သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Cyber တိုက်ခိုက်မှု မြောက်ကိုရီးယားလက်ချက် မတွေ့ရ


တောင်ကိုရီးယားနိုင်ငံတဝှမ်း မနေ့တုန်းက ကွန်ပြူတာ အင်တာနက် ကွန်ရက်စနစ်တွေ တိုက်ခိုက်ခံရတဲ့ကိစ္စမှာ မြောက်ကိုရီးယားကို အပြစ်တင်ဖို့ ခိုင်မာတဲ့ အထောက်အထား မတွေ့ရဘူးလို့ တောင် ကိုရီးယား အရာရှိတွေက ပြောလိုက်ပါတယ်။

ဒါပေမဲ့လည်း မြောက်ကိုရီးယားအနေနဲ့ တောင်ကိုရီးယား နိုင်ငံကို အစဉ်တစိုက်ပဲ ဆိုက်ဘာအင်တာနက် တိုက်ခိုက်မှုတွေ လုပ်နေ တာကြောင့်၊ အခု ကြုံရတဲ့ အခြေအနေ မှာ မြောက်ကိုရီးယား ပါဝင်ပတ်သက်နိုင်ချေကို ဖယ်ထားလို့ မရနိုင်ဘူးလို့ တောင်ကိုရီး ယား ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

တောင်ကိုရီးယားနိုင်ငံ အင်တာနက် လုံခြုံရေး အေဂျင်စီကတော့ ဒီ ဆိုက်ဘာ တိုက်ခိုက်မှု မှာ နိုင်ငံပြင်ပကနေ လုပ်တယ်ဆိုတဲ့ အထောက်အထား အခိုင်အမာ မတွေ့ရသေးဘူး လို့ ပြောခဲ့ပါတယ်။

အမျိုးအမည်မသိတဲ့ ဟက်ကာသမားတွေရဲ့ ဆိုက်ဘာ တိုက်ခိုက်မှုကြောင့် တိုင်းပြည်အ ဝှမ်း အဓိကကျတဲ့ အသံလွှင့်ဌာနတွေနဲ့ ထိပ်တန်းဘဏ်တွေရဲ့ ကွန်ရက်စနစ်တွေ ထိခိုက်သွားမယ် လို့ တောင်ကိုရီးယား Yonhap သတင်းအေဂျင်စီက အစိုးရအရာရှိတွေ ပြောဆို တာကို ကိုးကားရေးသားပါတယ်။

တိုက်ခိုက်မှုဟာ ဘယ်သူ့လက်ချက်လဲ ဆိုတာကို တောင်ကိုရီးယားက စုံစမ်းစစ်ဆေးနေ ပါတယ်။ ဒါပေမဲ့လည်း အဖြေရဖို့ကတော့ ရက်ပိုင်းအထိ ကြာနိုင်တယ်လို့ တာဝန်ရှိသူတွေ က ပြောပါတယ်။

အခုရက်ပိုင်းအတွင်း ကိုရီးယားနိုင်ငံအကြား တင်းမာမှုတွေ ရှိနေတာကြောင့် ဒီဆိုက်ဘာ တိုက်ခိုက်မှုဟာ ကိစ္စကြီး ဖြစ်လာနိုင်တယ်လို့ ဝါရှင်တန်ဒီစီ အခြေစိုက်တဲ့ Altantic Council က Jason Healey က VOA ကို ပြောပါတယ်။

ဆိုက်ဘာ တိုက်ခိုက်ခံရမှုကြောင့် တောင်ကိုရီးယား နိုင်ငံမှာတော့ စစ်ဘက်ကို အသင့် အနေအထား တိုးမြှင့် တပ်လှန့်ထားပါတယ်။ အမေရိကန် ပြည်ထောင်စုနဲ့ တောင်ကို ရီးယား နိုင်ငံတို့ဟာ သူတို့ရဲ့ အင်တာနက် စာမျက်နှာတွေကို တိုက်ခိုက်မှုတွေ လုပ်ခဲ့ တယ်ဆိုပြီး တလောကတုန်းကပဲ မြောက်ကိုရီးယားဘက် စွပ်စွဲခဲ့တာရှိပါတယ်။
XS
SM
MD
LG