သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသမီး နိုဘဲလ်ဆုရှင် ၃ ဦးကို အိုဘားမား ချီးကျူးဂုဏ်ပြု


အမျိုးသမီး နိုဘဲလ်ဆုရှင် ၃ ဦးကို အိုဘားမား ချီးကျူးဂုဏ်ပြု

၂၀၁၁ ခုနှစ်အတွက် ငြိမ်းချမ်းရေး နိုဘဲလ်ဆုကို အမျိုးသမီး ၃ ဦးကို ပူးတွဲ ပေးအပ်ချီးမြှင့်ခဲ့တဲ့အတွက် ဒီနှစ်ဆုဟာ အမျိုးသမီးတွေရဲ့ စွမ်းဆောင်နိုင်မှုကို သက်သေထူရာ ရောက်တယ်လို့ အမေရိကန်သမ္မတ ဘရက် အိုဘားမား (Barack Obama) က ပြောပါတယ်။

ဒီနှစ်အတွက် လိုင်ဘေးရီးယား သမ္မတ အလန် ဂျွန်ဆင် စီယာလိဖ် (Ellen Johnson Sirleaf) လိုင်ဘေးရီးယားနိုင်ငံက ငြိမ်းချမ်းရေး လှုပ်ရှားနေသူ တစ်ဦးဖြစ်တဲ့ လေမာဘော်ဝီ (Leymah Gbowee) နဲ့ ယီမင် အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူ တာဝါကူလ် ကာမန် (Tawakkul Karman) တို့ကို ငြိမ်းချမ်းရေး နိုဘဲလ်ဆု ပေးအပ်ကြောင်း သောကြာနေ့က နော်ဝေး ဆုရွေးချယ်ရေး ကော်မတီက ကြေညာခဲ့တာပါ။

ဒီနိုဘဲလ်ဆုရှင် ၃ ဦးရဲ့ စိတ်ဓါတ်နဲ့ ဇွဲလုံ့လကို ချီးကျူး အားကျမိတယ်လို့ ၂၀၀၉ ခုနှစ် ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင် အမေရိကန် သမ္မတ ဘရက် အိုဘားမားက ပြောပါတယ်။

‘‘ကမ္ဘာအနှံ့ အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင် ဆောင်ရွက်ပေးမယ်ဆိုရင် လူတိုင်းလူတိုင်း ပိုမိုကောင်းမွန်တဲ့ ဘ၀တွေကို ပိုင်ဆိုင်လာမှာပါ။ အမျိုးသမီးတွေရဲ့ ပါဝင် ပတ်သက်မှုကို တန်ဖိုးထားတဲ့ တိုင်းပြည်တွေ၊ ယဉ်ကျေးမှုတွေဟာ အမျိုးသမီးတွေကို အရေးမပေးတဲ့ တိုင်းပြည်တွေထက် မလွဲမသွေကို ပိုမိုအောင်မြင်မှုတွေ ရရှိပါတယ်။”

နိုဘဲလ်ဆု ရွေးချယ်ရေး ကော်မတီဥက္ကဌ သော်ဘဂျိုအန် ဂျက်လန်း (Thorbjoern Jagland) ကလည်း ဆုရှင် ၃ ဦးရဲ့ စွမ်းဆောင်မှုတွေကို ချီးကျူးခဲ့ပြီး အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ တန်းတူအခွင့်အရေး မရသ၍ ကမ္ဘာကြီးမှာ ရေရှည် ငြိမ်းချမ်းမှုကို ရနိုင်မှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

အခုလို အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူ ၃ ဦးကို နိုဘဲလ်ကော်မတီက ဆုရွေးချယ် ချီးမြှင့်လိုက်တာဟာ ကမ္ဘာ့ငြိမ်းချမ်းရေး ဖော်ဆောင်ရာမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍဟာ အရေးကြီးတဲ့နေရာမှာ ပါဝင်နေတာကို ပြသလိုက်တာလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောကြားလိုက်ပါတယ်။

XS
SM
MD
LG