သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗီယက်နမ်ကမ်းလွန်ပိုင်း လောင်စာဆီကွက် ပျောက်ဆုံးလေယာဉ်နဲ့ မပတ်သက်


ကယ်ဆယ်ရေးအရာရှိတွေနဲ့ သတင်းထောက်တွေ ဗီယက်နပ်လေတပ်က ရှာဖွေရေးယာဉ်ရှေ့မှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းမှာ လိုက်ပါဖို့ စုစည်းနေစဉ်။
ကယ်ဆယ်ရေးအရာရှိတွေနဲ့ သတင်းထောက်တွေ ဗီယက်နပ်လေတပ်က ရှာဖွေရေးယာဉ်ရှေ့မှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းမှာ လိုက်ပါဖို့ စုစည်းနေစဉ်။
မလေးရှားလေကြောင်းပိုင် ခရီးသည်တင်လေယာဉ်တစီး ဘာ့ကြောင့်မှန်းမသိ ရုတ်တရက်ကွယ်ပျောက်သွားတဲ့ကိစ္စက ပိုပြီး စဉ်းစားရကြပ်လာပြီး ဗီယက်နမ်ကမ်းရိုးတန်းမှာတွေ့ရတယ်ဆိုတဲ့ ရေပြင်ပေါ်ကလောင်စာဆီတွေက ပျောက်ဆုံးသွားတဲ့လေယာဉ်နဲ့ မသက်ဆိုင်ဘူးလို့ ဒီကိစ္စကို ဖော်ထုတ်စုံစမ်းနေသူတွေက ကောက်ချက်ချလိုက်ပါတယ်။

ထိုင်းပင်လယ်ကွေ့ရေပြင်မှာ တွေ့ရတဲ့ဆီတွေကို ဓာတ်ခွဲခန်းမှာ စမ်းသပ်ကြည့်တော့ ဒီဆီတွေဟာ သင်္ဘောတွေမှာအသုံးပြုတဲ့ လောင်စာဆီမျိုး ဖြစ်တယ်လို့ Kuala Lumpur က အရာရှိတွေကပြောပါတယ်။ လေယာဉ်ဟာ လိုက်ပါသူ ၂၃၉ ဦးနဲ့ ဝေဟင်က ပျောက်သွားခဲ့တာ (၃) ရက်လောက် ရှိလာပေမယ့် ဒီလေယာဉ်ရဲ့ အရိပ်အယောင်တောင် ရှာလို့မတွေ့သေးဘူးလို့ မလေးရှား အရာရှိတွေကပဲ ဆိုပါတယ်။

ဗီယက်နမ်တောင်ပိုင်းရေပြင်မှာ အပျက်အစီးအပိုင်းအစတွေ တွေ့ရတယ်ဆိုတဲ့ ပြောဆိုမှုတွေရှိပေမယ့် ပျောက်သွားတဲ့ Boeing 777 လေယာဉ်က အပိုင်းအစတွေကို ရှာဖွေရေးသမားတွေ မတွေ့ဘူးလို့ ဖော်ထုတ်စုံစမ်းသူတွေက ပြောပါတယ်။ လေယာဉ်အမှတ် MH370 ဟာ မလေးရှား နိုင်ငံ Kuala Lumpur မြို့တော်ကနေ တရုတ်နိုင်ငံ ပီကင်းမြို့တော်ကို ဦးတည်ပျံတက်သွားပြီး တနာရီလောက်အကြာ စနေနေ့မနက်အစောကြီးမှာပဲ ရေဒါကနေ ပျောက်သွားခဲ့တာပါ။

ဒီလေယာဉ်ဘယ်လိုဖြစ်သွားတာလဲဆိုတာ ဖော်ထုတ်နိုင်ဖို့ လုံးဝမနီးစပ်သေးဘူးလို့ အရာရှိတွေကပြောပြီး လေယာဉ် ပြန်ပေးဆွဲတာရော လေထဲမှာ ဆိုးရွားတဲ့ထိခိုက်မှုဖြစ်သွားတာရော တခုမှမဟုတ်ပါဘူးလို့လည်း မငြင်းသေးပါဘူး။

လေယာဉ်ခရီးသည်တွေထဲမှာ ၃ ပုံ ၂ ပုံက တရုတ်နိုင်ငံသားတွေဖြစ်ပြီး တခြား အာရှနိုင်ငံသားတွေနဲ့ ဥရောပနဲ့ မြောက်အမေရိကားက ခရီးသည်တွေလည်း ပါဝင်ပါတယ်။ နိုင်ငံပေါင်း ၈ နိုင်ငံကလေယာဉ်တွေ၊ သင်္ဘောတွေအများကြီးနဲ့ ကယ်ဆယ်ရှာဖွေရေးတွေ လုပ်ဆောင်နေကြသလို ခိုးရာပါ နိုင်ငံကူးလက်မှတ်တွေနဲ့ လေယာဉ်ပေါ်လိုက်ပါသွားတဲ့ ခရီးသည် ၂ ဦးနဲ့ပတ်သက်ပြီးလည်း စုံစမ်းနေပါတယ်။
XS
SM
MD
LG