သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမရပူရမြို့နယ် NLD စည်းရုံးရေးမှူး သတ်ဖြတ်ခံရကြောင်း NLD အတည်ပြု


မန္တလေးမြို့ စစ်ဆေးရေးဂိတ်တခု (ယခင်မှတ်တမ်းဓာတ်ပုံ)
မန္တလေးမြို့ စစ်ဆေးရေးဂိတ်တခု (ယခင်မှတ်တမ်းဓာတ်ပုံ)

[[Zawgyi/Unicode]]

မန္တလေးတိုင်း၊ အမရပူရမြို့နယ်ရဲ့ NLD စည်းရုံးရေးမှူး သတ်ဖြတ်ခံရပြီး ကျူးလွန် ခဲ့သူတွေက သူ့ရဲ့အလောင်းကို ဒီနေ့မနက်ပိုင်းမှာ စွန့်ပစ်ထားခဲ့ပါတယ်။ အခုလို အမရပူရမြို့နယ်က NLD စည်းရုံးရေးမှူး သတ်ဖြတ်ခံရတယ်ဆိုတာ မှန်ကန်ကြောင်း NLD ရဲ့ တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။ NLD ပါတီဝင်တွေ သတ်ဖြတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး အပြန်အလှန် စွပ်စွဲမှုတွေကတော့ ရှိနေပါတယ်။ “သွေးသောက်များ” ဆိုတဲ့ အဖွဲ့တခုကတော့ သူတို့သတ်ဖြတ်ခဲ့တယ်ဆိုတာ တယ်လီဂရမ်လူမှုကွန်ရက်မှာ ဝန်ခံထားပါတယ်။ စစ်ကောင်စီဘက်ကတော့ အခုလို ပေါ်ပေါက်လာတဲ့ အဖွဲ့အစည်းတွေကို ဝေဖန်ထားပြီး သူတို့အနေနဲ့ တရားဝင်ဖွဲ့စည်းနိုင်တဲ့ ပြည်သူ့စစ်အဖွဲ့ကလွဲပြီး ကျန်တာဖွဲ့စည်းမှုမရှိကြောင်း သတင်းစာရှင်းလင်းပွဲတခုမှာ ပြောခဲ့ပါတယ်။

အမရပူရမြို့နယ်ရဲ့ NLD စည်းရုံးရေးမှူး ဦးဇော်ကြီးဟာ ဒီနေ့မနက်ပိုင်းမှာ သတ်ဖြတ်ခံခဲ့ရတယ်ဆိုတာ မှန်ကန်ကြောင်း ပါတီရဲ့ အလုပ်ကော်မတီ ပြောခွင့်ရ ဦးကျော်ထွေးက ဗွီအိုအေကို စာနဲ့ရေးသား ဖြေကြားခဲ့ပါတယ်။ ဦးဇော်ကြီးအပါအဝင် မန္တလေးတိုင်းထဲမှာ ဧပြီလ ၁၉ ရက်နောက်ပိုင်းကစပြီး ဆက်တိုက်ဆိုသလို သတ်ဖြတ်ခံခဲ့ရတဲ့ NLD ပါတီဝင် ၆ ဦးရှိသွားပါပြီ။

NLD အလုပ်ကော်မတီပြောခွင့်ရ ဦးကျော်ထွေးကတော့ ပါတီဝင်တွေကို အခုလိုကျူးလွန်ခဲ့တာတွေကို မှတ်တမ်းပြုစုထားပြီး မကြာခင်မှာ ထုတ်ပြန်ပေးမယ်လို့ ဗွီအိုအေကို ဖြေကြားခဲ့တာပါ။

ဦးဇော်ကြီးအပါအဝင် မန္တလေးတိုင်းထဲက NLD ပါတီဝင် ခြောက်ဦးအထိ လုပ်ကြံခဲ့တယ်လို့ သွေးသောက်များဆိုတဲ့ အဖွဲ့တခုက တယ်လီဂရမ် လူမှုကွန်ရက်ကနေ ထုတ်ပြန်ထားပါတယ်။ အခုနောက်ပိုင်း NLD ပါတီဝင်တချို့ တိုက်ခိုက်၊ လုပ်ကြံခံရတာနဲ့ ပတ်သက်ပြီး အတိုက်အခံတွေနဲ့ အာဏာသိမ်းစစ်ကောင်စီကြားမှာ အပြန် အလှန် စွပ်စွဲပြောဆိုနေတာတွေရှိပါတယ်။ အခုလိုအဖွဲ့အစည်းတွေ ပေါ်ပေါက်နေတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ စစ်တပ် အနေနဲ့ လိုအပ်တဲ့အခါ ဖွဲ့စည်းနိုင်တဲ့ ပြည်သူ့စစ်အဖွဲ့ကလွဲလို့ ကျန်တဲ့အဖွဲ့ အစည်းတွေနဲ့ ဆက်စပ်မှုမရှိကြောင်း ဧပြီလ ၂၇ ရက် နေပြည်တော် သတင်းစာရှင်း လင်းပွဲမှာ ပြောခဲ့ပါတယ်။

"နိုင်ငံတော်ရဲ့ လက်ရှိ ကာကွယ်ရေး မဟာဗျူဟာသည်လည်း ကာကွယ်ရေး မဟာဗျူဟာရှိတယ်။ ကျနော်တို့ ဥပဒေ စည်းမျဉ်း စည်းကမ်းတွေအရလည်း နယ်မြေတနေရာရာပဲဖြစ်ဖြစ်၊ ဒေသတခုမှာဖြစ်ဖြစ် လုံခြုံရေးအရ လိုအပ်လာလို့ရှိရင် ပြည်သူ့စစ်အဖွဲ့များ ဖွဲ့စည်းပိုင်ခွင့်ရှိပါတယ်။ အစိုးရအနေနဲ့က ပြည်သူလူထုရဲ့ နယ်မြေခံဒေသလူထုရဲ့ တောင်းဆိုချက်နဲ့အညီ ကျနော်တို့အနေနဲ့ တရားဝင်ဖွဲ့စည်းခွင့်ရှိတဲ့ ပြည်သူ့စစ်အဖွဲ့အများ ဖွဲ့စည်းဆောင်ရွက်လျက်ရှိတယ်။ ကျန်တဲ့ အဖွဲ့အစည်းများနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ဖွဲ့စည်းဆောင်ရွက်လျက် မရှိပါဘူး။ ဒါကိုတိတိလင်းလင်း ပြောချင်ပါတယ်။"

၂၀၂၁ ဖေဖော်ဝါရီလ ၉ ရက်မှာ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်က NLD ရုံးချုပ်ကို စစ်ကောင်စီအဖွဲ့တွေက ပထမဦးဆုံးအကြိမ် ဝင်ရောက်စီးနင်းခဲ့ပြီး အဲဒီနောက်ပိုင်းမှာ အနယ်နယ်အရပ်ရပ်က NLD ရုံးတွေကို ဖောက်ခွဲတိုက်ခိုက်တာ၊ ဝင်ရောက်စီးနင်းတာတွေ လုပ်ဆောင်ခဲ့ပါတယ်။ NLD ရုံးချုပ်အပါအဝင် ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ ပဲခူး၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်က ရုံးခွဲပေါင်း ၉၇ ခုတိုက်ခိုက်ခံရတယ်လို့ ပါတီရဲ့ ပြောခွင့်ရက ဗွီအိုအေကို ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

==============

[[Unicode]]








==============

XS
SM
MD
LG