သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးခံ ကျောင်းသားတွေ ပြန်လွတ်ရေး လွှတ်တော် ဆွေးနွေးပွဲမှာ NNER တောင်းဆိုမည်


လက်ပံတန်းမှာ ဖမ်းဆီးခံထားရတဲ့ ကျောင်းသားခေါင်းဆောင်များ။ (ဓာတ်ပုံ-ဗသက်အောင်fb)
လက်ပံတန်းမှာ ဖမ်းဆီးခံထားရတဲ့ ကျောင်းသားခေါင်းဆောင်များ။ (ဓာတ်ပုံ-ဗသက်အောင်fb)

အမျိုးသားလွှတ်တော်မှာ ပြုလုပ်နေတဲ့ ပညာရေးဥပဒေပြင်ဆင်ရေးမူကြမ်းကြားနာပွဲ ကို NNERပညာရေးပြုပြင်ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာ ကွန်ယက်အနေနဲ့ မတ်လ (၁၇)ရက်နေ့မှာတက်ရောက်ဖို့ရှိပါတယ်။လေးပွင့်ဆိုင်သဘောတူညီချက်တွေ ဆက်ပြီးအကောင်အထည်ဖေါ်ဖို့နဲ့ ဖမ်းဆီးခံထားရတဲ့သပိတ်မှောက်ကျောင်းသူေ ကျာင်းသားတွေအမြန်ဆုံးပြန်လွှတ်ပေးရေးပြောဆိုဖို့ အတွက် ဒီကြားနာပွဲ ကိုတက်ရောက်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ NNER ကပြောပါတယ်။ မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

အစိုးရ၊ လွှတ်တော်အပါအဝင် လေးပွင့်ဆိုင်ဆွေးနွေးသဘောတူညီချက်ရထားတဲ့ အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးမူကြမ်းနဲ့ပတ်သက်တဲ့ ကြားနာပွဲကို မတ်လ (၁၇) ရက်နေ့မှာ တက်ရောက်ဖို့ အမျိုးသားလွှတ်တော်က ထပ်မံ ဖိတ်ကြားခဲ့တဲ့အတွက် NNER အနေနဲ့တက်ရောက်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ NNER အနေနဲ့ လွှတ်တော်ကြားနာပွဲကို ဘာကြောင့်တက်ဖို့ဆုံးဖြတ်လိုက်သလဲ ဆိုတာနဲ့ပတ်သက်လို့ NNER ရဲ့ မူဝါဒ ရေးရာမှူး မသူသူမာက အခုလိုရှင်းပြပါတယ်။

“ဆုံးဖြတ်တဲ့အကြောင်းရင်းကတော့ နှစ်ခု ရှိပါတယ်။ လေးပွင့်ဆိုင်ဆွေးနွေးပွဲကနေ ထွက်လာတဲ့ သဘောတူညီချက်တွေကို ဆက်လက် အကောင်အထည်ဖော်ဖို့ အတွက် ကျမတို့ ဒီလွှတ်တော်ကြားနာပွဲကို ဆက်တက်ပြီးတော့ လေးပွင့်ဆိုင်ဆွေးနွေးပွဲ သဘောတူညီချက်တွေကို ဆက် အကောင်အထည်ဖော်ဖို့အတွက် သွားပြောဖို့အတွက် ကျမတို့ တက်ပါတယ်။ နောက်တခုကတော့ လက်ပံတန်းမှာ အကြမ်းဖက် ဖြိုခွဲလိုက်တဲ့အတွက် အကြမ်းဖက်ဖြိုခွဲတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ ကျောင်းသားတွေ ဖမ်းဆီးခံနေရတယ်။ နောက် ဒီမိုကရေစီပညာရေး လှုပ်ရှားမှုကော်မတီက ကျောင်းသားတွေလည်း အခုထိ အဖမ်းဆီးခံနေရတယ်၊ အဲဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့ ဖမ်းဆီးမှုတွေ ဖြစ်နေတာကို ပြန်ပြီးတော့လွှတ်ပေးဖို့လိုတယ်၊ ကျောင်းသားတွေ စုံစုံညီညီနဲ့ အမျိုးသားပညာရေးဥပဒေမူကြမ်းကို ပြင်ဆင်ရေးဆီကို သွားဖို့ အတွက်ကို ပေါ့နော်- ကျောင်းသားတွေကို လွှတ်ပေးဖို့လိုတယ် ဆိုတဲ့အကြောင်းကို ကျမတို့သွားပြီးပြောဖို့အတွက် လွှတ်တော်ကိုတက်ဖို့ ဆုံးဖြတ်ခဲ့တာပါ။”

မေး။ ။ အဲဒီတော့ လေးပွင့်ဆိုင်ဆွေးနွေးချက်တွေ အကောင်အထည်ဖော်ဖို့ ကိစ္စမှာ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကနေ ဗွီအိုအေနဲ့ မေးမြန်းခန်းမှာ သူပြော သွားတယ်၊ လေးပွင့်ဆိုင်ဆွေးနွေးချက် သဘောတူညီချက်တွေက ပယ်ပျက်သွားပြီပေါ့လေ၊ ဘာကြောင့်လဲဆိုတော့ ကျောင်းသားတွေ ဘက်က စပြီးတော့ ကတိတွေချိုးဖောက်လို့-တို့..ဆိုပြီးတော့ စွပ်စွဲပြောဆိုထားခဲ့တယ်ပေါ့နော်၊ ဆိုတော့ အဲဒါ တကယ်ပဲလား၊ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ပြောသလို လေးပွင့်ဆိုင် သဘောတူထားတဲ့အချက်တွေက ပျက်ပြယ်သွားပြီလားပေါ့နော်။

ဖြေ။ ။ ကျမတို့ကတော့ အဲဒါ မဟုတ်ဘူးလို့လို့ ထင်ပါတယ်။ တကယ်လို့ ဦးရဲထွဋ်ပြောတယ်ဆိုရင်တောင် ဒါ တရားဝင်ပြောခြင်း ဟုတ်မဟုတ်ဆိုတာ ကျမတို့မသေချာပါဘူး-ပေါ့နော်။ ကျမတို့ဆီကို တရားဝင် ဘာမှ လေးပွင့်ဆိုင်ဆွေးနွေးပွဲတွေ ပျက်သွားပြီဆိုတဲ့ အကြောင်းကို တရားဝင်အကြောင်းကြားတာလည်း မရှိပါဘူး။ နောက်တခုက ကျမတို့ကိုလည်း အမျိုးသားလွှတ်တော်က ကြားနာပွဲကိုလည်း ၁၇ ရက်နေ့တက်ဖို့ ဖိတ်ထားတဲ့ အတွက် လေးပွင့်ဆိုင် ဆွေးနွေးပွဲရဲ့ရလဒ်တွေကို အကောင်အထည်ဖော်ဖို့အတွက် လွှတ်တော် ကြားနာပွဲကို ဖိတ်တယ်လို့ ယူဆတယ်။ အဲဒီတော့ လေးပွင့်ဆိုင်ဆွေးနွေးပွဲပျက်သွားပြီဆိုတာ မဟုတ်ဘူးလို့ ကျမ ပြောချင်ပါတယ်။ နောက်တခုက လေးပွင့်ဆိုင်ဆွေးနွေးပွဲ ပျက်ရခြင်း အကြောင်းက ကျောင်းသားတွေဘက်က ကတိဖျက်လို့ ဖောက်ရတယ်ပေါ့နော်၊ မဟုတ်ပါဘူးရှင့်။ ကျောင်းသားတွေဘက်က ကတိဖျက်တာမဟုတ်ပါဘူး။ ဒီ လေးပွင့်ဆိုင် သဘောတူညီချက်တွေရဲ့ ကွဲလွဲချက်တွေ၊ ချိုးဖောက်မှုတွေကို အစိုးရဘက်က အကြိမ်ကြိမ်ချိုးဖောက်လို့သာ လွှတ်တော်ကြားနာပွဲ အစီအစဉ်ကို ရွှေ့ဆိုင်းတာတို့၊ နောက်ကျတာတို့ အဲဒါမျိုးတွေ ဖြစ်ခဲ့ရတာပါ။

လက်ပံတန်းမှာ ကျောင်းသားသပိတ်အကြမ်းဖက်ဖြိုခွဲပြီး ကျောင်းသားကျောင်းသူတွေကို ထိန်းသိမ်းထားပုံမြမင်ကွင်း။ (ဓာတ်ပုံ-မာတင်ဆွေ fb)
လက်ပံတန်းမှာ ကျောင်းသားသပိတ်အကြမ်းဖက်ဖြိုခွဲပြီး ကျောင်းသားကျောင်းသူတွေကို ထိန်းသိမ်းထားပုံမြမင်ကွင်း။ (ဓာတ်ပုံ-မာတင်ဆွေ fb)

လေးပွင့်ဆိုင်ထဲက ကျောင်းသားတွေရဲ့ ဒီမိုကရေစီပညာရေးလှုပ်ရှားမှု၊ ဦးဆောင်ကော်မတီမှာပါတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် ကိုယ်စားလှယ် ခြောက်ဦးလုံး ဖမ်းဆီးခံထားရတဲ့အချိန်မှာ လွှတ်တော်ရဲ့ကြားနာပွဲကို တက်ရောက်ဖို့ အစီအစဉ်မရှိဘူးလို့ ဗကသ ခေါင်းဆောင်တွေကပြော ထားတာပါ။ ဒါကြောင့် လွှတ်တော်ကြားနာပွဲတွေဆက်ပြီးကျင်းပတဲ့အခါမှာ ဗကသရဲ့ အခန်း ကဏ္ဍ ဘယ်လို ဆက်ပြီး ရှိနေမလဲဆိုတာကိုတော့ မသူသူမာက အခုလိုပြောပါတယ်။

“အဲဒါကတော့ သူတို့ ဒီမိုကရေစီပညာရေး ဦးဆောင်လှုပ်ရှားမှုကော်မတီ အနေနဲ့ ပြန်စဉ်းစားရမယ့်အပိုင်းလို့ ထင်ပါတယ်။ ဒီမိုကရေစီပညာရေး ဦးဆောင်လှုပ်ရှားမှု ကော်မတီက အမျိုးသားပညာရေးဥပဒေပြင်ဆင်ဖို့အတွက် သပိတ်မှောက်ဖို့ သူတို့ဆုံးဖြတ်ခဲ့တဲ့အတွက် အဲဒီဥစ္စာက ၁၅ ဦးကော်မတီမှာ ဆက်လက် ဆုံးဖြတ်ရမယ့်အရာ… အဲဒီတော့ ဗကသရဲ့အခန်းကဏ္ဍ နဂိုရ်ထဲက ၁၅ ဦးကော်မတီမှာ သူတို့ ပါဝင်ပတ်သက် ထားတာ ရှိတယ်။ အခု ၁၅ ဦးကော်မတီက ၆ ဦးက ဖမ်းဆီးခံထားရတယ်။ ဖမ်းဆီးခံထားရတဲ့ကာလဖြစ်တဲ့အတွက် သူတို့ ဒါကို ဘာဆက် လုပ်ရမလဲ၊ ဘယ်လိုပုံစံမျိုးနဲ့ သူတို့ရဲ့လွတ်မြောက်ရေးတွေ၊ သူတို့ နောက် လေးပွင့်ဆိုင် သဘောတူညီချက်ကို အကောင်အထည်ဖော်တဲ့ အမျိုးသားပညာရေးဥပဒေမူကြမ်း ပြင်ဆင်ရေးကို ရောက်လာဖို့အတွက် ဘယ်လို လုပ်ဆောင်ရမယ်ဆိုတာတွေကိုတော့ သူတို့ ၁၅ ဦး ကော်မတီမှာ စဉ်းစားရမယ့် အချက် လို့ ကျမထင်တယ်။ ကျမတို့ NNER ကတော့ နဂိုရ်ကတည်းက ကျမတို့ ကို လေးပွင့်ဆိုင်မှာ technical support အဖြစ် ကျမတို့ကို ဖိတ်ခေါ်ထားတဲ့အတွက် technical support ကို ကျောင်းသားတွေကိုယ်စား ကျမတို့ လုပ်ပေးဖို့ ပါဝင်လာတာဖြစ်တယ်။”

NNER အနေနဲ့ အမျိုးသားလွှတ်တော်က ကြားနားပွဲကို မတ်လ (၇) ရက်နေ့မှာ တက်ရောက်မယ့်အစီအစဉ်ကို အရင်ကရွှေ့ဆိုင်းခဲ့တာပါ။ အဲဒီအချိန်တုန်းက လက်ပံတန်းမြို့က ကျောင်းသားသပိတ်ပင်မစစ်ကြောင်းကို ပိတ်ဆို့တားဆီး ခံထားရတာကြောင့် ကျောင်းသားတွေ ဘက်က စုံစုံညီညီ တက်ရောက်နိုင်ခြင်း မရှိတဲ့အခြေအနေကို NNER က ထောက်ပြ ခဲ့ပါတယ်။ လေးပွင့်ဆိုင် သဘောတူညီထားတဲ့ အမျိုးသား ပညာရေးဥပဒေပြင်ဆင်ရေးမူကြမ်းကို လွှတ်တော်နှစ်ရပ်စလုံးက ဆွေးနွေးအတည်ပြုရမှာဖြစ်ပြီး အဲဒီနောက်သမ္မတက လက်မှတ်ရေးထိုး ပြဌာန်းရမှာဖြစ်ပါတယ်။

XS
SM
MD
LG