သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းသား အဆင့်မြင့် ညှိနှိုင်းရေးအဖွဲ့ ဖျက်သိမ်း


တိုင်းရင်းသားခေါင်းဆောင်များ။
တိုင်းရင်းသားခေါင်းဆောင်များ။

တိုင်းရင်းသားလက်နက်ကိုင်တို့ ကိုယ်စား မြန်မာ အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး ဦးဆောင် ဆွေးနွေးနေတဲ့ တိုင်းရင်းသား အဆင့်မြင့် ညှိနှိုင်းရေး အဖွဲ့ကို ဖျက်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး NCA စာချုပ်မှာ ပါဝင် လက်မှတ်ရေးထိုးမယ့် အဖွဲ့တွေနဲ့ လက်မှတ် မရေးထိုးမယ့် အဖွဲ့တွေ ကွဲကွဲပြားပြား ဆုံးဖြတ်နိုင်ခဲ့တာကြောင့် အစိုးရနဲ့ တိုင်းရင်းသား အဆင့်မြင့် ညှိနှိုင်းရေး အဖွဲ့ SD တို့ကြား ဆက်ပြီး ညှိနှိုင်းစရာ မရှိတော့လို့ အခုလို ဖျက်သိမ်းလိုက်တာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြုလုပ်နေတဲ့ တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်တွေရဲ့ အစည်းအဝေးမှာ သဘောကွဲလွဲမှု ရှိခဲ့ပြီး နောက်ဆုံးနေ့မှာ အခုလို SD အဖွဲ့ကို ဖျက်သိမ်းလိုက်တာပါ။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တို့ရဲ့ ထိပ်သီးညီလာခံမှာ ဘာတွေ ဆွေးနွေးဆုံးဖြတ်ခဲ့ကြလဲ ဆိုတာကိုတော့ ထိပ်သီးဆွေးနွေးပွဲ တက်ရောက်နေတဲ့ DKBA ရဲ့ စစ်ရေးချုပ်ရုံး ဒုတိယ ဦးစီးမှူး ဗိုလ်မှူး စောစိန်ဝင်းကို မသိင်္ဂ ီထိုက် ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ ဗိုလ်မှူးတို့ ဒီ SD အဖွဲ့ကို ဖျက်သိမ်းလိုက်တယ်ဆိုတာ ဟုတ်ပါသလား။

ဖြေ။ ။ အဲဒီလို ဖျက်သိမ်းတဲ့ ပုံစံမျိုးတော့ မဟုတ်ဘူး။ အဲဒီမှာNCA (တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက်) ရဲ့ ဆွေးနွေးချက်တွေရောက်ရှိတဲ့အတွက် သူ့ရဲ့ တာဝန်ပေးထားတဲ့ဟာ ကုန်ဆုံးသွားတယ်ဆိုတဲ့ သဘောမျိုး ဖြစ်ပါတယ်။
မေး။ ။ အဲဒီတော့ SD အဖွဲ့က ဆက်မရှိတော့ဘူးပေါ့နော်။

ဖြေ။ ။လက်ရှိမှာတော့ SD က မရှိတော့တဲ့သဘောမျိုး ဖြစ်သွားတာပေါ့နော်။ သူတာဝန် ပြီးဆုံးသွားတယ်ဆိုတဲ့ သဘောဖြစ်တာပေါ့နော်။

မေး။ ။အဲဒီတော့ ဗိုလ်မှူးတို့ ထိုးမယ့်အဖွဲ့က သေချာပေါက် ဘယ်နှစ်ဖွဲ့ဖြစ်သွားပါသလဲရှင့်။

ဖြေ။ ။လက်ရှိအခြေအနေမှာ အဲဒီအစည်းအဝေးမှာ ကျနော်တို့၇ ဖွဲ့ ဖြစ်ပါတယ် ခင်ဗျာ။

မေး။ ။အဲဒီတော့ ကျန်တဲ့အဖွဲ့တွေအနေနဲ့ရော အပစ်အခတ် ရပ်စဲရေးကို ဘယ်လို ဆက်ဆွေးနွေးမယ်လို့ သူတို့ သဘောထားရှိကြပါသလဲ။

ဖြေ။ ။လက်ရှိကျတော့ တချို့ကလည်း အပစ်ခတ်ရပ်စဲရေးကို ယူထားတဲ့အဖွဲ့ကလည်း ယူထားတာရှိတယ်။ အဲဒီဟာကိုပဲ လက်ရှိ ဆက်ထိန်းသိမ်းပြီးတော့ NCA ကို တက်နိုင်အောင် သူတို့ သွားမယ်လို့တော့ ယူဆပါတယ်။

မေး။ ။ အခုလက်ရှိ ဗိုလ်မှူးတို့ ဒီထိပ်သီးတွေ ဆွေးနွေးပွဲမှာ ဘယ်ကိစ္စ၊ ဘယ်အကြောင်းအရာများ အကြိတ်အနယ် ဖြစ်နေကြပါသလဲရှင့်။

ဖြေ။ ။အကြောင်းအရာကိစ္စရယ် ဘယ်လိုပြောမလဲ ၊ အဓိက ကတော့ သွားရေးမသွားရေး။ အဲဒီမှာတော့ ဆွေးနွေးကြပြီးတော့ အဲဒီသွားမယ့်အဖွဲ့နဲ့ လက်ရှိကျန်နေမယ့်အဖွဲ့တွေကို ဘယ်လို ချိတ်ဆက်ရမလဲ ဆိုတဲ့ဟာကိုပဲ ဆွေးနွေးကြတာပါ။

မေး။ ။ ဗိုလ်မှူးတို့ ဘယ်နေ့လောက် လက်မှတ်ထိုးဖြစ်ကြမလဲ အစိုးရနဲ့။

ဖြေ။ ။ အဲဒီ လက်မှတ်ထိုးမယ့် ရက်ကတော့ တရားဝင် မထုတ်ပြန်သေးဘူး ခင်ဗျ။ ကျနော်တို့က ၃ ရက်နေ့မှာ ရန်ကုန်မှာ ဆုံပြီးတော့မှ လက်မှတ်ထိုးမယ့် ရက်ကို ညှိနှိုင်း ပြီးတော့မှ ထုတ်ပြန်မယ်လို့ ပြောပါတယ်။

မေး။ ။လက်မှတ်မထိုးနိုင်တဲ့ အဖွဲ့တွေရဲ့ အခက်အခဲက အဓိက ဘာများ သူတို့က လက်မခံနိုင် ဖြစ်နေကြပါသလဲ ဗိုလ်မှူး။

ဖြေ။ ။ ကျနော် အကြမ်းဖျင်း သိသလောက်ကတော့ အစိုးရက ထိုးဖို့မလိုဘူးဆိုတဲ့ အဖွဲ့တွေကို ပါလာအောင် စောင့်ဆိုင်းတယ်ဆိုတဲ့ သဘောမျိုး သက်ရောက်ပါတယ်။

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် NCA အချောသတ် မူကြမ်း ထွက်ပေါ်လာရေး နှစ်နဲ့ချီ ဆွေးနွေးခဲ့ကြတဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ ၁၇ ဖွဲ့တို့က အားလုံးပါဝင် လက်မှတ်ရေးထိုးလိုကြပေမယ့် မြန်မာ အစိုးရဘက်က တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ တချို့ကို ပါဝင် လက်မှတ်ရေးထိုးခွင့် မပေးနိုင် ဖြစ်နေတာပါ။ချင်းမိုင်မြို့က တိုင်းရင်းသား ထိပ်သီးတွေရဲ့ ညီလာခံမှာလည်း အပစ်အခတ် ရပ်စဲဖို့ သဘောတူတဲ့ အဖွဲ့တွေနဲ့ သဘောမတူကြတဲ့ အဖွဲ့တွေကြား ရှေ့ဆက်သွားမယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး အကြိတ်အနယ် ဆွေးနွေးခဲ့ကြရတာ ဖြစ်ပါတယ်။ အခုလို တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ အားလုံး ပါဝင်လက်မှတ်ရေးထိုးနိုင်ခြင်း မရှိတော့တာကြောင့်လည်း အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တို့ကြား နှစ်နဲ့ချီဆွေးနွေးခဲ့တဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် NCA တရပ် ပေါ်ပေါက်လာဖို့ ခက်ခဲသွားတာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG