သုံးရလွယ်ကူစေသည့် Link များ

NNER နဲ့ ပညာရေး ဒုဝန်ကြီး ညှိနှိုင်း


သတင်းစာရှင်းလင်းပွဲတွင် NNER မှ ဒေါက်တာသိန်းလွင်မှ NNER သမိုင်းကြောင်းနှင့် လေးပွင့်ဆိုင်ဆွေးနွေးပွဲ ဆက်လက်ဖြစ်ပေါ်ရန် NNER မှ လက်ရှိ ကြိုးစားဆောင်ရွက်နေသည်များကို ရှင်းလင်းနေစဉ်။ (ဓာတ်ပုံ/ NNER fb, ဖေဖေါ်ဝါရီ ၇၊ ၂၀၁၅)

အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်နေကြတဲ့ နိုင်ငံတဝှမ်းက ကျောင်းသားတွေဟာ ရန်ကုန်မြို့ဆီကို ဆက်လက် ချီတက်လာနေကြပါတယ်။ တဘက်မှာလည်း အစိုးရပညာရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့ အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး ကြိုးပမ်းနေတဲ့ NNER အဖွဲ့က ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးမှုတွေကနေ ဘာတွေများ သဘောတူညီမှု ရခဲ့သလဲဆိုတာတွေကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကျောင်းသားတွေက အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်သပိတ်မှောက်နေတာဟာ ဥပဒေနဲ့မညီညွတ်တဲ့အကြောင်း အစိုးရရဲ့ ထုတ်ပြန်ကြေညာချက် ထွက်ပေါ်လာခဲ့ပြီးတဲ့နောက် NNER က ကိုယ်စားလှယ် ဒေါက်တာသိန်းလွင်ကို သီးခြားတွေ့ဆုံဖို့ မြန်မာအစိုးရဘက်က ကမ်းလှမ်းခဲ့ပါတယ်။ ဒေါက်တာ သိန်းလွင်က NNER ရဲ့သဘောတူညီချက်ကိုရယူပြီး သွားရောက်တွေ့ဆုံခဲ့ချိန်မှာ အစိုးရဘက်က လေးပွင့်ဆိုင်ဆွေးနွေးရေးနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ကြောင်း NNER ရဲ့ ပြောရေးဆိုခွင့်ရှိသူ မူဝါဒရေးရာအဖွဲ့ဝင် မသူသူမာက အခုလို ပြောပါတယ်။

“တကယ်တန်းတောင်းဆိုတာက ဆွေးနွေးပွဲတွေ မြန်မြန်လုပ်ပေးဖို့ပါပဲ၊ ဒါပေမယ့် သူတို့က မြန်မြန်တော့ လုပ်ပေးလို့ မရဘူး-တဲ့။ ဖေဖော်ဝါရီလ ၁၂ ရက်နေ့နောက်ပိုင်းမှပဲ လုပ်ပေးလို့ရမယ်ပေါ့၊ အဲဒါဆိုရင် ဗိုလ်ချုပ်မွေးနေ့က ၁၃ ရက်နေ့ဖြစ်တဲ့အတွက် ၁၄၊ ၁၅ ဆိုတော့ ၁၄၊ ၁၅ ကိုတော့ သူတို့က လက်ခံမယ်၊ ဒါပေမယ့် ၁၄ လား၊ ၁၅ လားဆိုတာတော့ မပြောဘူးပေါ့။ နောက် ရန်ကုန်မှာ လုပ်ပေးဖို့ ပြောတဲ့အခါကျတော့ ရန်ကုန်မှာတော့ သူတို့ သဘောတူတယ်။ ဒါပေမယ့် ရန်ကုန်မြို့ထဲကိုတော့ မဖြစ်နိုင်ဘူးပေါ့နော်။ ရန်ကုန်မြို့ကနေ တနာရီ၊ တနာရီခွဲလောက် ကားမောင်းပြီး သွားလို့ရတဲ့ နေရာလောက်မျိုးမှာ လုပ်စေချင်တယ်လို့ သူတို့ဘက်က ပြောတာရှိတယ်။ အဲဒါက ဘာကိုပြောတာလဲဆိုတော့ ကျောင်းသားတွေက တောင်းဆိုတာက လေးပွင့်ဆိုင်- လေးဘက်လုံးက ကိုယ်စားလှယ်တွေပါဝင်တဲ့ ဥပဒေမူကြမ်းပြင်ဆင်ရေး ကော်မတီအဖွဲ့မျိုးကနေပြီးတော့ ဥပဒေမူကြမ်းကို လွတ်လွတ်လပ်လပ် ပြင်ဆင်ဖို့ သင့်မယ်ဆိုတဲ့ဟာကို ပြောတဲ့အခါကျတော့ သူတို့က လွှတ်တော်အနေနဲ့ဆိုလို့ရှိရင်လည်း ဒီလိုမျိုး ပြင်ပမှာဖွဲ့တဲ့ကော်မတီတခုကို သွားပြီးတော့ ဝင်ရောက်ပါဝင်ပေးဖို့ဆိုတာ သူတို့ လွှတ်တော်မှာ လုပ်ထုံးလုပ်နည်းမရှိဘူးပေါ့။ ဒီလိုမျိုး လုပ်ထုံးလုပ်နည်းတွေကို ကျော်လွှားနိုင်တဲ့အချက်တွေကို စဉ်းစားပြီးတော့မှ ဆွေးနွေးပွဲကို တက်လာမယ်ဆိုရင်တော့ ဆွေးနွေးပွဲက ပိုအဆင်ပြေတာပေါ့နော်။ အဲလိုဟာမျိုးတွေကို ကျမတို့က အကြံပြုပါတယ်။”

နှစ်ဘက်လုံးကတော့ ဖြစ်စေချင်တဲ့သဘောထားတွေကို အပြန်အလှန်ပြောခဲ့ကြကြောင်း၊ နောက်ထပ် အကြိုဆွေးနွေးပွဲတွေ လုပ်ရင် ကျောင်းသားတွေပါ ပါဝင်နိုင်ဖို့ကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးကတော့ လေးပွင့်ဆိုင်ဆွေးနွေးနိုင်ရေး အကြိုဆွေးနွေးပွဲတွေကို ပြင်ဆင်နေပြီဖြစ်ကြောင်း NNER က ဒေါက်တာသိန်းလွင်နဲ့ ဆွေးနွေးနေတာတွေကို ရည်ညွှန်းပြောဆိုခဲ့ပါတယ်။

“NNER က အဖွဲ့တွေနဲ့လည်း ကျနော်တို့ဆီက အစိုးရ ဒု-ဝန်ကြီးအဆင့်ပေါ့နော်၊ တာဝန်ရှိသူတွေ တွေ့ဆုံပြီးတော့ ညှိနှိုင်းနေပါတယ်။ အစည်းအဝေး ဘယ်လိုလုပ်ကြမလဲ၊ ကျောင်းသားတွေကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေ ဘယ်လို လုပ်ကြမလဲ၊ ကျောင်းသားတွေဘက်က တောင်းဆိုတဲ့ မှတ်တမ်းတင်တာတို့၊ သူတို့ရဲ့ သတင်းမှတ်တမ်းတွေအတွက် ဘယ်နှစ်ယောက် ခွင့်ပြုနိုင်မလဲ…ဆိုတာတွေ ဟိုဘက် ဒီဘက် ဆွေးနွေးကြဖို့ ကျောင်းသားချင်းမှာလည်း ပြန်ဆွေးနွေးကြဖို့လိုတယ်။ ဘယ်နှစ်ယော်ကဆို သူတို့လက်ခံမလဲ၊ ဆိုလိုတာက အစည်းအဝေးမှာ ဘယ်နှစ်ယောက် တက်ရောက်မလဲ၊ ဘယ်ပုံစံနဲ့လုပ်မယ်၊ အစည်းအဝေးအစီအစဉ်နဲ့ ဘယ်လိုလုပ်မလဲဆိုတဲ့ အစီအစဉ်တွေမပါတဲ့အခါမှာ အစည်းအဝေးက ရလဒ် မထွက်ဘူးပေါ့နော်။ အဲလိုတွေ ဖြစ်တယ်။ ကျနော်တို့ကတော့ ဖြစ်စေချင်တာက ကျောင်းသားတွေ လိုလားချက်ကို အမြန်ဆုံး ဖြည့်ဆည်းဆောင်ရွက် ပေးချင်တယ်။ အဲဒီအတွက် တိကျခိုင်မာတဲ့ အစည်းအဝေးမူဘောင်ပေါ့နော်၊ ဒါကို မတိုင်ခင်မှာ အားလုံးသဘောတူဖို့လိုတယ်။”

ဒီနေ့မှာတော့ ကျောင်းသားနဲ့ NNER တာဝန်ရှိသူတွေဟာ အစိုးရဘက်က လေးပွင့်ဆိုင်ဆွေးနွေးရေးကို တဖက်သတ် ရက်ရွှေ့ဆိုင်းလိုက်တဲ့ကိစ္စ၊ ပညာရေးဝန်ကြီးဌာနက တဖက်သတ်ရေးဆွဲနေတဲ့ ပညာရေးဥပဒေနဲ့ ဆက်စပ်ဥပဒေတွေကို ပြင်ဆင်နိုင်ရေးကိစ္စ၊ ရှေ့လုပ်ငန်းစဉ်တွေမှာ ကျောင်းသားတွေကို NNER က ဆက်လက်ကူညီမယ့်ကိစ္စနဲ့ လေးပွင့်ဆိုင်ဆွေးနွေးရေး အမြန်ဆုံဖြစ်ပေါ်လာရေးကိစ္စတွေကို သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပါတယ်။ ကျောင်းသားတွေကလည်း အစိုးရဘက်က ထုတ်ခဲ့တဲ့ ကြေညာချက်ပါ စွပ်စွဲချက်တွေကို ပြန်လည်ချေပတာအပါအဝင် သူတို့ရဲ့ သပိတ်မှောက်ချီတက်မှုကို ပြည်သူတွေက ဆက်လက် ထောက်ခံပေးဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။

အခုဆိုရင် သပိတ်မှောက် ပင်မကျောင်းသားသပိတ်စစ်ကြောင်းဟာ ဆတ်သွားကနေ အောင်လံမြို့ကို ချီတက်နေပြီး ၈၈ မျိုးဆက်ကျောင်းသူနှစ်ဦးဖြစ်တဲ့ မနီလာသိန်းနဲ့ မမီးမီးတို့လည်း ဗကသ သပိတ်စစ်ကြောင်းနဲ့အတူ ပူးပေါင်းချီတက်နေပါတယ်။ ပခုက္ကူမြို့သပိတ်စစ်ကြောင်းလည်း ချီတက် လမ်းလျှောက် နေပြီဖြစ်သလို ဧရာဝတီသပိတ်စစ်ကြောင်းကတော့ ကျောင်းကုန်းမြို့၊ မအူပင်မြို့တွေဆီကို ရောက်နေပြီဖြစ်ပါတယ်။ ကျောင်းကုန်းမြို့၊ ပြည်သူ့ရဲတပ်ဖွဲ့ဝင် တွေကလည်း ကျောင်းသားသပိတ်ကို အလှူငွေတွေ ပေးအပ်ခဲ့တယ်လို့ ကျောင်းသားတွေက ပြောပါတယ်။ ဧရာဝတီသပိတ်စစ်ကြောင်းကိုတော့ သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာ သွားရောက်ပညာသင်ကြားခဲ့တဲ့ မသန်စွမ်းကျောင်းသူ မစုပုံချစ်က ပူးပေါင်းချီတက်ခဲ့ပါတယ်။ သပိတ်စစ်ကြောင်းတွေ ချီတက်ရာလမ်းတလျှောက်က မြို့ရွာတွေမှာ ပြည်သူတွေရဲ့ အားပေးထောက်ခံမှုတွေ ရနေပါတယ်။

အမျိုးသားပညာရေးဥပဒေကို ပညာရေးဝန်ကြီးဌာနနဲ့ အစိုးရက တဖက်သတ်ရေးဆွဲတယ်ဆိုပြီး ကျောင်းသားတွေက ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကတည်းက စတင် ကန့်ကွက်သပိတ်မှောက်လာခဲ့တာပါ။ အစိုးရကို ရက်ပေါင်း (၆၀) အတွင်း ဖြေရှင်းပေးဖို့ ကျောင်းသားတွေက တောင်းဆိုခဲ့ပေမယ့် အစိုးရဘက်က လျစ်လျှူရှုထားခဲ့တဲ့အတွက် တိုင်းနဲ့ပြည်နယ်အသီးသီးက ကျောင်းသားတွေက အခုလို ခရီးရှည်ချီတက် ဆန္ဒပြနေကြတာလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG