သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကွမ်းတံတွေး စနစ်တကျ ထွေးရေး လှုပ်ရှားမှု မန္တလေးမှာ စတင်


One to One ပြည်သူ့ ကူညီရေးအဖွဲ့မှ မန္တလေးမြို့၊ မီးပွိုင့်များတွင် ကွမ်းစားသူများကို ကွမ်းထွေးရန်ဘူးများ ဝေငှပေးနေစဉ်။ ဓါတ်ပုံ - One to One ပြည်သူ့ ကူညီရေးအဖွဲ့
One to One ပြည်သူ့ ကူညီရေးအဖွဲ့မှ မန္တလေးမြို့၊ မီးပွိုင့်များတွင် ကွမ်းစားသူများကို ကွမ်းထွေးရန်ဘူးများ ဝေငှပေးနေစဉ်။ ဓါတ်ပုံ - One to One ပြည်သူ့ ကူညီရေးအဖွဲ့

ကွမ်းစားသူတွေ စနစ်တကျ ကွမ်းတံတွေး စွန့်ပစ်နိုင်ဖို့ အတွက် ပလပ်စတစ်ဘူးတွေ ဖြန့်ဝေတဲ့ လှုပ်ရှားမှုတွေကို မန္တလေးနဲ့ ရန်ကုန်တို့လို မြို့ကြီးတွေမှာ ပရဟိတ အဖွဲ့တချို့က စတင်လှုပ်ရှားဆောင်ရွက်လာပါတယ်။ ကွမ်းစားတဲ့ အလေ့အကျင့်ကြောင့် ကျန်းမာရေး ထိခိုက်မှုအပြင် ပတ်ဝန်းကျင် ညစ်ညမ်းမှုတွေကိုပါ ဖြစ်စေတာကြောင့် ကွမ်းစားသုံးမှုလျော့ကျရေး လုပ်ဆောင်ကြဖို့ ပြည်နယ်နဲ့ တိုင်း အစိုးရတွေကို ဗဟိုအစိုးရက ညွှန်ကြားချက်လည်း မကြာသေးခင်က ထွက်ပေါ်လာခဲ့တာပါ။ ကွမ်းတံထွေး စနစ်တကျ စွန့်ပစ်ဖို့ လှုပ်ရှားမှုတွေမှာတော့ လူထု လက်ခံမှု အတိုင်းအတာ တခုအထိ ရှိပေမယ့် အချိန်ယူ ပြုပြင် ပြောင်းလဲရမှာ ဖြစ်တယ်လို့လည်း ပရဟိတ အဖွဲ့တချို့က ပြောပါတယ်။ မသိင်္ဂ ီထိုက် ပြောပြပေးမှာပါ။

ဟုတ်ကဲ့ပါ။

မန္တလေးမြို့မှာတော့ ကွမ်းစားသူတွေ ကွမ်းတံတွေး စနစ်တကျ စွန့်ပစ်နိုင်စေဖို့ အတွက် ကွမ်းတံတွေးထွေးဖို့ ဗူးလေးတွေကို One to One လူမှု ကူညီရေး အဖွဲ့က လမ်းမတွေပေါ်မှာ လိုက်လံဝေငှခဲ့ကြပါတယ်။ ကွမ်းတံတွေးကို တွေ့ရာနေရာမှာ ထွေးထုတ်ခဲ့ကြတာ အရိုးစွဲနေကြပေမယ့်လည်း စနစ်တကျ စွန့်ပစ်ရေး လှုပ်ရှားမှုမှာ လူထုရဲ့ ပူးပေါင်းပါဝင်မှုက အားရစရာ ကောင်းတယ်လို့ One to One အဖွဲ့က ကိုဝမ်းက ပြောပါတယ်။

“လှုပ်ရှားမှုကတော့ မနေ့က ကျွန်တော်တို့ စတာလေ။ နေရာတွေမှာ ကွမ်းတံတွေး ထွေးဖို့ ကော်ဘူးလေးတွေကို မီးပွိုင့်တွေမှာ ကွမ်းစားတဲ့ သူတွေကို လိုက်ဝေပေးပါတယ်။ နောက်ဆိုင်မှာ လာဝယ်တဲ့ ကွမ်းယာစားတဲ့ သူတွေကို လိုက်ဝေပါတယ်။ သူတို့က လိုလိုချင်ချင်ပဲ ယူပါတယ်။ ဘာလို့လဲ ဆိုတော့ သူတို့တွေကလဲ ကျွန်တော်တို့ မေးကြည့်တော့ ကွမ်းကိုလဲ စည်းကမ်းမဲ့တော့ ထွေးတာပေါ့။ သူတို့လည်း မထွေးချင်ဘူးပေါ့နော်။ ဒါပေမယ့်လည်း ကွမ်းထွေးဖို့ ခွက်တွေ ပုန်းတွေကလဲ လမ်းမှာ မရှိတာပေါ့နော်။ နောက် အကျင့်ဖြစ်နေတာရယ် အဲလိုနဲ့ သူတို့လည်း ထွေးဖြစ်နေတာပါ။”

မန္တလေးမှာ ကွမ်းယာစားပြီး ကွမ်းတံတွေး စနစ်တကျ မစွန့်ပစ်တာကြောင့် မြို့က ညစ်ပတ်နေတဲ့ အခြေအနေကိုလည်း ကိုဝမ်းက အခုလို ပြောပါတယ်။

“မန္တလေးမှာတော့ အဓိကက ကျွန်တော်တို့က ဆိုင်ကယ်စီးတဲ့ သူကများတော့၊ မီးပွိုင့်တွေမှာ ရပ်တဲ့အခါ ရပ်မျဉ်းတွေမှာ ထွေးကြတာပေါ့လေ။ ကားသမားတွေကော ဆိုင်ကယ်သမားတွေကော၊ ကားမီးပွိုင့်မှာရပ်တဲ့အခါကျတော့လည်း ရပ်မျဉ်းနေရာမှာ ထွေးကြတာပေါ့။ အချို့ ကာကွန်းတွေတောင် ဆွဲကြသေးတယ်။ ရပ်မျဉ်းပျောက်နေပြီ။ ရပ်မျဉ်းက မှိန်နေပြီ။ ကွမ်းတံတွေးတွေနဲ့ ပြည့်နေတဲ့ နေရာ ကြည့်လိုက်ရင် ဒါရပ်မျဉ်းပဲဆိုပြီး အဲလိုပေါ့။ ဟာသ လုပ်ကြတာပေါ့လေ။ ”

ရန်ကုန်မြို့မှာလည်း အလားတူ လှုပ်ရှားမှုကို စမ်းသပ်လုပ်ဆောင်ခဲ့ဖူးပါတယ်။ ရန်ကုန်မြို့မှာ ကွမ်းတံထွေး စနစ်တကျ စွန့်ပစ်နိုင်ရေး လှုံ့ဆော် လှုပ်ရှားမှုမှာလည်း လူထုရဲ့ ပူးပေါင်းပါဝင်မှုက အားရစရာကောင်းတဲ့ အခြေအနေမဟုတ်ပေမယ့် လိုလားတဲ့ အနေအထားရှိပါတယ်လို့ Care Teen အဖွဲ့က ကိုထူးအောင်လင်းက ပြောပါတယ်။

“ ဟုတ်ကဲ့ တော်တော်များများက လမ်းပေါ်ထွေးတာကို အကျင့်ပါနေပါတယ်။ ကားသမားဖြစ်ဖြစ်၊ ဆိုက်ကား သမားဖြစ်ဖြစ် ဘယ်လိုပဲ ဖြစ်ဖြစ် လမ်းပေါ်ထွေးတဲ့ အကျင့်ပါနေတော့။ အချို့ ကားသမားတွေ ဥပမာ တက္ကဆီ သမားတွေကတော့ လိုလိုချင်ချင်နဲ့ ပေါ့။ ကွမ်းစားတဲ့သူတွေကို သေချာရှာကြည့်တယ်။ လိုချင်တဲ့သူက များတယ်။ ဘတ်စကားမောင်းတဲ့ ဒရိုင်ဘာတွေ၊ နောက် စပယ်ယာတွေပေါ့နော်။ သူတို့က လမ်းပေါ်ထွေးတာ အကျင့်ပါနေကြတယ်။ ဒီ ဘူးကို ကိုင်ထားရတာကိုက အလုပ်ရှုပ်တယ်လို့ထင်ကြတယ်၊။ အချို့ကလည်း ငြင်းတာမျိုး ရှိတယ်။ တချို့က ယူတာမျိုးလည်း ရှိတယ်။ လုံးလုံးလျားလျားကြီး လက်ခံတာမျိုး၊ အရမ်းကြီးအောင်မြင်သွားတာမျိုးတော့ မရှိသေးဘူး။”

ရန်ကုန်မြို့က ကွမ်းစားသူ အများစုရဲ့ ကွမ်းတံတွေး စနစ်တကျ မစွန့်ပစ်မှုကြောင့် ခရီးသည်တင် ကားတွေသာမက တိုက်တွေ လမ်းမတွေပေါ်မှာ ရုပ်ပျက်ဆင်းပျက် ဖြစ်လှတယ်လို့လည်း ကိုထူးအောင်လင်းက ပြောပါတယ်။

“ အခုတွေ့ရတာတော့ ဆိုးတာပေါ့။ တော်တော်ဆိုးတာ များတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဘတ်စ် ကားပေါ်မှာလည်း တွေ့ရတယ်။ လမ်းတွေပေါ်မှာလည်း တွေ့ရတယ်။ နောက်ပိုင်းမှာ အမှိုက်ပစ်တဲ့ ပုံးထဲကို ထွေးတာလည်း များတယ်။ အဓိကက လမ်းတွေ ညစ်ပတ်တယ်ပေါ့။ အခြေအနေက တော်တော်လေးတော့ ဆိုးနေတယ်လို့ ထင်တယ် ခင်ဗျ။”

ရန်ကုန်မြို့မှာ ကွမ်းတံတွေး စနစ်တကျ စွန့်ပစ်ရေး လှုပ်ရှားမှုတွေ ဆက်ပြီး ဖော်ဆောင်ဖို့လည်း စီစဉ်နေတယ်လို့ ကိုထူးအောင်လင်းက ပြောပါတယ်။ တချိန်တည်းမှာဘဲ ကျန်းမာရေး အရရော မြို့တော် သန့်ရှင်းသပ်ရပ်မှုပိုင်းကိုပါ ထိခိုက်တဲ့ ကွမ်းစားသုံးမှု အလေ့အထ လျော့ကျလာစေရေး ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရတွေ အနေနဲ့ စီစဉ် လုပ်ဆောင်ကြဖို့ ဒီလပိုင်း အတွင်းမှာဘဲ ပြည်ထောင်စု အစိုးရ အဖွဲ့ကလည်း ညွန်ကြားထားတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG