သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေးပွင့်ဆိုင်ပညာရေးတွေ့ဆုံပွဲ ဖေဖော်ဝါရီ (၁၁) ပြန်စမည်


အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး ပြန်ဆွေးနွေးဖို့ ညှိနှိုင်းဆွေးနွေးခဲ့ကြတဲ့ ပညာရေးဒုဝန်ကြီး၊ NNER ၊ ကျောင်းသားကိုယ်စားလှယ်များ။ (ဓာတ်ပုံ-MRTV ရုပ်သံမှတ်တမ်း)
အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး ပြန်ဆွေးနွေးဖို့ ညှိနှိုင်းဆွေးနွေးခဲ့ကြတဲ့ ပညာရေးဒုဝန်ကြီး၊ NNER ၊ ကျောင်းသားကိုယ်စားလှယ်များ။ (ဓာတ်ပုံ-MRTV ရုပ်သံမှတ်တမ်း)

ကျောင်းသားတွေ သပိတ်မှောက်ဆန္ဒပြနေတဲ့ အမျိုးသားပညာရေးဥပဒေ ပြန်လည်ပြင်ဆင်ရေး အစိုးရ၊ လွှတ်တော်၊ ကျောင်းသားကိုယ်စားလှယ်တွေနဲ့ NNER(ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ယက်) တို့ လေးပွင့်ဆိုင် ထပ်မံတွေ့ဆုံဆွေးနွေးပွဲကို လာမယ့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ထဲမှာ ကျင်းပဖို့ ရက်သတ်မှတ် ဆုံးဖြတ်လိုက်ပြီဖြစ်ပါတယ်။ လေးပွင့်ဆိုင်ဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဒီကနေ့ ရန်ကုန်မြို့ အဆင့်မြင့်ပညာဦးစီးဌာနမှာ ကျင်းပတဲ့ ဒုတိယ အကြိုညှိနှိုင်း ဆွေးနွေးပွဲကနေ ဆုံးဖြတ်လိုက်ကြတာပါ။ အသေးစိတ်ကို ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က တင်ပြပေးထားပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီ (၉)ရက်နေ့ တနင်္လာနေ့မှာ ရန်ကုန်မြို့ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန (အောက်မြန်မာပြည်)ရုံးမှာ ပညာရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဦးသန့်ရှင်း ဦးဆောင်တဲ့ အစိုးရတာဝန်ရှိသူတွေနဲ့ ဒေါက်တာသိန်းလွင် ပါဝင်တဲ့ NNER(ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ယက်) က ပညာရှင်တွေ၊ နောက် ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီက ကျောင်းသားကိုယ်စားလှယ်သုံးဦးတို့ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။ လေးပွင့်ဆိုင်ဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဒုတိယအကြိမ်မြောက်ကျင်းပတဲ့ အကြိုညှိနှိုင်းပွဲမှာ အဓိကဆုံးဖြတ်ခဲ့တာတွေနဲ့ ပတ်သက်လို့ ကျောင်းသားကိုယ်စားလှယ်အဖြစ် ဦးဆောင်ဆွေးနွေးခဲ့သူ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ကိုယ်စားလှယ် ကိုအောင်မှိုင်းဆန်းက ဗွီအိုအေကိုပြောပါတယ်။

“ဒီနေ့ အဓိက ဆွေးနွေးတဲ့အချက်က လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးတဲ့အခါမှာ ဘယ်ရက်ကိုပြန်ကျင်းပမယ်၊ ဘယ်လိုပုံစံလေး ကျင်းပမယ်ဆိုတာကို အဓိကဆွေးနွေးတယ်ပေါ့လေ။ ဆွေးနွေးတော့ ကျနော်တို့ သဘောတူညီချက်ရတာက ဖေဖော်ဝါရီ ၁၁ ရက်နေ့ ပြည်ထောင်စုနေ့မတိုင်ခင်ပေါ့နော်။ ဖေဖော်ဝါရီ ၁၁ ရက်နေ့ မနက် ကိုးနာရီခွဲ၊ ကျနော်တို့ နေရာကကျတော့ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ဝင်းခန်းမထဲမှာ ကျင်းပဖို့ပေါ့။ နောက်ပြီးတော့ ကျနော်တို့ဆွေးနွေးပွဲမှာ တဖက်ကို ကိုယ်စားလှယ် ၂၀ဦး စီတက်မယ်။ နောက်ဆွေးနွေးပွဲ ခန်းမအတွင်းမှာ မှတ်တမ်းယူဖို့အတွက် အချိုးကျ ကိုယ်စားလှယ်တွေ အချိုးကျ တက်ရောက်ခွင့်ရမယ်ဆိုတဲ့ သဘောလေးတွေ ကျနော်တို့ သဘောတူညီခဲ့ကြတာရှိပါတယ်။”

အခုကျင်းပတဲ့ ဒုတိယအကြိမ် အကြိုညှိနှိုင်းပွဲမှာ လေးပွင့်ဆိုင်တွေ့ဆုံနွေးနွေးရေး ရက်သတ်မှတ်ဖို့ကိစ္စကို အဓိက ဆွေးနွေးခဲ့တာပါ။ အမျိုးသားပညာရေး ဥပဒေ ပြန်လည်ပြင်ဆင်ရေး မန္တလေးကနေ ရန်ကုန်အထိ လမ်းလျှောက်ချီတက်ဆန္ဒပြနေတဲ့ ကျောင်းသားတွေရဲ့ ဆန္ဒထုတ်ဖော်မှုတွေနဲ့ ပတ်သက် လို့တော့ နှစ်ဖက် အလွတ်သဘောဆွေးနွေးခဲ့တယ်လို့ ကိုအောင်မှိုင်းဆန်းကပြောပါတယ်။

“အဲ့တာတွေကတော့ သူတို့ဘက်က စိုးရိမ်တဲ့အချက်တွေနဲ့ ကျနော်တို့ဘက်ကလည်း သူတို့ဘက်က ပြုမူတာတွေနဲ့ပတ်သက်ပြီး အလွတ်သဘောတော့ ပြောဖြစ်တယ်။ ဒါပေမဲ့ နှစ်ဦးနှစ်ဖက် သဘောတူညီချက်အနေနဲ့တော့ မထုတ်ပြန်နိုင်ဘူးပေါ့နော်။ အလွတ်သဘောပဲပြောကြတာပဲရှိတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီမှာ တက်လာတဲ့သူတွေကလည်း သူတို့ဘက်ကအပိုင်းကို ဆုံးဖြတ်ပေးနိုင်တဲ့ အနေအထားမရှိဘူးဖြစ်နေတာပေါ့။ ကျနော်တို့ဘက်က သုံးယောက်က ကျနော်ရယ် နောက် ကိုရဲဇာနည်ထွန်းရယ်၊ နောက်ပြီးတော့ ကိုချစ်ဝင်းမောင်ရယ် သုံးယောက်တက်တယ်။ NNER ဘက်ကကျတော့ ဒေါက်တာသိန်းလွင်ရယ်၊ ကိုစိုးထွန်းရယ် တက်တယ်။ နောက်ပြီးတော့ အစိုးရဘက်က ပညာရေး ဒုဝန်ကြီး ဦးသန့်ရှင်းရယ် ဒေါက်တာအောင်မင်းရယ် တက်တယ်။ ရန်ကုန်တိုင်း ဒေသကြီး အစိုးရဘက်က နှစ်ယောက်တက်တယ်။ တစ်ယောက်က နယ်လုံဝန်ကြီး ဦးတင်ဝင်းရယ်၊ နောက်တစ်ယောက် ကတော့ ပညာရေးနဲ့ဆိုင်တဲ့ဝန်ကြီးပေါ့။ အဲ့လူတွေ တက်ကြတယ်။ ကျနော်တို့ဆွေးနွေးတာက အဆင့်မြင့်ပညာဦးစီးဌာန အောက်မြန်မာပြည်ရုံး အစည်းအဝေးခန်းမမှာ ဆွေးနွေးကြတာပါ။”

လွှတ်တော်မှာ အတည်ပြုပြီးဖြစ်တဲ့ အမျိုးသားပညာရေးဥပဒေ ပြန်လည်ပြင်ဆင်ရေး လေးပွင့်ဆိုင်ဆွေးနွေးမှုကို ဖေဖော်ဝါရီလ (၁) ရက်နေ့ ရန်ကုန် စိန်ရတုခန်းမမှာ ပြည်ထောင်စုဝန်ကြီးဦးအောင်မင်း ဦးဆောင်တဲ့အစိုးရအဖွဲ့၊ လွှတ်တော်တာဝန်ရှိသူတွေ၊ NNER ကိုယ်စားလှယ်တွေနဲ့ ကျောင်းသား ကိုယ်စားလှယ် (၁၅) ဦး ပထမဆုံး အကြိမ် ဆွေးနွေးခဲ့ကြတာပါ။ ဒုတိယအကြိမ်ဆွေးနွေးပွဲကို ဖေဖော်ဝါရီလ (၃) ရက်နေ့ နေပြည်တော်မှာ တွေ့ဆုံဖို့ စီစဉ်ခဲ့ပေမဲ့ မပြေလည်မှုတွေဖြစ်ခဲ့ပြီး ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နောက်ပိုင်းမှာမှ ပြန်လည်စဉ်းစားမယ်ဆိုပြီး ဆွေးနွေးပွဲကို ရပ်ဆိုင်းလိုက်တာပါ။ အဲ့ဒီ့နောက်မှာတော့ ပညာရေးဝန်ကြီးဌာန ဒုဝန်ကြီးက ဒေါက်တာသိန်းလွင်ကို သီးသန့်တွေ့ဆုံဖို့ ကမ်းလှမ်းပြီး ဆွေးနွေးပွဲဖြစ်မြောက်ရေး တိုင်ပင် ဆွေးနွေးခဲ့ကြပါတယ်။ ဒီ့နောက်မှာတော့ ဒေါက်တာသိန်းလွင်ရဲ့တောင်းဆိုချက်နဲ့ ဒုတိယအကြိုညှိနှိုင်းပွဲမှာ ပထမဆုံးအကြိမ် ကျောင်းသားကိုယ်စားလှယ် သုံးဦး ပါဝင်ခွင့်ရခဲ့တာပါ။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဗကသကိုယ်စားလှယ် ကိုအောင်မှိုင်းဆန်း၊ တက္ကသိုလ်ကျောင်းသား သမဂ္ဂများအဖွဲ့ ကိုယ်စားလှယ်အဖြစ် ကိုရဲဇာနည်ထွန်းနဲ့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် မြေလတ်ဒေသ ကိုယ်စားလှယ် ကိုချစ်ဝင်းမောင်တို့ တက်ရောက်ခဲ့တာပါ။

XS
SM
MD
LG