သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပညာရေးဥပဒေကြားနာမှု ရွှေ့ဆိုင်းဖို့ NNER ပန်ကြား


အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေးအတွက် နေပြည်တော် အမျိုးသားလွှတ်တော်မှာ ကြားနာပွဲကျင်းပဖို့ သတ်မှတ်ထားတဲ့ မတ်လ ၇ ရက်နေ့ကို ရွှေ့ဆိုင်းပေးဖို့ NNER က မေတ္တာရပ်ခံလိုက်ပါတယ်။

လက်ရှိ ကျောင်းသားသပိတ်တွေကို အစိုးရ ကိုင်တွယ်ဖြေရှင်းမယ့် အလားအလာကို အထူး စိုးရိမ်မကင်း ဖြစ်နေတာကြောင့် လွှတ်တော်ကြားနားပွဲ ရက်ရွှေ့ဆိုင်းဖို့ ပန်ကြားလိုက်တာ ဖြစ်တယ်လို့ NNER ကိုယ်စားလှယ် ဒေါက်တာသိန်းလွင် က ပြောပါတယ်။ အပြည့်အစုံကို မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

ရန်ကုန်မြို့ကိုဝင်ဖို့ ချီတက်လာတဲ့ ကျောင်းသားသပိတ်ပင်မစစ်ကြောင်းကို ပဲခူးတိုင်း လက်ပံတန်းမြို့မှာ လုံခြုံရေးရဲတွေက ပိတ်ဆို့ထားပြီး အခြေအနေတွေတင်းမာနေတဲ့အချိန် မတ်လ (၇)ရက်နေ့ အမျိုးသားလွှတ်တော်မှာ ကျင်းပမယ့် ပညာရေးဥပဒေပြင်ဆင်ရေး ကြားနားပွဲကို ကျောင်းသားကိုယ်စားလှယ်တွေအနေနဲ့ တက်ရောက်နိုင်ခြင်းရှိမှာမဟုတ်တဲ့အတွက် စီစဉ်ထားတဲ့ရက်ရွှေ့ဆိုင်းပေးဖို့ သက်ဆိုင်ရာကို တင်ပြထားတဲ့အကြောင်း NNER ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် ကိုယ်စားလှယ် ဒေါက်တာသိန်းလွင်ကပြောပါတယ်။

“ကျနော်တို့ ၇ ရက်နေ့မှာ ကျနော်တို့ကို ချိန်းထားတဲ့ လွှတ်တော် ကြားနာပွဲကို ရက်ရွှေ့ဖို့ တင်ပြလိုက်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီကျောင်းသားတွေ သပိတ်မှောက် ချီတက် ဆန္ဒပြနေတာကို တားဆီးထားတယ်။ တားဆီးတဲ့အခါမှာ ဆန္ဒပြပွဲမှာပါတဲ့ ကျောင်းသားခေါင်းဆောင်တွေက ဒီလွှတ်တော်ကြားနာပွဲမှာ သူတို့ မတက်နိုင်ဘူး။ နောက် ကျနော်တို့ စိုးရိမ်တာက သပိတ်မှောက် ဆန္ဒပြတဲ့ ကျောင်းသားတွေကို တားဆီးတယ်။ ခြိမ်းခြောက်တာမျိုးရှိတယ်။ နောက် ဖမ်းဆီးမယ့် အလားအလာရှိတယ်။ ဒီတော့ အဲ့ဒီအပေါ်မှာ ကျနော်တို့ စိုးရိမ်တယ်။ ဒီလို အခြေအနေမျိုးမှာ ကျောင်းသားတွေလည်း မတက်နိုင်ဘူး။ ဒီကြားနာပွဲမှာ။ နောက် ကျောင်းသား ဆန္ဒပြပွဲကလည်း ခြိမ်းခြောက်ခံနေရတဲ့ အခြေအနေမှာရှိတယ်။ အဲ့ဒါကြောင့် NNER က ဒီလို အခြေအနေမျိုးမှာတော့ ကြားနာပွဲကို မသွားချင်သေးဘူး။ ကျောင်းသားတွေလည်း ကိုယ်တိုင်တက်ရောက်နိုင်ပြီ။ နောက် သူတို့ သပိတ်မှောက် စစ်ကြောင်းကလည်း အန္တရာယ်မရှိတော့ဘူး။ သူတို့ အေးအေးချမ်းချမ်းပဲဆိုရင်တော့ အဲ့ဒီလို အခြေအနေမျိုးမှာ ကျနော်တို့ ပြန်လုပ်နိုင်မယ်ဆိုပြီးတော့ မနေ့က ကျနော်တို့ ကြေညာချက်ထုတ်တာပါ။”

မေး။ ။ ကျောင်းသားတွေဘက်က အခု လွှတ်တော်ကြားနာပွဲကို ဘာကြောင့် မတက်နိုင်တာလဲ။

ဖြေ။ ။ “တားဆီးထားတဲ့အတွက် တားဆီးထားတဲ့အခါမှာ ကျောင်းသားတွေ ရှေ့ဆက်သွားလို့ မရဘူး။ ဘေးမှာ လုံခြုံရေးတွေလည်း ရံထားတယ်။ ဒီလိုအခြေအနေမျိုးမှာ သပိတ်မှောက်တဲ့ ကျောင်းသားခေါင်းဆောင်တွေက သူတို့ ဆုတ်ခွာပေးရတဲ့အတွက် သူတို့ မသွားနိုင်ဘူးလို့ သူတို့ပြောတယ်။ ဒီအတွက် သူတို့မတက်နိုင်ဘူး။”

မေး။ ။ အဲတော့ ဒီလို အခြေအနေ ဒီအတိုင်းသွားမယ်။ ကျောင်းသားတွေကို သတိပေးတာတွေ၊ ထုတ်ပြန်ကြေညာတာတွေ မြန်မာအစိုးရဘက်ကဆိုတော့ နောက်ဆက်တွဲ ဘာတွေဖြစ်လာနိုင်မလဲရှင့်။

ဖြေ။ ။ “အခု ကျနော်တို့ လေးပွင့်ဆိုင် သဘောတူညီချက်မှာ ရှိခဲ့တဲ့ သပိတ်မှောက် ဆန္ဒပြတာတွေကော၊ ဆန္ဒပြပွဲမှာပါတဲ့ ကျောင်းသားတွေကော၊ အားပေးကူညီတဲ့သူတွေကော အရေးယူခြင်း၊ ဖမ်းဆီးခြင်းတွေ မလုပ်ပါဘူးလု့ိ သဘောတူထားတာရှိတယ်။ အဲ့ဒါက အဲ့ဒီသဘောတူညီချက်ကို ချိုးဖောက်နေတဲ့ သဘောမျိုး ရောက်နေတယ်။ ဒါ မလုပ်သင့်ဘူး။ ဆန္ဒပြတာက အေးအေးချမ်းချမ်းပဲဖြစ်တယ် ဆိုတဲ့အခါကျတော့ ကျောင်းသားတွေကို သူတို့ ဖြစ်ချင်နေတာ အေးအေးချမ်းချမ်း ဖြစ်သင့်တယ်။ ဖမ်းဆီးတာ၊ ခြိမ်းခြောက်တာတွေဟာ မလုပ်သင့်ဘူးလို့ ကျနော်မြင်တယ်။”

လက်ရှိ လက်ပံတန်းက ကျောင်းသားသပိတ် စစ်ကြောင်းအနေနဲ့ အစိုးရအာဏာပိုင်တွေ ပြောထားတဲ့အတိုင်း လူစုခွဲဖို့အမိန့်ကို မလိုက်နာဘူးဆိုရင် ကျောင်းသားတွေကို အရေးယူမှာ ဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောထားကြောင်း မတ်လ ၄ ရက်နေ့ထုတ် AFP သတင်းမှာ ဖော်ပြထားပါတယ်။ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်တဲ့ NNER ရဲ့ ကြေညာချက်မှာတော့ အစိုးရ၊ လွှတ်တော်၊ ကျောင်းသားနဲ့ NNER ကိုယ်စားလှယ်တွေ ပါဝင်တဲ့ လေးပွင့်ဆိုင် ဆွေးနွေးသဘောတူညီချက်အရ သပိတ်မှောက်ကျောင်းသားတွေ၊ ထောက်ခံအားပေး ကူညီနေသူတွေကို ခြိမ်းခြောက် ဖမ်းဆီး အကြမ်းဖက် ဖြိုခွဲတာ မလုပ်ဖို့ အစိုးရကို တိုက်တွန်းထားပါတယ်။

XS
SM
MD
LG