သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၁ နိုဘဲလ် ငြိမ်းချမ်းရေးဆုပေးပွဲ ကျင်းပ


၂၀၁၁ ခုနှစ် နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်များဖြစ်ကြတဲ့ လိုက်ဘေးရီးယားသမ္မတ Ellen Johnson-Sirleaf (ဝဲ)၊ လိုက်ဘေးရီးယား ငြိမ်းချမ်းရေးလှုပ်ရှားသူ Leymah Gbowee (လယ်) နဲ့ ယီမင် လူ့အခွင့်အရေး လှုပ်ရှားသူ Tawakkol Karman (ယာ)။ (ဒီဇင်ဘာလ ၁၀၊ ၂၀၁၁)
၂၀၁၁ ခုနှစ် နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်များဖြစ်ကြတဲ့ လိုက်ဘေးရီးယားသမ္မတ Ellen Johnson-Sirleaf (ဝဲ)၊ လိုက်ဘေးရီးယား ငြိမ်းချမ်းရေးလှုပ်ရှားသူ Leymah Gbowee (လယ်) နဲ့ ယီမင် လူ့အခွင့်အရေး လှုပ်ရှားသူ Tawakkol Karman (ယာ)။ (ဒီဇင်ဘာလ ၁၀၊ ၂၀၁၁)

မတရားမှုတွေ၊ ဖိနှိပ်မှုတွေနဲ့ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ အတွက် ဆန့်ကျင်တိုက်ပွဲ ဝင်ခဲ့ကြတဲ့ ယီမင်နိုင်ငံက အမျိုးသမီးတစ်ဦးနဲ့ လိုက်ဘေးရီးယားနိုင်ငံက အမျိုးသမီးနှစ်ဦးကို ၂၀၁၁ ခုနှစ် ငြိမ်းချမ်းရေး နိုဘဲလ်ဆု ချီးမြှင့်လိုက်ပါတယ်။ ဆုချီးမြှင့်တဲ့အခမ်းအနားကို မနေ့က နော်ဝေနိုင်ငံ မြို့တော် အော်စလိုမှာ ကျင်းပခဲ့ပါတယ်။

လိုက်ဘေးရီးယားသမ္မတ အီလင်း ဂျွန်ဆင် ဆာလိဖ်၊ လိုက်ဘေးရီးယား ငြိမ်းချမ်းရေး လှုပ်ရှားသူ လီမက်ချ် ဂဘိုးဝီ နဲ့ ယီမင်အမျိုးသမီး အခွင့်အရေးလှုပ်ရှားသူ တဝါကူးလ် ကာမန် တို့ကို အော်စလိုမြို့တော်ခန်းမမှာ ငြိမ်းချမ်းရေး နိုဘဲလ်ဆုတွေ ချီးမြှင့်ခဲ့ပါတယ်။ အထွေထွေ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးနဲ့ အမျိုးသမီး တန်းတူအခွင့်အရေးတွေ အတွက် အခုဆုရခဲ့ကြတဲ့ အမျိုးသမီးတွေက သက်သေထူနေပါတယ်လို့ နော်ေ၀ နိုဘဲလ်ကော်မတီဥက္ကဋ္ဌက ပြောပါတယ်။

မစ္စစ်ဆာလိဖ်ဟာ အာဖရိကတိုက်မှာ ၂၀၀၅ ခုနှစ်တုန်းက ပထမဆုံး ဒီမိုကရေစီနည်းကျ ရွေးချယ် တင်မြှောက်ခံခဲ့ရတဲ့ အမျိုးသမီးသမ္မတ ဖြစ်ပါတယ်။ လိုက်ဘေးရီးယားနိုင်ငံက အမျိုးသမီးတွေရဲ့ ဘဝလုံခြုံပြီး မြင့်မားလာစေရေး၊ ငြိမ်းချမ်းရေးတို့အတွက် သူ့ရဲ့ဆောင်ရွက်မှုတွေအတွက် အများက ချီးကျူးတာကို ခံခဲ့ရတာပါ။

လီမက်ခ်ျ ဂဘိုးဝီ ကတော့ ၁၄ နှစ်ကြာ လိုက်ဘေးရီးယား ပြည်တွင်းစစ်အဆုံးသတ်ရေး အကြမ်းမဖက်တဲ့ နည်းလမ်းတွေနဲ့ ဆန္ဒပြဖော်ထုတ်တဲ့နေရာမှာ အမျိုးသမီးတွေ ပါဝင်လာအောင် ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။

တဝါကူးလ် ကာမန် ကတော့ ယီမင်နိုင်ငံက လူ့အခွင့်အရေး လှုပ်ရှားသူလည်း ဖြစ်ပြီး သတင်းသမား တစ်ဦးလည်း ဖြစ်ပါတယ်။ သူက အသက် ၃၂ နှစ်ပဲ ရှိသေးတာမို့ နိုဘဲလ်ငြိမ်းချမ်းရေး ဆုရှင်တွေထဲမှာ အသက်အငယ်ဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်သလို ပထမဆုံး အာရပ်အမျိုးသမီး နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်လည်း ဖြစ်ပါတယ်။ ယီမင်နိုင်ငံ ဒီမိုကရေစီရေးနဲ့ အမျိုးသမီး အခွင့်အရေး လှုပ်ရှားမှုတွေမှာ သူက ခေါင်းဆောင်တဲ့ နေရာတွေက ပါဝင်ခဲ့တာပါ။

အမေရိကန် ဒေါ်လာ ၁.၅ သန်းလောက် တန်တဲ့ ဆုချီးမြှင့်ငွေကို ဆုရရှိကြတဲ့ အမျိုးသမီးသုံးဦး ခွဲဝေယူကြရမှာ ဖြစ်ပါတယ်။

XS
SM
MD
LG