြားမှု လျော့နည်းနေတယ်လို့ သူ့အနေနဲ့ ထင်တဲ့အကြောင်းနဲ့ လူငယ်တွေအကြား အသိပညာ တိုးတက်ရေး ကိစ္စတွေအတွက် သူ့ဘက်က တတ်နိုင်သလောက် ဆောင်ရွက်ပေးသွားမယ် ဆိုတဲ့အကြောင်းတွေကို ဆွေးနွေး တင်ပြခဲ့တယ်လို့လည်း ဦးအုန်းကြိုင်က ဆက်ပြောပြပါတယ်။
“ဖြစ်သင့်တာလောက် နိုင်ငံရေး နိုးကြားမှုမရှိဘဲ နည်းနည်းများ လျော့နည်းနေသလားလို့ သူ စိတ်ထဲမှာ ခံစားမိတဲ့အကြောင်း၊ တကယ်တော့ နိုင်ငံရေးဆိုတာ လူတိုင်းနဲ့ ပတ်သက်တယ်လို့ နားလည်ရမှာ ဖြစ်တဲ့အကြောင်း၊ အထူးသဖြင့် အနာဂတ်ကို ပခုံးပြောင်း တာဝန်ယူရမယ့် လူငယ်တွေဟာ နိုင်ငံရေးကို ကျွမ်းကျွမ်းကျင်ကျင် သိနေဖို့ လေ့လာကြရမှာ ဖြစ်တဲ့အကြောင်း၊ နိုင်ငံရေးဟာ လူတိုင်းနဲ့ ပတ်သက်တယ် ဆိုတာကို သိမှ ဒီလို ကျင်လည်လာအောင် အခြေခံ ခိုင်ခိုင်မာမာ ချမှတ်နိုင်မှာ ဖြစ်တဲ့အကြောင်း၊
“ပြီးတော့ လူငယ်တွေကို ဒါ့ထက်ပိုပြီးတော့ ခေတ်မီတဲ့ နည်းပညာတွေလည်း တတ်စေချင်ကြောင်း၊ ကွန်ပြူတာ နည်းပညာတို့၊ အင်္ဂလိပ်စာတို့၊ အဲဒါတွေကိုလည်း အရည်အချင်းတွေ မြင့်တက်လာအောင် ဘယ်လို အစီအစဉ်သစ်တွေနဲ့ ဆောင်ရွက်ရမလဲ ဆိုတာလည်း သူ အမြဲတမ်း ခေါင်းထဲမှာထည့်ပြီး စဉ်းစားနေတဲ့အကြောင်း၊ ဒါတွေကို မကြာမီ သူ စပြီး အကောင်အထည် ဖော်မယ်လို့ စိတ်ကူးရှိတဲ့အကြောင်း အထွေထွေ အတွင်းရေးမှူးက ပြောပါတယ်။”
အဖွဲ့ချုပ်က အင်္ဂလိပ်စာတတ်တဲ့ လူကြီးပိုင်းက လူငယ်တွေကို အင်္ဂလိပ်စာ ပို့ချပေးဖို့ အတွက်လည်း အမြန်ဆုံး အကောင်အထည် ဖော်သွားမယ်လို့ သိရပါတယ်။ လူငယ်တွေဘက်ကလည်း ဆက်သွယ်ရေး လမ်းကြောင်း ကောင်းမွန်ရေးကိစ္စ အပါအ၀င် တခြားကိစ္စရပ်တွေကို ပြန်လည် ဆွေးနွေးခဲ့ကြတဲ့ အကြောင်း ဦးအုန်းကြိုင်က ပြောပါတယ်။
“တင်ပြတဲ့ အထဲမှာတော့ အချက်အလက်က အစုံပါပဲ။ အဖွဲ့ချုပ်လူငယ်များရဲ့ ဖွဲ့စည်းထားတဲ့ အခြေအနေတွေ၊ မြို့နယ် အခြေအနေတွေ တင်ပြသလို ရှေ့ဆက်မယ့် နိုင်ငံရေး အလားအလာတွေနဲ့ ပတ်သက်လို့ သူတို့သိချင်တာတွေလည်း မေးပါတယ်။ နောက်တခုက ဒေါ်အောင်ဆန်းစုကြည် သိချင်နေတဲ့ လူငယ်တွေ ကြားထဲမှာ ထိရောက်တဲ့၊ လျှင်မြန်တဲ့ ဆက်သွယ်မှုစနစ်တရပ် ထူထောင်ရေးနဲ့ ပတ်သက်လို့ အကြံဉာဏ် ပေးကြပါတယ်။
“ပြီးတော့ ကျယ်ပြန့်တဲ့ လူငယ် တွေ့ဆုံပွဲကြီးတခု ဖြစ်ဖို့ အကြံဉာဏ်တွေလည်း ပေးကြပါတယ်။ အထွေထွေ အတွင်းရေးမှူး အမေစုကို ကိုယ်တိုင် တွေ့ရပြီဖြစ်တဲ့အတွက် သူတို့ အရမ်း အားတက်ပါတယ်တဲ့။ ပေးအပ်တဲ့ တာဝန်တွေကို အသက်ကို ပဓာန မထားဘဲ ထမ်းဆောင်သွားဖို့တောင်မှ ပိုင်းဖြတ်ပြီး ဖြစ်ပါတယ်၊ စသဖြင့် တက်တက်ကြွကြွ တင်ပြကြပါတယ်။”
NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင် ပြောသွားတာ ဖြစ်ပါတယ်။
အစည်းအဝေးကို တက်လာကြတဲ့ လူငယ်တွေ အနေနဲ့ အားတက်သရော ရှိနေကြပြီး အဖွဲ့ချုပ် ခေါင်းဆောင်ပိုင်းက ညွှန်ကြားတဲ့အတိုင်း NLD လူငယ်တွေတင် သာမက တခြားလူငယ်တွေနဲ့ပါ ပူးပေါင်း ဆောင်ရွက်သွားကြဖို့ မန္တလေးတိုင်းကို ကိုယ်စားပြုပြီး တက်လာတဲ့ အဖွဲ့ချုပ် လူငယ်ကိုယ်စားလှယ် တဦးက ပြောပြပါတယ်။
“လူငယ်တွေဟာ အရမ်းကြီး နိုးကြားနေကြတယ်၊ ကျနော်တို့ ခေါင်းဆောင်က ချပေးတာက ကျနော်တို့ရဲ့ ဆက်သွယ်ရေး ကိစ္စမျိုးတွေ အဓိကထား လုပ်ရမှာရယ်၊ NLD နဲ့ NLD အဖွဲ့ဝင် လူငယ်တွေနဲ့ အခြားအဖွဲ့က လူငယ်တွေ၊ အဲဒီလူငယ်တွေ တဦးနဲ့တဦး နွေးထွေးစွာ ထိတွေ့ဆက်ဆံရမယ်၊ ကျနော်တို့ ဒီမိုကရက်တစ် အင်အားစုကို ကွန်ယက်သဖွယ် ဆက်သွယ်ရမယ် ဆိုပြီးတော့ ညွှန်ကြားချက်တွေ ချပါတယ်။ အဲဒီညွှန်ကြားချက် အပေါ်မှာပဲ ကျနော်တို့ တိုင်းနဲ့ပြည်နယ်က တက်လာတဲ့ ကိုယ်စားလှယ် အစုအဖွဲ့ အားလုံးက ၁၂ စု ရှိပါတယ်။”
မကွေးတိုင်းကို ကိုယ်စားပြုပြီး တက်လာတဲ့ လူငယ်ကတော့ သူတို့ အစည်းအဝေးတက်ဖို့ မြို့က မထွက်ခွာခင်မှာ အာဏာပိုင်တွေဘက်က ကြောက်လန့်အောင် ခြိမ်းခြောက်မှုတွေ ရှိခဲ့တဲ့အကြောင်း ပြောပြပါတယ်။
NLD လူငယ် အစည်းအဝေးကို ပြည်နယ်၊ တိုင်း အသီးသီးက ကိုယ်စားလှယ် ၅၀၀ လောက် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။