သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Benghazi တိုက်ခိုက်မှု ကန်စစ်တပ် တုန့်ပြန်မှုနှေးကွေး


လစ်ဗျားနိုင်ငံ Benghazi မြို့က အမေရိကန်သံရုံးမှာ ၂၀၁၂ ခုနှစ်တုန်းက အမေရိကန် ၄ ယောက် အကြမ်းဖက် တိုက်ခိုက် သတ်ဖြတ်ခံခဲ့ရတဲ့ ကိစ္စအပေါ် ရီပတ်ဘလစ်ကန်တွေ ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးမှု အင်္ဂါနေ့က ပြီးဆုံးသွားပါပြီ။

ဒီမိုကရက်တစ်ပါတီအတွက် သမ္မတလောင်းဖြစ်ဖို့ သေချာသလောက်ဖြစ်နေတဲ့ Hillary Clinton နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူထားစဉ် ၂၀၁၂ စက်တင်ဘာ ၁၁ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်လို့ အခုနောက်ဆုံး စုံစမ်းမှုထဲမှာ နိုင်ငံခြားရေးဝန်ကြီးဟောင်းအပေါ် နောက် ထပ် အပြင်တင် စွပ်စွဲထားတာမျိုး မပါဝင်ပါဘူး။

အရင်လုပ်ခဲ့တဲ့ စုံစမ်းစစ်ဆေးမှု တော်တော်များများနဲ့ ကွဲလွဲနေတာမျိုး အခုစုံစမ်းမှုမှာလည်း ဘာဆို ဘာမှ မတေ့ွရဘူးလို့ မဲဆွယ်စည်းရုံးပွဲတခုမှာ မစ္စစ် Clinton က ပြောကြားခဲ့ပါတယ်။ အဲဒီတုန်းက အကြမ်းဖက် တိုက်ခိုက် ခံရမှုဖြစ်နေစဉ် အမေရိကန်စစ်တပ်ဘက်က တုံ့ပြန်ဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့တယ်လို့ ရီပတ်ဘလစ်ကန် အများစုပါဝင်တဲ့ စုံစမ်း စစ်ဆေးရေးအဖဲ့ွက ပြောပါတယ်။

သမ္မတ Barack Obama နဲ့ အဲဒီအချိန်က ကာကွယ်ရေးဝန်ကြီး Leon Panetta တို့က အမိန့်ပေးခဲ့ပေမဲ့ Benghazi မြို့ဆီကို အမေရိကန်စစ်တပ်ကို စေလွှတ်ခြင်း မရှိခဲ့ဘူးလို့ စုံစမ်းရေးအဖွဲ့ ဥက္ကဋ္ဌ အောက်လွှတ်တော်အမတ် Trey Gowdy က စာမျက်နှာ ၈၀၀ ပါ စုံစမ်းမှု အစီရင်ခံထုတ်ပြန်စဉ်မှာ ပြောကြားခဲ့ပါတယ်။

“အဲဒီည ၇ နာရီက ကာကွယ်ရေးဝန်ကြီးက အမိန့်ပေးခဲ့ပေမဲ့ အမေရိကန်တပ်ကို Benghazi ကို လုံးဝ စေလွှတ်ခြင်း မရှိခဲ့ပါဘူး။ အချိန်နဲ့တပြေးညီ ဘာဖြစ်နေတယ်ဆိုတာကို အမေရိကန်အစိုးရက သိခဲ့ပေမဲ့ ဒီတိုက်ခိုက်မှုတွေ လျော့ကျသွားတယ်လို့ သူတို့ဘက်က ထင်တယ်လို့ စုံစမ်းရေးအဖွဲ့ ဥက္ကဋ္ဌက ပြောကြားခဲ့တာပါ။”

၂ နှစ်ကြာ ဒေါ်လာ ၇ သန်းကုန်ကျတဲ့ စုံစမ်းမှုတွေလုပ်ပြီး ဒီအစီရင်ခံစာကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ လစ်ဗျားမှာ ဘာဖြစ်နေတယ် ဆိုတာနဲ့ ပတ်သက်တဲ့ ထောက်လှမ်းရေး သတင်းအချက်အလက်တွေကို စစ်တပ်က မရခဲ့သလို တုံ့ပြန်ဆောင်ရွက်နိုင်ဖို့ အရင်းအမြစ်လည်း မရှိခဲ့ဘူးလို့ စစ်တပ်အကြီးအကဲတွေက အထပ်ထပ် ပြောကြားခဲ့ကြပါတယ်။

Benghazi မြို့က သံရုံးတိုက်ခိုက်ခံရတာကို သင်ခန်းစာယူပြီး တုံ့ပြန်ဆောင်ရွက်မှု ပိုင်းမှာ ခိုင်မာတဲ့ တိုးတက်မှုတွေရှိအောင် အပြောင်းအလဲတွေ လုပ်ခဲ့တယ်လို့ ကာကွယ်ဝန်ကြီးဌာနက အစီရင်ခံစာ ထွက်လာအပြီးမှာ ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG