သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား ဓာတုလက်နက်အသုံးပြုမှု သက်သေ ကုလ မတွေ့


ဆီးရီးယား ပြည်တွင်းစစ်အတွင်းမှာ အစိုးရဘက်ကရော သူပုန်ဘက်ကပါ ဓာတုလက်နက် အသုံးပြုတယ်ဆိုတဲ့ အထောက်အထား ခိုင်ခိုင်လုံလုံ မတွေ့ရဘူးဆိုပြီး ဆီးရီးယားနိုင်ငံတွင်း စစ်ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးနေတဲ့ ကုလသမဂ္ဂ ကော်မရှင်က ပြောပါတယ်။

ဒါပေမဲ့ ခုံအဖွဲ့ဝင်တဦးကတော့ သူပုန်တွေဘက်က Sarin ဓာတ်ငွေ့ အသုံးပြုတယ် ဆိုပြီး သင်္ကာမကင်း ဖြစ်စရာအခြေအနေ ခိုင်ခိုင်မာမာ တွေ့ရတယ်ဆိုပြီး ကော်မရှင် အဖွဲ့ဝင်တဦးက ပြောဆိုတာတော့ ရှိခဲ့ပါတယ်။

ဆီးရီးယား ပဋိပက္ခအတွင်း ဘက်တခုခုက ဓာတုလက်နက် အသုံးပြုတယ်ဆိုတဲ့ တွေ့ ရှိချက်မျိုး ဆုံးဖြတ်နိုင်ခြင်း မရှိဘူးလို့ ဆီးရီးယားအရေး လွတ်လပ်တဲ့ နိုင်ငံတကာ စုံစမ်းရေး ကော်မရှင်အနေနဲ့ ရှင်းရှင်းလင်းလင်း ပြောလိုတယ်လို့ တနင်္လာနေ့မှာ ထုတ်ပြန်သွားတာပါ။

ဒီ့မတိုင်ခင်ကတော့ ကော်မရှင်အဖွဲ့ဝင်တဦးလည်းဖြစ်၊ စစ်ရာဇဝတ်မှုဆိုင်ရာ တရားရုံးရှေ့နေဟောင်းလည်းဖြစ်တဲ့ ကာလာ ဒဲလ် ပွန်တီ (Carla Del Ponte) က Swiss ရုပ်သံတခုနဲ့ မေးမြန်းခန်းမှာ ဆီးရီးယားသမ္မတ ဘက်ရှာ အယ်လ် အာဆပ် (Bashar al-Assad) ကို ဆန့်ကျင်တဲ့ ဆီးရီးယားသူပုန်တွေဟာ Sarin ဓာတ်ငွေ့ကို အသုံးပြု တိုက်ခိုက်တာတွေ လုပ်ခဲ့တယ်ဆိုပြီး ပြောသွားခဲ့ပါတယ်။

ဒါဟာ နစ်နာခံစားရသူတွေ ဆရာဝန်တွေနဲ့ ဆီးရီးယားအိမ်နီးချင်းက ဆေးရုံတွေမှာ ရတဲ့ အထောက်အထားတွေအပေါ်ကနေ မှတ်ချက်ပေးတာ ဖြစ်တယ်လို့ မစ် ဒဲလ် ပွန်တီ (Del Ponte) က ပြောပါတယ်။ စုံစမ်းစစ်ဆေးမှုတွေဟာ မပြီးပြတ်သေးတာမို့ စုံစမ်းစစ်ဆေးရေးမှူးတွေအနေနဲ့ တိကျတဲ့အခြေအနေ အထောက်အထားတရပ် မပြနိုင်သေးဘူးလို့လည်း ပြောသွားပါတယ်။ အခုလို ဓာတုလက်နက် အသုံးပြုဖွယ်ရှိတယ်ဆိုတဲ့ကိစ္စ အသေးစိတ်ကိုတော့ မပြောသွားပါဘူး။
XS
SM
MD
LG