သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IS နှိမ်နှင်းရေး ဆီးရီးယားကို ကန်တပ် စေလွှတ်ဖို့ အိုဘားမား ငြင်းဆို


အမေရိကန် သမ္မတ Barack Obama G-20 ထိပ်သီးဆွေးနွေးပွဲ၊ (နိုဝင်ဘာ ၁၆၊ ၂၀၁၅)
အမေရိကန် သမ္မတ Barack Obama G-20 ထိပ်သီးဆွေးနွေးပွဲ၊ (နိုဝင်ဘာ ၁၆၊ ၂၀၁၅)

IS အစ္စလာမ်မစ် စစ်သွေးကြွတွေကို တိုက်ခိုက်ဖို့ ခြေလျင် တပ်ဖွဲ့တွေ စေလွှတ် လိုက်ရင် မှားယွင်းတဲ့ လုပ်ရပ်ဖြစ်မယ်လို့ အမေရိကန်သမ္မတ Barack Obama က ပြောကြားလိုက်ပါတယ်။ ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ် သွားပြီးခဲ့တဲ့နောက် အမေရိကန် ပြည်ထောင်စုအနေနဲ့ ပိုမို ပြင်းထန်တဲ့ မူဝါဒတွေ ချမှတ်ဆောင်ရွက်ဖို့ ပြည်တွင်းရော ပြည်ပကပါ ဖိအားပေး တောင်းဆိုနေတာတွေကို ခုခံ ကာကွယ် ပြောကြား လိုက်တာ ဖြစ်ပါတယ်။

တူရကီနိုင်ငံအတွင်းက မြေထဲပင်လယ် အပန်းဖြေမြို့မှာ ၂ ရက်ကြာ ကျင်းပတဲ့ G20 ထိပ်သီး စည်းဝေးပွဲ နောက်ဆုံးနေ့မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ အတွင်း ပြောကြားတာမှာ - IS အကြမ်းဖက်အုပ်စုဟာ မကောင်းဆိုးရွား ကို ကိုယ်စားပြုသူတွေ ဖြစ်ကြောင်း၊ သူတို့အပေါ် ပြုလုပ်နေတဲ့ တိုက်ခိုက်မှုတွေကို အရှိန်မြင့် ဆောင်ရွက်သွားမှာဖြစ်ပြီး ဗြူဟာပြောင်း လုပ်ဆောင်မှာ မဟုတ်ကြောင်း သမ္မတ အိုဘားမားက ပြောပါတယ်။

ပဲရစ်မြို့မှာ ဖြစ်သွားခဲ့တဲ့ တိုက်ခိုက်မှုဟာ IS အပေါ် ပြုလုပ်နေတဲ့ ထိုးစစ်ဆင်မှုတွေ အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်ပေမယ့် ကြီးမားတဲ့ အမေရိကန် ခြေလျင် တပ်ဖွဲ့တွေ စေလွတ် တိုက်ခိုက်မှာ မဟုတ်ဘူးလို့ သမ္မတ အိုဘားမားက ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ကမ္ဘာ့အကောင်းဆုံး စစ်တပ်နဲ့ စစ်ဖက်ဆိုင်ရာ ဦးနှောက်တွေ ရှိကြောင်း၊ အဲဒီ ထူးချွန်တဲ့ စစ်ခေါင်းဆောင်တွေနဲ့ နှစ်ပေါင်းများစွာ အကြိမ်ကြိမ် တွေ့ဆုံခဲ့ပြီး လုပ်ဆောင်နိုင်တဲ့ နည်းလမ်းပေါင်းများစွာကို ဆွေးနွေး တိုင်ပင်ခဲ့ပြီး ဖြစ်ကြောင်း၊ ခြေလျင် တပ်ဖွဲ့တွေ စေလွတ်တာဟာ မှားယွင်းမှုဖြစ်တယ် ဆိုတာ သူတယောက်ထဲရဲ့ အဆုံးအဖြတ်၊ သဘောထားမဟုတ်ပဲ စစ်ဖက်နဲ့ အရပ်ဖက်ဆိုင်ရာ အကြံပေးပုဂ္ဂိုလ် အားလုံးရဲ့ အမြင်သဘောထားဖြစ်ကြောင်း သမ္မတ အိုဘားမားက ပြောပါတယ်။

XS
SM
MD
LG